Wednesday, October 9, 2013

အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအား ရပ်ဆိုင်းရန် ဆုံးဖြတ်

J.10.10.2013

ထမံသီဆည် တည်ဆောက်မည့် ချင်းတွင်းမြစ် တစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ - အောင်သူထွန်း (ကလေး))

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း တည်ဆောက်ရန် စီစဉ်ထားသည့် မဂ္ဂါဝပ် ၂၀၈၀ ထွက်ရှိမည့် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်ဟု Business Standard သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ဓာတ်အားပေးစက်ရုံနှစ်ခုမှာ မဂ္ဂါဝပ် ၁၂၀၀ ထွက်ရှိမည့် ထမံသီ ဓာတ်အားပေးစက်ရုံနှင့် မဂ္ဂါဝပ် ၈၈၀ ထွက်ရှိမည့် ရွှေစာရံဓာတ်အားပေး စက်ရုံတို့ ဖြစ်ကြသည်။

''စီးပွားရေးအရလည်း တွက်ခြေမကိုက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်း အပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီစီမံကိန်းနှစ်ခုကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်''ဟု စီမံကိန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ကော်ပိုရေးရှင်း (NHPC) မှ အကြီးတန်း အမှုဆောင်တစ်ဦးကလည်း ယခုသတင်းကို အတည်ပြုခဲ့ပြီး ယခုစီမံကိန်းများသည် NHPC ၏ အကျိုးအမြတ် တစ်စုံတစ်ရာထက် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

ဒေလီမြို့ရှိ မြန်မာသံရုံးမှ အရာရှိတစ်ဦးကလည်း စီမံကိန်း ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ အတည်ပြုပြောကြားသည်။

NHPC နှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ်ဌာနတို့သည် နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရေးထိုးထားပြီး စီမံကိန်း ဖြစ်မြောက်အောင် ပြုလုပ်နိုင်ရန်အတွက် လေ့လာမှုများ ပြုလုပ်ရန် သဘောတူညီထားခဲ့သည်။ ထမံသီ စီမံကိန်းကို ဆွစ်ဇာလန်နိုင်ငံမှ Colenco Power Engin- eering ကုမ္ပဏီမှ တည်ဆောက်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ရွှေစာရံ စီမံကိန်းကိုမူ ဂျပန်နိုင်ငံမှ Kansai Electric Power ကုမ္ပဏီမှ တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် အလားအလာမှာ မဂ္ဂါဝပ် တစ်သိန်းကျော်ရှိပြီး မဂ္ဂါဝပ် ၃၉၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် လေ့လာ ပြင်ဆင်လျှက် ရှိသည်။

ယခုရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုမှာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများ ဖြစ်ကြသည်။

Eleven Media Group

0 comments:

Post a Comment