ကိုလိုနီခောတ်အချိန်ကာလ၊ အိန္ဒိယနိုင်ငံတွင် ကိုလိုနီအရာရှိကြီးတစ်ဦးနှင့် သူ၏ဇနီးသည်တို့သည် ညစာစားပွဲပါတီတစ်ခု အကြီးအကျယ် ကျင်းပပေးလျှက်ရှိနေ၏။ ညစာစားပွဲသို့ စစ်မှုထမ်းအရာရှိကြီးများ၊ သံတမန်များနှင့် သူတို့၏ဇနီးသည်များနှင့်အတူ အမေရိကန်သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးပါ တက်ရောက်လျှက်ရှိ၏။ ညစာစားပွဲ ခန်းမကြီး၏ကြမ်းပြင်ကို ကြွေပြားများဖြင့် ခင်းထား၍ တဖိတ်ဖိတ်တောက်ပနေ၏။ ခန်းမကျယ်ကြီးမှ ၀ရန်တာအထိ ထွင်းပေါက်မြင်နေရသည့် မှန်တံခါးချပ်ကြီးများနှင့် မျက်နှာကြက်မှကျနေသည့် ကနုတ်ပန်းဆွဲများက ညစာစားပွဲကျင်းပနေသည့် ခန်းမဆောင်ကြီးကို ပိုမို၍ လှပတင့်တယ်စေရန် ပံ့ပိုးပေးနေသည်။
ထိုအချိန်တွင်
အမျိုးသမီးငယ်တစ်ဦးနှင့် ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးတို့သည်
စိတ်အားထက်သန်စွာဖြင့် အကြောင်းအရာတစ်ခုကို အခြေအတင် ပြောနေကြသည့်အသံက
ခန်းမတစ်နေရာမှ ပေါ်ထွက်လာ၏။
“ ကြွက်ကိုမြင်ရင် မိန်းကလေးတွေ လန့်ဖျတ်ပြီး ကုလားထိုင်ပေါ် ခုန်တက်တဲ့ခေတ်က ကုန်သွားပြီ ဗိုလ်မှူးကြီးရဲ့..”
အမျိုးသမီးငယ်က
ဤသို့ပြောလိုက်လျှင် ဗိုလ်မှူးကြီးဆိုသူက “ ဒီမယ် မိန်းကလေး.. ဒါက
မဖြစ်နိုင်ဘူးကွဲ့၊ မိန်းမတစ်ယောက်ဟာ ရုတ်တရက် တစ်ခုခုကို
ရင်ဆိုင်ကြုံလိုက်ရတာနဲ့ ထိတ်လန့်စိတ်နဲ့ လန့်အော်မိတတ်ကြစမြဲပါ၊ သူတို့
ဘယ်လိုမဆို အော်မိကြမှာပဲ၊ အင်း.. ယောကျာ်းတစ်ယောက်ကတော့ လန့်သွားခဲ့မယ်
ဆိုရင်တောင် သူတို့ခံစားချက်တွေကို မိန်းမတွေထက် အနည်းငယ်ပိုပြီး
ထိန်းချုပ်နိုင်ကြတယ်၊ အဲ့ဒီ အနည်းငယ်ဆိုတာလေးကပဲ အဓိကကျတာ မဟုတ်ဖူးလား..”
