Friday, October 25, 2013

♥♥ အချစ် ♥♥ အချစ် ♥♥ အချစ် ♥♥



ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံနဲ့အတူ အိပ်စက်နေတဲ့ အသိဥာဏ်တွေ နိုးကြားလာချိန်ထိ ပျင်းကြောဆွဲရင်း မျက်စိနှစ်လုံးမဖွင့်ရသေးခင် အေးမိနှာခေါင်းကို ချဉ်စူးစူးအနံ့တခုက မိတ်ဆက်ပါတော့တယ်… သေချာပြီဒါဆိုရင်တော့ သင်း ညကခါတိုင်းလိုပဲ မူးရူးနေအောင်သောက်ပြီး အစပ်အဖာရာပြည့်နေတဲ့ ခြေထောင်ထဲ ကိုယ်တ၀က်ဝင် ကိုယ်တ၀က်အပြင်ထွက်နဲ့ အိပ်နေတယ်ဆိုတာ မျက်လုံးဖွင့်မကြည့်လဲ သိသပေါ့… အေးမိ သက်ပြင်းရှည်ကြီးကိုသာ တွင်တွင်ချရင်း အိမ်ဦးနတ်ဆိုတဲ့ မောင်မူးကို မှောင်မှောင်မဲမဲခွကျော်ရင်းက ဈေးရောင်းထွက်ဖို့ ပြင်ဆင်ရပါတော့တယ်… ရွာကနေ ဈေးကြီးပိုင်းကိုရောက်ဖို့ဆိုတာ ကားဂွန်ဒေါင်းစီးဖို့ တမေ့တမောစောင့်ရအုံးမှာမဟုတ်လား…

ဟိုရောက်တော့ ကိုယ့်ရွာနီးချုပ်စပ် စားတတ်သောက်တတ်တဲ့၊ လွယ်လွယ်မရနိုင်တဲ့ ဟင်းသီးဟင်းရွက်မျိုး၊ အလေးချိန်ခွင်မလိုပဲ တဆယ်သားတထုတ်စီထားတဲ့ သားငါးတွေ၊ ဟိုအိမ်ကမှာ ဒီအိမ်ကမှာထားတဲ့ ပစ္စည်းအတိုအစလေးတွေအားလုံးအပါဝယ်ပြီး ကိုယ့်ရွာကို ကားဂွန်ဒေါင်းစီးလို့ ပြန်လာ ရွာရောက်ပြန်တော့ ရွာရှေ့နောက်နှံ့ပြန့်အောင် ပါလာတဲ့ ကုန်လေးမြန်မြန် အရောင်းရစေဖို့ နေ့စဉ်လိုပဲ အားကုန်ရုန်းရတော့မပေါ့…

မရုန်းရင်လည်းမရချေဘူးလေ.. အေးမိမှာက လူမမယ်ရှေ့ဆင့်နောက်ဆင့် ကလေးနှစ်ယောက်ရယ်၊ ခုလက်ရှိဗိုက်တလုံးရယ် အတွက် ချွေးဒီဒီးကျပါစေ၊ မိုးရွာမရှောင်၊ နေပူမရှောင် သွားရလာရတာပါပဲ… ကံကောင်းတာတခုက သူများတကာ ကိုယ့်လို တောဈေးလိုက်ရောင်းရင် အမြတ်အစွန်းက ခပ်နည်းနည်းရယ်.. ကိုယ်ကတော့ အပြောအဆိုကြောင့်လား… ဗိုက်တလုံးနဲ့ရှာဖွေ စားသောက်နေရလို့လားမသိ အမြတ်ထက်ဝက်လောက်နီးနီးတင်တာတောင် နေ့တိုင်းကျန်တဲ့ကုန်ရယ်လို့ မရှိ…

ဒါလည်းကိုယ့်အကျိုးပေးနဲ့ကိုယ်ပဲမဟုတ်လား… တခါတခါ သွားရင်းလာရင်း ခေါင်းတွေတဖောက်ဖောက်ကိုက်၊ ဗိုက်က တစစ်စစ်နာလာတဲ့အခါလည်း ကိုယ့်ကိုအားပေးနေကြ ဖောက်သည်တယောက်ယောက်အိမ်ပေါက်ဝမှာ ခဏနားရင်း အနည်းအပါးတော့ ထိုင်ရောင်းရတာပဲ… အားလုံးရဲ့ စိတ်ဝင်စားမှုက အေးမိမှာယောက်ျားမရှိတော့ဘူးလားဆိုတာပဲ မေးနေကြ..

