Monday, October 21, 2013

" ဘော်ဒါကြီး "

Photo
သိုက်နန်းရှင်တို့ အိမ်မှာ အကိုအကြီးဆုံး အတိုကောက်ပဲပြောမယ်နော် ကျော်
ပြီးတော့ သိုက်သိုက်နာမည်က .................................................ဇင်
သိုက်သိုက်အောက်က ..........................................................စု
စုပြီးတော့..........................................................................အိ
အိပြီးတော့..........................................................................ခက်၊ အားလုံး မိန်းခလေးလေးယောက် ယောက်ျားလေးတယောက်အိမ်မှာရှိတယ်။
အကိုကြီးနဲ့ဇင်က ကိုယ်ပိုင်အလုပ်လုပ်တယ်၊ ကျန်တဲ့ညီအမတွေက သူများအလုပ်လုပ်တယ် မနက်မိုးလင်းပြီးဆို ကိုးနာရီနောက်ဆုံးပဲ
အလုပ်ကို သွားကြရတယ်။ တဦးခြင်းဆီကြုံရတာလေးတွေကိုပြောပြမယ်နော်။ အကိုကြီးကတော့ သူ့ညီမတွေ ကြောက်မှာစိုးလို့ ဘာမှတော့သူ့အတွေ့ အကြုံကိုမပြောပြပေမယ့် တို့တတွေပြောရင်တော့ လုံးဝထောက်ခံတယ်။ အားလုံးတညီတညွတ်ထဲ နာမည်ပေးထားကြတဲ့ သူမရဲ့နာမည်က " ဘော်ဒါကြီး "
အငယ်ဆုံးလေးကနေစပြောပြမယ် အိ
သူကအရမ်းကြောက်တက်တယ် အိမ်မှာနေရင် အပြင်တံခါး သံပန်း အတွင်းလော့အကုန်ပိတ် သူတယောက်တည်းရှိရင်အဲ့လိုနေတာ၊
သူက ဖုန်းကလိမယ်၊ အိမ်အလုပ်လုပ်ရင်သိပ်ကြာတာ သူများတနာရီပြီးရင် သူကသုံးနာရီပဲ၊ သူ ဘော်ဒါကြီးအကြောင်းကိုမသိခင်ကပေါ့၊ သူက အဲ့လိုတံခါးတွေပိတ်ပြီးနောက်ဖေးခန်းမှာ လုပ်စရာရှိတာတွေလုပ်နေရင်
အိမ်ရှေ့တံခါးကို လာလာခေါက်တာတဲ့..သူက အတွင်းလော့ပါ ချထားတာလေ..သူ့မှာ ထွက်ချောင်းကြည့်လိုက် ဘယ်သူမှမရှိလိုက်၊
ဟော နောက်တခါထပ်ခေါက်လိုက် အပြင်သံပန်း ဂျလောင်းဂျလောင်းလုပ်လိုက် ထွက်ကြည့်လိုက်၊ ဘယ်သူလာစတယ်မသိထင်လို့ ပြန်ဝင်လာလိုက်၊ ပြန်တံခါးခေါက်သံကြားလိုက်ပြန်ထွက်ကြည့်လိုက်နဲ့ သူ့ကိုဘော်ဒါကြီးကစတာလေ အရင့်အရင် ဆန်းဒေးတွေဆို
သူက ဘယ်မှ မသွားဘူး အိမ်အလုပ်တွေ တနေကုန်လုပ်၊ တယောက်တည်းနေ အဲ့လိုနေတာ၊ သိပြီးပြီးလည်းနောက်ရော
ဆန်းဒေးတိုင်း ညီအမတွေ သွားသမျှနောက်ကိုဖုန်းကလိရင်းလိုက်တော့တာပဲ၊ ရုပ်ရှင်လည်း မကြည့် ဖုန်းကလိ၊ ဗိုင်ဘာကလိ၊
ဂိမ်းဆော့အဲ့လိုနေတော့တာ၊ အရင် ညည့်နက် တနာရီလောက်အထိ တကုတ်ကုတ် မီးဖိုဆောင်ထဲချက်တာပြုတ်တာလည်း
မလုပ်တော့ဘူး၊ လိမ္မာသွားတာဟိဟိ...အလုပ်ကပြန်လာတဲ့ညနေပိုင်းလည်း အိမ်မှာများ ဘယ်သူမှပြန်မရောက်သေးလို့ကတော့
ချက်ချင်းအောက်ပြန်ပြေးဆင်းပြီး မုန့်ပတ်လျှောက်စားနေတာ၊ နောက်ပိုင်းတော့ အိမ်မှာဘယ်သူရှိလည်းဖုန်းအရင်ဆက်ပြီးမှသေချာမှ အိမ်ပေါ်တက်လာတော့တာ၊ ဒါက အိလေးကို စတဲ့အဖြစ်