ဟု ပြန်လည် တုန့်ပြန်လိုက်၏။
ထိုသို့ အငြင်းပွားချိန်တွင်
အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင်လေ့လာသူက သူတို့၏ အငြင်းအခုန်ပွဲသို့
ဝင်ရောက်ပါဝင်ခြင်းမရှိပဲ အခြားဧည့်သည်များနည်းတူ စိတ်ဝင်တ စားသာ
စောင့်ကြည့်နား ထောင်လျှက်ရှိ၏။ ထိုစဉ် သူ့အကြည့်က ခန်းမအတွင်းတစ်နေ ရာတွင်
ရှိနေသည့် အိမ်ရှင်အမျိုးသမီးကြီး၏ မျက်နှာပေါ်သို့ ရောက်သွား၏။
ထိုအိမ်ရှင်မ၏ မျက်နှာပေါ်တွင် ထူးခြားသည့် အရိပ်အယောင်အချို့
ဖြတ်သန်းသွားသည်ကို သူ သတိထားမိလိုက်၏။ အမျိုးသမီးကြီးသည် ရှေ့တူရှူသို့
မလှုပ်မယှက်ကြည့်နေရင်းမှ မင်တက် လျှက်ရှိနေပြီး သူ၏မျက်နှာပေါ်ရှိ
အကြောအချဉ်များကမူ မသိမသာ ခပ်ပါးပါးလေး လှုပ်ရှား သွား၏။ ထို့နောက်
အမျိုးသမီးကြီးသည် သူ့ကုလားထိုင်၏ အနောက်တွင် ရပ်လျှက်ရှိနေ သည့်
အိန္ဒိယနွယ်ဖွား လူငယ်လေးအား လက်ဖြင့် အသာအယာယပ်ခေါ်၍
တီးတိုးစကားပြော လိုက် သည်ကို မြင်လိုက်ရပြန်၏။ အမျိုးသမီးကြီး၏
တီးတိုးစကားကို နားထောင်နေသည့် အိန္ဒိယနွယ်ဖွား လူငယ်လေး၏မျက်လုံးများသည်
ပြူးကျယ်ဝိုင်းစက်သွားပြီးနောက် အခန်းထဲမှ ချက်ချင်းပင် ထွက်သွားသည်ကို
တွေ့လိုက်ရပြန်သည်။
တစ်ခဏအကြာတွင်
အိန္ဒိယနွယ်ဖွားလူငယ်လေးသည် နို့ထည့်ထားသည့်ဇလုံတစ်လုံးကို သယ်ဆောင်လာ၏။
သူသည် ဟင်းလင်းဖွင့်ထားသည့်ခန်းမကျယ်ကြီးကို ကျော်ဖြတ်ပြီး၊
ဝရန် တာသို့သွားကာ ၀ရန်တာ ကြမ်းခင်းပေါ်တွင် နို့ဇလုံကို ချထားလိုက်၏။ ဤသို့
ဖြစ်ပျက်သမျှကို အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင် လေ့လာသူမှလွဲ၍
ခန်းမအတွင်းရှိ အခြားမည်သူ တစ် ဦးတစ်ယောက်ကမျှ
သတိပြုရိပ်စားမိလိုက်ခြင်းမရှိပေ။
အမေရိကန်လူမျိုးသဘာဝပတ်ဝန်းကျင်လေ့လာသူသည် စတင်၍ လှုပ်ရှားလိုက်၏။
အိန္ဒိယနိုင်ငံတွင် နို့ထည့်ထားသည့်ဇလုံဆိုသည်မှာ မြွေကိုအစာကျွေးရန်အတွက်သာ
ဖြစ်နိုင်သည်ဟု သူသိနားလည်ထားသည်။ သို့ဖြစ်၍ ဤအခန်းထဲတွင်
မြွေဟောက်တစ်ကောင်တော့ မုချရှိနေမည်ဟု ယူဆလိုက်သည်။ သူသည်
မြွေဟောက်ရှိနေနိုင်သည့်နေရာဟု ယူဆရသည့် မျက်နှာကြက်မှ
ကနုတ်ပန်းဆွဲနေရာသို့ ကြည့်လိုက်သော်လည်း ဘာမျှမရှိပေ။ ရှင်းလင်းလျှက်ရှိ၏။
ခန်းမ၏ထောင့်သုံးထောင့်သို့ ကြည့်လိုက်ရာတွင်လည်း ဘာမျှမရှိ။
ရှင်းနေပြန်၏။ စတုတ္ထထောင့်တွင်မူ အစေခံများက နောက်ထပ်စားစရာတစ်မျိုးဖြင့်