ရှိသပေါ့တော်… အေးမိယောက်ျားက သူ့ခေါင်းထဲမှာ အချိန်ပြည့်အေးမိကိုထားထားတာ… ချစ်လွန်းလို့တော့မဟုတ်ဘူး တော်ရေ့.. အေးမိဈေးရောင်းပြန်လာပီဆို သူ့အရက်ဖိုးက အေးမိလက်ထဲမှာလေ… ပြောရမယ်ဆိုရင်တော့ လူပျိုလူလွတ် အချိန်ကနေ စရတော့မပေါ့လေ… အေးမိတို့ရွာမှာ အေးမိယောက်ျားဖြစ်လာတော်မှုမဲ့ ကိုယ်တော်ချောက ကာလသားခေါင်း… ဘယ်ပွဲမဆို အေးမိလူက ပါလေရာငါးပိချက်ပဲ… ချောသမှ ခန့်သမှ ရွာက အပျိုတသိုက် တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ကြိတ်ကြိုက်ခဲ့ရတာပေါ့… ဒီအထဲမှာအေးမိကလည်း အပါအ၀င်… အနေကြာလာလေ အေးမိရောဂါကဖောက်လာရ လေလေပါပဲ… သူ့ကိုမရရင်ပဲ ချက်ချင်းသေသွားတော့မလိုလို…

နောက်တော့ အေးမိကိုယ့်အစွမ်းအစကိုယ်သုံးပြီး သူ့ကိုမရအရယူခဲ့တာ တရွာလုံးသိတဲ့အထိပဲ… သိတယ်မဟုတ်လား ထုံးစံအတိုင်းပေါ့.. သူမမျှော်လင့်ဘဲနဲ့ရသွားတော့လည်း အနည်းနဲ့အများပေါက်ကွဲရာကနေ အရည်လေးစွဲလာတယ်… နောက်တော့ ဘာအလုပ်အကိုင်မှ မယ်မယ်ရရမလုပ်တဲ့အပြင် အရည်ဝင်ရင်ဝင်သလောက် အေးမိကိုနှိပ်စက်တတ်လာတာပေါ့… ဒါပေမဲ့ သူကမူးနပ်ပါတော်… အပြင်အရက်ဆိုင်၊ ထန်းရည်ဆိုင်မှာ ဘယ်တော့မှ မူးပြဲနေအောင်မသောက်ဘူး… အဲ.. ကြွက်တွင်းဖြစ်လာတာလည်းပါမှာပေါ့လေ… ခြေလှမ်းမှန်မှန်အိမ်ပြန်ရောက်လာရင်တောင် သူ့ဝမ်းတ၀က်ကျော်လောက် ဟိုအရည်မျိုလာပြီဆိုတာ အေးမိသိတာပေါ့… အိမ်ရောက်တော့ ခါးမှာရော လက်မှာပါမပြတ်မလပ်အောင်သယ်လာတဲ့ ပုလင်းတွေချပြီး အကြိုက်ချတော့တာ…

အေးမိဈေးရောင်းရတဲ့ပိုက်ဆံတွေဆိုတာ စုမိဖို့ဝေလာဝေး… တနေ့လုပ်တနေ့စား နောက်နေ့အတွက်ပြန်ရင်းဖို့ကိုမနည်းဖဲ့လို့ ခြိုးခြံရတာ သူမသိဘူး… အချိန်တန်လို့ လိုတာမရရင် အော်မယ်၊ ငေါက်မယ်၊ ဆူမယ်၊ ဆဲမယ်… ဒါကြောင့်လည်း ပြောမနေတော့ပါဘူး… သူ့အတွက်သပ်သပ်ဖယ်ပြီးတော့ တခြားနေရာမှာသာ ကြည့်ကျပ်လုပ်ရတာချည်းပါပဲ… ဒီအကြောင်းတွေပြောရင် လူတွေကအေးမိကို သနားကြည့်နဲ့ကြည့်ကြတယ်… မခံချင်ပါဘူး အဲ့ဒီအကြည့်တွေ… မေးလို့သာ ပြန်ဖြေဖြစ်တာ ကိုယ့်ဘ၀နဲ့ကိုယ့်အကြောင်း ကိုယ်ရွေးခဲ့တဲ့လမ်းဖြောင့်အောင်တော့ လျှောက်ရမှာပဲမဟုတ်လား…