ဒုတိယက ခက်
ခက်ကကျတော့ တမျိုး သူက ဘုရားတရားအရမ်းလုပ်တာ၊ သူ့အလုပ်က ကိုးနာရီအိမ်ကထွက်ရတယ်၊ ဒါဆိုရင် သူကရှစ်နာရီဆို
အားလုံးပြီးအောင်လုပ်ပြီး ဘုရားရှိခိုးတာ တနာရီလောက်အချိန်ယူရတယ်၊ တခါတလေ အဲ့လောက်အချိန်တောင် အတိုချုံ့ရှိခိုးရတယ်လို့သူပြောတယ်၊ ဟုတ်လောက်တယ် သူရှိခိုးတာကြားတာတော့ ခင်ပွန်းကြီးဆယ်ပါးပြစ်မှားမိခဲ့ရင် ထိုအပြစ်တို့မှ ခွင့်လွှတ်ပါရန်ဘုရားတပည့်တော် ရိုသေစွားလျှောက်ထားပါသည် ဘာညာ ဘာညာ အများကြီးပဲ၊ ပြီးတော့ ပရိတ်ကြီး ၁၁ သုတ်ကိုလည်း ရေလည်ရွတ်တာ တနေ့မှ မပြတ်ဘူး။ သူကြုံရတာကကျတော့ သူဘုရားရှိခိုးနေပြီဆိုရင် သူ့အနောက်မှာ တယောက်ယောက်ကြည့်နေသလိုခံစားရတယ်တဲ့၊ ရှိခိုးပြီးပြီဆိုတာနဲ့ ခေါင်းလောင်းက တချွင်ချွင်မြည်တော့တာပဲ၊ အဲ့ဒိခေါင်းလောင်းက အောက်ထပ်ကနေလည်း ဘယ်လိုမှ ဆွဲလို့မရတဲ့အနေအထားပြတ်နေပြီး အပေါ်ကဆိုလည်း ကိုယ့်ဘာသာလက်နဲ့သွားဆွဲမှသာ အသံမြည်မှာ မသုံးတာအလွန်ကြာ တဲ့ခေါင်းလောင်း အမြဲမြည်တက်တယ်တဲ့၊ သူကအဲ့လိုကြားတိုင်းလည်း မကျွတ်မလွတ်ဘာညာကွာကွတွေကို ထပ်မေတ္တာပို့တာပေါ့လေ၊ သူနောက်မီးဖိုဆောင်မှာ ဟင်းချက်ပြီဆိုရင် အိမ်သားတယောက်ယောက်လာခေါ်သလို " ခက်ရေ ခက်ရေ " အဲ့လိုခေါ်တာ သူက တယောက်ယောက်ပြန်လာပြီအထင်နဲ့ အေးငါဟင်းချက်နေတာဆိုပြီး အိမ်ရှေ့ထွက်ကြည့် ဘယ်သူမှ ပြန်လာတာမဟုတ်သူလည်း
အရင့်အရင်ကတော့ သို့လောလောပေါ့လေ ညီအမတွေ စကားမဆုံခင်အထိပေါ့

အကိုကြီး ကျတော့တမျိုး
သူက သူ့အလုပ်တွေအဆင်ပြေအောင်နဲ့ နောက်ပိုင်းကျွန်မတို့နဲ့ ပရဟိတလုပ်ငန်းတွေလုပ်လာတော့ ဘုရားစာဆိုတာ သေသေချာချာရွတ်ဖတ်သင့်တဲ့နေရာတွေရှိလာတော့ သူက ဘုရားစာအုပ်တွေ မြန်မာအသံထွက်ဘာသာပြန်ထားတာတွေဝယ်ပြီး မိုးလင်းပြီဆိုတာနဲ့ ခက်ဘုရားရှိခိုးပြီးရင် သူ့အလှည့်ပဲ၊ ရွတ်တော့တာပဲ၊ တခါတခါ ကိုယ်ဝန်သည်မွေးဖွားလွယ်တဲ့သုတ်ကြီးပဲ သုံးခေါက်လောက်ရွတ်နေလို့ ကျွန်မကပြောရတယ်၊ တခြား မင်္ဂလသုတ်၊ ဘာသုတ် ညာသုတ် အဲ့ဒါတွေလည်းပြောင်းရွတ်ဦးလေလို့၊ နတ်တွေပင့် ဘာတွေညာတွေ ကောင်းတာတွေ အကုန်အိမ်ပင့် ခက်ကပင့်လိုက်၊ သူကပင့်လိုက် ..အံမယ်ဟုတ်လို့ပဲ ပထမတော့ ကြည့်ဖတ်တာဆိုတော့အဆင်မပြေဘူးပေါ့လေ၊နောက်ပိုင်းလည်းကျရော သူ့ဘာသူဟုတ်သွားရော၊ ကျွန်မကခက်ကိုပြောရတယ်
နောက်ပိုင်းသိပြီးမှပါ နင်တို့တွေ နတ်တွေသိကြားဗြဟ္မာတွေပင့်ပြီး ပြန်ရောပို့ကြရဲ့လားလို့၊ ပြီင်္းတော့ ဒီသုတ္တံတွေက အမြဲရွတ်ဖတ်နေရင် သိကြားမင်းတောင် ကျောက်ဖျာပူတယ်လို့ငါကြားဖူးတယ်နော် လျှော့ရွတ်ကြ၊ ရွတ်ကောင်းကောင်းနဲ့လုပ်မနေကြနဲ့၊ ငါဘာလို့အဲ့လိုပြောလည်းဆိုတော့ အကြောင်းရှိတယ်ဆိုပြီး ကျွန်မကြုံရတာတွေပါ သူတို့ကိုပဲ ကျွန်မကငါတို့အိမ်မှာ တခုခုရှိနေပြီလို့ အစဖော်ပြီး ပြောရတော့တာပါပဲ။