ဧည့်ခံရန်အတွက် အသင့်စောင့်ဆိုင်းနေကြ၏။ အကယ်၍ မြွေများ
ခိုအောင်းနေခဲ့မည်ဆိုလျှင် ထိုထောင့်၏ စားပွဲအောက် တစ်နေရာသာ
ကျန်နေနိုင်တော့သည်ဟု သူတွေးမိလိုက်၏။
ထို့ကြောင့် ချက်ချင်းနောက်သို့
ခုန်ဆုတ်လိုက်ပြီး ထိုစားပွဲအောက်တွင် မြွေတစ်ကောင်
ခိုအောင်းနေနိုင်ကြောင်း အခြားသူများဆီသို့ အသိပေးရန် သူစဉ်းစားမိလိုက်၏။
သို့သော် ထို သို့ဆိုလျှင် တစ်ခန်းလုံးရှိလူများသိသွားပြီး ရုတ်ရုတ်သဲသဲ
ထိတ်လန့်သွားကြပါက ခိုအောင်းနေ သည့် မြွေကို ခြောက်လှန့်လိုက်သလိုဖြစ်ကာ၊
နီးရာလူတစ်ယောက်ယောက်
မြွေကိုက်ခံလိုက်ရနိုင်ကြောင်း သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ခပ်မြန်မြန် ပြောချ လိုက်၏။ ခန်းမအတွင်းရှိ လူအားလုံးသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြောနေသည့် သူ့အသံ
မြွေကိုက်ခံလိုက်ရနိုင်ကြောင်း သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ခပ်မြန်မြန် ပြောချ လိုက်၏။ ခန်းမအတွင်းရှိ လူအားလုံးသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြောနေသည့် သူ့အသံ
အောက်တွင် ဖမ်းစားခြင်းခံလိုက်ရ၏။
“အားလုံးနားထောင်ပေးပါ..၊ ခန်းမထဲက
လူတိုင်း ကိုယ့်စားပွဲနေရာမှာ ငြိမ်ငြိမ်သက် သက်လေးနေပေးပါ၊ ကျွန်တော်က
နံပါတ်တွေကို တစ်ကနေ သုံးရာအထိ ရေတွက်ပါမယ်၊ ငါးမိနစ်လောက်တော့
ကြာနိုင်ပါတယ်၊ အဲ့ဒီအချိန်မှာ ကျေးဇူးပြုပြီး
လူကြီးမင်းတို့ရဲ့ကြွက် သားလေးတောင်မှ မလှုပ်ရှားမိပါစေနဲ့၊ အဲ့ဒီလိုမဟုတ်ပဲ
လှုပ်ရှားမိလိုက်မယ် ဆိုရင် အဲ့ဒီလူက ဒဏ်ကြေး ရူပီးငွေငါးဆယ် ပေးဆောင်ရမယ်၊
ကဲ… စပြီ..”
ရုတ်တရက်
အမေရိကန်လူမျိုးသဘာဝပတ်ဝန်းကျင်လေ့လာသူက ပြောပြောဆိုဆို နံပတ်များကို
စတင်၍ ရေတွက်လိုက်ရာ၊ ခန်းမတစ်ခုလုံး ထိုသူ၏ နံပတ်ရေတွက်သံမှလွဲ၍
တိတ်ဆိတ်လျှက်ရှိ၏။ ထိုသူ ရေတွက်နေစဉ် ခန်းမထဲတွင်ရှိနေသည့်
လူအယောက်နှစ်ဆယ် သည် ကျောက်တုံးများချထားဘိသကဲ့သို့ မလှုပ်မယှက်ဖြင့်
နေရာတွင် ရှိနေကြ၏။
“ တစ်… နှစ်.. သုံး…………………… ”
ထိုသူ ရေတွက်နေရသည့် အကြောင်းရင်းကို အားလုံးက ဂဃဏန မသိ။
တစ်ခုခုတော့ အရေးကြီးနေမှန်း ရိပ်စားမိနေကြပြီ။ သို့ဖြင့် အားလုံးက
ရေတွက်သံပြီးဆုံးသွားသည်အထိ မလှုပ်မယှက်ဖြင့်သာ ငြိမ်သက်နားထောင်လျှက်ရှိ၏။
တဖြည်းဖြည်းနှင့် ရေတွက်လာလိုက်သည် မှာ သုံးရာနားပင် နီးလာချေပြီ။“ နှစ်ရာ့ခွန်နှဆယ့်ရှစ်..”