လူ့လောကထဲရောက်နေတဲ့ကလေးနှစ်ယောက်ကလည်း အရွယ်လေးတွေနည်းနည်းရလာတာနဲ့ ခိုင်းဖို့မပြင်ရသေးခင် အစားအသောက်က လူကြီးနီးပါးစားတတ်လာပြီ… တဖြည်းဖြည်းအရွယ်ရလေ ၀မ်းတွေကကျယ်လာလေဆိုရင်တော့ ခက်ရချည်ရဲ့… ဒီကြားထဲ ကိုယ့်လိုစာမတတ်ပေမတတ် အဖြစ်မခံနိုင်တော့ ကျောင်းကထားရပေအုံးမယ်…

ဒီကလေးနှစ်ယောက်ရဲ့ရှေ့ရေး၊ ဗိုက်ထဲက ကလေးအပြင်ထွက်ရေး၊ အရည်တမြမြဖြစ်နေတဲ့ အေးမိလင်တော်မောင်ရဲ့ သောက်ချင်သလောက်သောက်ရရေး… အို… ဒီအရေးတွေနဲ့တင် လုံးလည်လိုက်လို့… အေးမိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရဖို့ ဆုတော့တောင်းမိပါရဲ့… ဒါမှလည်း အားလုံးကိုခါးစောင်းတင် လုပ်ကျွေးနိုင်မှာမဟုတ်လား…

အတွေးတွေနဲ့ တနေကုန်ဈေးတောင်းခေါင်းရွက်အပြီး နေ့လည်ပြန်လာ ကလေးတွေစားဖို့ ပြင်ဆင်လုပ်ကိုင်ပေး… ဟင်းကျန်ရင်လည်းစား… မကျန်လည်းဖြစ်သလိုစားပြီး တနေကုန် တမိုးချုပ်တော့တာပါပဲ… နွေရာသီကကုန်မယ်ကျန်ကာရှိသေး မိုးရိပ်ကတက်လာပြီ… ဒီကလေးတွေနဲ့ အမိုးအကာမလုံခြုံမှုတွေနဲ့ဘယ်လိုတွေများ နှစ်ပါးသွားရပါ့မလဲလေ… လျှပ်စီးတွေ တလက်လက်ကြားမှာ ကလေးတွေကို သိပ်ရင်းက ပြန်မရောက်နိုင်သေးတဲ့လင်တော်မောင်ကို စောင့်ရတာလဲဝဋ်တမျိုး ပါကလား.. မိုးတွေကချိန်း၊ လျှပ်စီးတွေလက်နဲ့.. ဘုရား၊ ဘုရား ကံကောင်းထောက်မလို့ မိုးမရွာပါစေနဲ့အုံး…

မိုးကိုပူရတာတမျိုး၊ အရင်ကပြန်လာချိန်ရောက်သည်ထိ ပြန်မရောက်နိုင်သေးတဲ့ သကောင့်သားကို စောင့်ရတာမျိုးနဲ့ အေးမိတော့ ဘ၀ကိုတဖြေးဖြေးစိတ်နာလာမိတာပါပဲ… စောင့်ရင်းစောင့်ရင်း သေချာမအိပ်ဖြစ်…ကြက်အိပ်၊ ကြက်နိုးနဲ့ မနက်မိုးလင်းစပြုလာပြီပေါ့… ခါတိုင်းလိုဈေးတောင်းကိုင်မိပေမဲ့ သင်းပြန်မလာပုံထောက်ရင် ဘယ်မှာများခွေနေလို့ပါလိမ့်.. ဒါပေမဲ့သူတခါမှဒီလိုညအိပ်ညနေလည်းမပျောက်ဘူး… အိမ်ပြင်မှာ ခွေလောက်တဲ့အထိလည်းမသောက်လေ တော့.. အသက်အန္တရာယ်တခုခုများ.. အို… အေးမိဘာတွေတွေးနေမိပါလိမ့်… အတွေးတွေနဲ့ ထန်းရည်ဆိုင်တဲသွားနှိုး၊ မရှိ…

အရက်ဆိုင်ဘက်လှည့် ဟိုလူ့တဆင့်၊ ဒီလူ့တဆင့်လိုက်ရာကမှာ သိလိုက်ရတာက အေးမိချစ်လင်ကိုတာတေတယောက် ညက မိန်းမခိုးပြေးသွားတယ်ဆိုပါကလား… ရင်ဘတ်စည်တီးအံ့သြလိုက်ရတဲ့အဖြစ်… ကိုယ့်လင်ဘယ်ခြေလှမ်းလှမ်းလို့လှမ်းမှန်းမသိ တဲ့အေးမိအပြစ်ပဲလား… ဟန်ပန်မပျက်အေးအေးဆေးဆေး အရက်ချိုးကပ်နေတဲ့ လင်တော်မောင်ရဲ့ စွဲဆောင်မှုကြောင့်လား… မိန်းမငုတ်တုတ်ရှိမှန်းသိသိရက်နဲ့ ကြာခိုချင်တဲ့ တရွာတည်းနေ ဆပ်စလူးမရဲ့ အကြောထမှုကြောင့်လား… အေးမိကို တသက်လုံး ဒုက္ခပေးခဲ့တဲ့ အိမ်ဦးနတ်ကြီး ခုတော့အချစ်နဲ့တည့်တည့်တွေ့သွားပြီထင်ပါရဲ့… အေးမိမှာတော့ အချစ်ဆိုရင် ဝေးဝေးကရှောင်ချင်တာ သူ့သင်ခန်းစာတွေကို ကျေညက်ကတည်းကဆိုပါတော့ …

အေးမိလေ သူ့ကိုအပူဇောကပ်ပြီး လိုက်ရှာနေရသလောက် ဒိသတင်းကြားရတော့ ပူဆွေးဝမ်းနည်းခြင်းထက် တာဝန်တခုပေါ့သွားသလို… အင်း.. နောက်နေ့ကစလို့ မနက်စောစော အေးမိရနေကျ ချဉ်စူးစူးအနံ့ရှုရခြင်းက ဝေးပြီ… ဗိုက်တလုံးကို ဂရုစိုက်ဖို့ထက် ဒင်းအရည်ကျဖို့ ရွာရိုးကိုးပေါက်လျှောက်ရင်း ရလာတဲ့ငွေထက်ဝက်ကျော်ကို အရက်ဖိုးပေး ရခြင်းက ဝေးပြီ… ခေါင်းထဲမှာ လူမမယ်ကလေးတွေ၊ ဗိုက်ထဲကကလေးငယ်အတွက် အပီအပြင်ဖို့မဲ့စိတ်ကူးတွေက အရောင်လက်လာပြီ… ဒီတိုင်းဆို အေးမိခေါင်းပေါ် ဈေးတောင်းတင်နိုင်သမျှ ကလေးတွေပညာတတ်ကြီးတွေဖြစ်ဖို့ ရာနှုန်းပြည့်သေချာနေပြီ… ရတာလေးတွေစုရင်း အိမ်ကောင်းတဆောင်ဖြစ်အောင်လည်း မွမ်းမံလို့ရချေပြီမဟုတ်လား.. နောက်ဆိုအေးမိတို့က ပညာတတ်ကလေးသုံးယောက်နဲ့ အိမ်တဆောင်မီးတပြောင်နဲ့ အိုဇာတာကောင်းရချည်သေးရဲ့…

အတွေးတွေနဲ့အတူ အေးမိခြေလှမ်းတွေကလည်း သွက်လို့ အပြုံးတွေကလည်းပိပြင်လို့ ဒီအချိန်မှာ ဒင်းတို့ချစ်ခရီးလမ်းစအတွက် ပျော်တဲ့အပျော်နဲ့ အေးမိကနောင်ရေးအတွက် ပျော်တဲ့အပျော် ဘယ်ဟာက ပိုသာလိမ့်မတုန်း… အေးမိတို့ သူမတူအောင် ပျော်လိုက်တာမှ ဗိုက်နဲ့မို့ပေါ့တော်… ဗိုက်သာမရှိရင် ထတောင်ကလိုက်ချင်သေးရဲ့…

(ရေကြည်သူရဲ့ စိတ်ကူးတည်ရာ ဇာတ်အိမ်တခုအပေါ် ရေးသားပုံဖော်ချက်မှာ အကြောင်းမညီညွတ်ခြင်း၊ အဓိပ္ပါယ်လွဲမှားခြင်းများဖြစ်ခဲ့မယ်ဆိုရင် စာရေးသားမှု လိုအပ်ချက်ကြောင့်သာဖြစ်သဖြင့် နားလည်ခွှင့်လွှတ်ပေးစေချင်ပါသည်။ ကျေးဇူးတင်ပါတယ်ရှင့်)

ရေကြည်သူ

0 comments:

Post a Comment