သိုက်သိုက်ရဲ့အတွေ့ အကြုံ
လောကမှာ ဘုရားတရားအရမ်းလုပ်လို့ မယူတက်တော့ စိတ်ရှုပ်စရာတွေအပြည့်အ၀ ရနေတဲ့သူကိုပြပါဆိုရင် ဇင် ( ခေါ် ) သိုက်သိုက်ပါပဲ။ ကျွန်မက အလုပ်တခုလုပ်ရင် မရှုံးချင်သလို သေချာလည်း စဉ်းစားပြီးမှ လုပ်တက်တော့ ခေါင်းရှုပ်တယ်ပေါ့၊
ခေါင်းရှင်းချင်တဲ့သူ ခေါင်းရှုပ်တဲ့အလုပ်တွေလုပ်ရတော့ ကျွန်မစိတ်ပင်ပန်းတော့တာပေါ့၊ တခါတလေဆို ကျွန်မ တယောက်တည်းအိမ်မှာနေရတဲ့ရက်တွေရှိတယ်၊ ဖုန်းနဲ့အလုပ်လုပ်ပေါ့ အဲ့လိုနေ့တွေဆို ကျွန်မ ဘုရားတရားအရမ်းလုပ်လို့လား
မနက်ပိုင်းအလုပ်မသွားခင် ရွတ်ဖတ်သွားကြတဲ့သူတွေရဲ့ အစွမ်းတွေပဲပြတာလား၊ ကျွန်မဘော်ဒါကြီးကို ရိပ်ခနဲရိပ်ခနဲမြင်ရတက်တယ်။ သူမက ခပ်ပိန်ပိန်ပါးပါးမိန်းမပျိုတယောက် ဆိုတာတော့သိတယ်၊ ကျွန်မ နောက်မှာ ဟင်းချက်နေရင် အဲ့လိုပဲ တံခါးခေါက်တယ်၊ အိမ်သားတိုင်းသော့ရှိနေတာ သူ့ဘာသာဖွင့်ဝင်နိုင်ကြတယ်၊ ပြီးတော့ ကျွန်မဘော်ဒါတွေဆိုလည်း ဖုန်းအရင်ဆက်ပြီးမှ လာကြမှာ၊ တစိမ်းဆိုလည်း ကျွန်မတို့အခန်းကိုရောက်ဖို့ သော့ခတ်ထားတဲ့သံပန်းတခုကို သော့မပါပဲဘယ်လိုမှ ဖြတ်ကျော်လို့မရဘူး။ အခန်းနီးနားခြင်းဆိုလည်း ကိုယ့်အခန်းလာခေါက်မှတော့ အကူအညီတခုခုတောင်းဖို့ပြောစရာတခုခုရှိလို့မဟုတ်ရင် တခြားအထွေအထူးမရှိဘူးလေ၊ အဲ့ဒါတွေလည်း ကျွန်မက မကြားချင်တော့ လူမရှိသလိုပဲနေတယ်အေးရော၊ သွားဖွင့်ကြည့်တာတွေဘာတွေ မလုပ်ဘူး၊ အဲ့လိုစိတ်ပုပ်တာ ဟိဟိ၊ အိမ်ရှေ့တံခါးမရတော့ မီးဖိုခန်းတံခါးကို တဒုံးဒုံးလုပ်တယ်၊
တံခါးတွေကို ဖွင့်လိုက်ပိတ်လိုက်လုပ်တယ်၊ အဲ့လောက်ဆိုတော့ သဘောပေါက်တယ်လေ၊ ကုန်းအော်ပလိုက်တယ် " ဟဲ့ကောင်မ အေးဆေးနေနော် ညည်းပြသနာတက်သွားချင်သလား ဟွန်းဟွန်းပေါ့ " အဲ့လိုအော်လည်းအော် တံခါးတွေပြန်ဖွင့် လုပ်လိုက်ရင် ငြိမ်သွားပြန်ရော...ကျွန်မဘုရားတရားအရမ်းလုပ်ရင် အဲ့လို မကျွတ်မလွတ်သူတွေရှိနေတာသိရတယ်၊ မြင်ရ၊ ကြားရ၊ သူတို့နဲ့ ငယ်စဉ်က နပန်းပါသတ်ရ အဲ့လိုအဖြစ်တွေကို ကြာလာတော့ ပင်ပန်းလာတယ်၊ သူတို့ကို ကူညီရာရောက်သလား သူတို့ကျွတ်လွတ်သွားသလား သေချာမသိရပေမယ့် ကိုယ့်မှာတော့ စိတ်ရောလူရော ဒုံးဒုံးကျ၊ နေထိုင်မကောင်းချိန်ဆို ပိုသိသာတယ်၊ သူတို့က ၀င်ပါ ပူးကပ်ချင်တဲ့သဘောတွေလေ၊ ဒါနဲ့ပဲ ကျွန်မ ဘုရားကို ဦးတော်သုံးကြိမ်ပဲလုပ် အကြာကြီးလည်း မရှိခိုးတော့ပဲ၊ မနက်နဲ့ည အကိုနဲ့ညီမတွေ ရှိခိုးသမျှ အမျှပေးတာကို သာဓုခေါ်ရင်းပဲ ကုသိုလ်ယူလာတာတော်တော်ကြာပါရော့လား။ ဒါတောင် ဟိုတနေ့က စိတ်တွေအရမ်းဆင်းရဲစရာတွေကြုံလာရတော့ မနက်ပိုင်း သေချာဘုရားရှိခိုး တရားထိုင် လုပ်ပြီး ထလိုက်တဲ့အချိန်မှာ ညီမတော် ခက်ကို ဘေးကနေ ည၀တ်အကျီ င်္နဲ့ နောက်ဖေးဝင်သွားတာတွေ့ လိုက်တော့၊ ကျွန်မလည်း ရေချိုးခန်းဝင်မလို့ လိုက်ဝင် သူက ရေအိမ်ထဲဝင်သွား နောက်တော့ သဘက်ကျန်ခဲ့လို့ ကျွန်မပြန်ထွက်လာ၊ တကယ့်ကို ခဏလေးပဲ၊ နောက်မှ နာရီမော့ကြည့်တော့ ခက် အလုပ်သွားတဲ့အချိန်ကျော်နေပြီ၊ ဒါနဲ့ ဟာ ဒီကောင်မလေး ဘယ်လိုဖြစ်လို့အလုပ်မသွားပါလိမ့်ဆိုပြီး ကျွန်မနောက်ထဲပြန်ဝင်မေးမလို့ ရေအိမ်ထဲမှာလည်းသူမရှိတော့ ၊ အလုပ်သွားတယ်ဆိုလည်း သူကျွန်မကို အိမ်ရှေ့ခန်းမှာဖြတ်ပြီးမှ သွားရမှာ၊ ဟင် ဘာလည်းပေါ့ သို့လောသို့လောနဲ့ အကိုတော်ကိုမေးတော့၊ နင်ရူးနေလားတဲ့ ခက်အလုပ်သွားတာဖြင့်ကြာလှပြီတဲ့၊ ဘုရားရေ..........ဒါဆိုကျွန်မ ည၀တ်အကျီ င်္နဲ့တွေ့ လိုက်တာက.............????????????


နောက်တယောက်က စု
စုကတော့ ဟိုတယ်တခုမှာအလုပ်လုပ်တော့ ခုနှစ်နာရီဆိုသွားရတယ် ညနေမှပြန်ရောက်တယ် လူစုံပြီပေါ့ အဲ့အချိန် သူကတော့ သိပ်မကြုံရဘူး။ ကျွန်မတို့ရဲ့ဘော်ဒါကြီးကလည်း လူများနေရင် သူကငြိမ်နေတယ်၊ ကျွန်မတို့ကလည်း ညနေထမင်းဝိုင်းလူစုံပြီဆိုတာနဲ့ ဘော်ဒါကြီးအတင်းကိုပြောတော့တာပဲ၊ တယောက်တည်းနေရင်သာ ကြောက်ကြတာ၊ လူစုံရင် သူ့အကြောင်းကို အခုဆို အိမ်သားတယောက်လို ရယ်ရယ်မောမောပြောတက်နေကြပြီ၊ အခု ဆန်းဒေး မှာတော့ လက်ပံဆိုတဲ့ကားကိုသွားကြည့်ကြမယ်ဆိုပြီး ညီအမတွေ ချိန်းကြတယ်။ ဒေါ်အိက မနက်ပိုင်းကတည်းကသွားလိုက်တာ ရုပ်ရှင်အချိန်အထိ ပေါ်မလာတော့ သူ့ကိုမစောင့်တော့ပဲ စုနဲ့ခက် နှစ်ယောက်သားသွားမယ်အလုပ်မှာ ကြုံလိုက်ကြရတာက လေမတိုက်ပါပဲ လက်နဲ့တောင် အတော်ဆွဲယူပိတ်ရတဲ့ တံခါးကြီးက တဒုံးဒုံးနဲ့ ပိတ်သွားတာကိုပါပဲ။ ဘော်ဒါကြီးက အိကိုစောင့်စေချင်လို့နေမှာလို့ ပြန်လာတော့ ရယ်ရယ်မောမောပြန်ပြောပြကြတယ်။

သိုက်သိုက်တို့အိမ်က ဘော်ဒါကြီးလို့နာမည်ပေးထားတဲ့တယောက်အကြောင်းကတော့ အခုထိတော့ ဒီလောက်ပါပဲ။ နောက်ထပ်ဘာတွေထပ်ကြုံရဦးမလည်းဆိုတာတော့ သူ့အပေါ်မူတည်နေတာပေါ့လေ၊ သေချာတာကတော့ သူက သာမာန် သရဲခေါ် နာနာဘာဝ မဖြစ်တန်လောက်ဘူး။ သူက အစွဲတခုကြောင့် အိမ်မှာ စွဲနေတာမျိုး မကျွတ်သေးတာ ကျွတ်ချိန်မတန်တာမျိုး အစောင့်လိုမျိုးပဲ ဖြစ်တန်ကောင်းတယ်၊ ဘာလို့လည်းဆိုတော့ သူက ဘုရားစာတွေမိုးမွှန်နေတဲ့ထဲလည်းနေတယ် ဘုရားရှိခိုးပြီးရင်လည်း သူရှိကြောင်း အချက်ပြတယ်ဆိုတော့လေ၊ တခါတလေစဉ်းစားမိတယ် အမေ ပြောသလိုများ သမီးတို့အိမ်မှာ သမီးတို့မနေခင်ကတည်းက သေဆုံးသွားပြီး မကျွတ်ပဲရှိနေတဲ့ အမျိုးသမီးကိုယ်ဝန်ဆောင်သည်တယောက်ရှိတယ်ဆိုတာ ဟုတ်များဟုတ်လေမလားလို့ အတွေးနယ်ချဲ့ရင်း.................

အားလုံးကိုကျေးဇူးအများကြီးတင်ပါသည်။

( သိုက်နန်းရှင် )
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)

0 comments:

Post a Comment