“ နှစ်ရာ့ခွန်နှဆယ့်ကိုး…”
“ နှစ်ရာ့ရှစ်ဆယ်…”
ရတွက်နေရာမှ
နှစ်ရာ့ရှစ်ဆယ်သို့ ရောက်ချိန်တွင် မြွေဟောက်တစ်ကောင်သည် ခန်းမအတွင်း
တစ်နေရာမှ တရွေ့ရွေ့ထွက်လာကာ ၀ရန်တာရှိ နို့ဇလုံရှိရာသို့ တရွေ့ရွေ့
သွားနေသည်ကို ထိုသူ၏မျက်လုံး ထောင့်စွန်းမှ တွေ့မြင်လိုက်ရ၏။ အထိတ်တ လန့် အော် ဟစ်သံများ ခန်းမထဲတွင် ပေါ်ထွက်လာ၏။ သူက နေရာမှ ခုန်ထွက်လိုက်ပြီး
ဝရန်တာ သို့ မြွေရောက်သွားသည်နှင့် ၀ရန်တာသို့ကူးသည့် တံခါးမကြီးဆီသို့
သွားကာ တံခါးမကြီးကို ၀ုန်းခနဲမြည်အောင် သေချာစွာ ပိတ်လိုက်၏။
“ ဗိုလ်မှူးကြီး..
ခုနက ခင်ဗျားပြောခဲ့တာ အမှန်ပဲဗျ ” ဟု အိမ်ရှင် အမျိုးသား ကြီးက ကျေနပ်စွာ
ပြောလိုက်၏။ သူက ဆက်၍ “ အခုပဲကြည့်လေ.. ယောကျာ်းတွေဟာ တ ကယ်တမ်း
ဘေးအန္တရာယ်ရင်ဆိုင်တွေ့လာရင် စိတ်အေးအေးထားပြီး ဘယ်လိုလှလှပပ
ထိန်းချုပ်သွားခဲ့တယ်ဆိုတာ အခုဖြစ်တဲ့ အဖြစ်အပျက်က စံနမူနာပဲဗျ..”
ထိုအချိန်တွင် နားထောင်နေသည့်
အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင် လေ့လာသူက မနေနိုင်တော့ပဲ “ ခဏလေး… ခဏလေး
ခင်ဗျ ..” ဟု ပြောလက်စကို လှမ်းတားလိုက်ပြီး အိမ်ရှင်အမျိုးသမီးကြီးဘက်သို့
လှည့်၍ “ မစ္စက်ဝိန်း… ဒီမြွေဟောက်က ခန်းမထဲမှာရှိနေတာကို အစ်မဘယ်လိုများ
သိနေပါသလဲခင်ဗျာ” ဟု ကြားဖြတ်၍ မေးလိုက်၏။
ထိုမေးခွန်းကြောင့်
အိမ်ရှင်အမျိုးသမီးကြီး၏ မျက်နှာပေါ်တွင် ခပ်ပါးပါး အပြုံးတစ်စ
ဖြတ်သန်းသွားသည်ကို ခန်းမအတွင်းရှိနေသူအားလုံး တွေ့မြင်လိုက်ရ၏။ ထို့နောက်
အိမ်ရှင် အမျိုးသမီးကြီးက မေးခွန်းကို အပြုံးမြမြဖြင့် အဖြေပေးလိုက်၏။
“ ဒီလိုရှင့်…. မြွေဟောက်က ကျွန်မရဲ့ခြေဖမိုးပေါ်ကနေ ကျော်ဖြတ်ပြီးမှ ၀ရန်တာကို ထွက်သွားခဲ့တာလေ.. ”
အိမ်ရှင်အမျိုးသမီးကြီး၏စကားအဆုံး ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင်
တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မတော့ ခန်းမအတွင်းရှိ အမျိုးသမီးများအားလုံး၏
နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးစများ အပြိုင်းအရိုင်း ခိုတွယ်လာတော့သည်။
(
ဝန်ခံချက် – Mona Gardner၏ The Dinner Partyကို ဆီလျော်အောင် ဘာသာပြန်ဆို၍
အချို့နေရာများတွင် အနည်းငယ် ဖြည့်စွက်ရေးသားထားပါသည်။)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment