ဘရတ် မက်ဘရိုက်သည် ကော်စတာရီကာ ကမ်းလွန်တွင် (၃)မီတာအထက်မျှ
ရှည်လျားသည့် Galapagos Shark မျိုးနွယ် ငါးမန်းများ ရာနှင့်ချီ ကူးခတ်
အစာရှာနေချိန် အတောအတွင်း ၎င်းတို့အလယ်တွင် အမှန်တကယ် အေးအေးလူလူ
အနားယူနေခဲ့သူ ဖြစ်သည်။
ဧရာမ ငါးမန်းဖြူကြီး တစ်ကောင်ကို အမြီးမှ
တရွတ်တိုက် ဆွဲယူလာရန်၊ ၎င်း၏ ပါးစပ်ကို အတင်းဖြဲကြည့်ရန်ဆိုသည့်
ကိစ္စမျိုးမှာ သာမန်လူတစ်ယောက်အတွက် စဉ်းစားကြည့်လျှင်ပင် ကြက်သီးထလောက်စရာ
အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ဘရတ်မက်ဘရိုက် အတွက်မူ
ယင်းကဲ့သို့သော အလုပ်မျိုးသည် နေ့စဉ်နှင့်အမျှ ဖြတ်သန်းကြုံတွေ့နေကျ
ထမင်းစားရေသောက် ဖြစ်ရပ်မျိုးဟု ယူဆနိုင်မည် ဖြစ်သည်။
"ထားပါတော့ဗျာ။ ခင်ဗျားဟာ သမုဒ္ဒရာ ကြမ်းပြင်မှာ ငါးမန်းကောင်ရေ
(၅၀၀)လောက်ကြားထဲ ရောက်နေပြီ ဆိုပါစို့။ ဘာလုပ်မလဲ။ ရေမျက်နှာပြင်ပေါ်
ရောက်တဲ့ထိ အသည်းအသန် ကူးပြေးမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့
လက်နက်ရှာမလား။ ဒါမှမဟုတ် အေးအေးလူလူ တစ်မှေးလောက် အိပ်နေမလား။
ကျွန်တော်ဆိုရင်တော့ နောက်ဆုံးနည်းလမ်းကို ရွေးခဲ့တယ်"ဟု မက်ဘရိုက်က
ဆိုသည်။ ၎င်းသည် ကော်စတာရီကာ ကမ်းလွန်တွင် (၃)မီတာအထက်မျှ ရှည်လျားသည့်
Galapagos Shark မျိုးနွယ် ငါးမန်းများ ရာနှင့်ချီ ကူးခတ်
အစာရှာနေချိန် အတောအတွင်း ၎င်းတို့အလယ်တွင် အမှန်တကယ် အေးအေးလူလူ
အနားယူနေခဲ့သူ ဖြစ်သည်။
"ဒီစကားကြားရင် နည်းနည်း ရူးကြောင်ကြောင် နိုင်မလားတော့ မသိဘူး။
ဒါပေမဲ့ ဒါက ရူးနေတာ မဟုတ်ပါဘူး။ ငါးမန်းတွေဟာ သူတို့ကို ဂရုမစိုက်ရင်
သူတို့ကလည်း ခင်ဗျားကို စိတ်မဝင်စားဘူး။ တခြားငါးတွေနဲ့ တူတူပါပဲ။ ဥပမာ
Galapagos Shark ငါးမန်းတွေ ဆိုပါစို့။ သူတို့ဟာ အရမ်းကြီးမားတဲ့
သားစားသတ္တဝါတွေ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားဟာ ပင်လယ်ကြမ်းပြင်မှာ
အေးအေးဆေးဆေး ငြိမ်သက်နေပြီဆိုရင် သူတို့ဟာ ခင်ဗျားကို တိုက်ခိုက်ရဲဖို့
နာရီပေါင်း တော်တော်ကြာတဲ့ထိ သတ္တိမွေးရလိမ့်မယ်"ဟုလည်း မက်ဘရိုက်က ဆိုသည်။
အမှန်တော့ မက်ဘရိုက်သည် Galapagos Sharkများထက် များစွာ အန္တရာယ်ကြီးသည်
ငါးမန်းမျိုးစိတ်များနှင့်ပင် လက်ပွန်းတတီး ရှိခဲ့သူ ဖြစ်သည်။
မက်ဘရိုက်သည် အဏ္ဏဝါဗေဒ လေ့လာရေး ရေယာဉ် Ocearchတွင် အလုပ်လုပ်သူ
ဖြစ်သည်။ ၎င်း၏ အလုပ်သဘောအရ ငါးမန်းများနှင့် လုံးထွေးနေထိုင်ရခြင်းသည်
ရှောင်လွှဲ၍ မရနိုင်သည့် လိုအပ်ချက် တစ်ခုလည်း ဖြစ်နေသည်။ Ocearch သုတေသန
အဖွဲ့သည် ငါးမန်းများကို အရှင်ဖမ်းကာ အီလက်ထရောနစ် ခြေရာခံ
ကိရိယာငယ်လေးများ တပ်ဆင်ပေးရန် တာဝန်ယူထားသည်။ ရည်ရွယ်ချက်မှာ
ငါးမန်းများ၏ စားကျက်ပြောင်းရွှေ့မှု၊ သားပေါက်မှု၊ မိတ်လိုက်မှု
ဓလေ့သဘာဝများကို ထဲထဲဝင်ဝင် လေ့လာသိရှိနိုင်ရန် ဖြစ်သည်။
ကြီးမားသန်မာလှသည့် ငါးမန်းကြီး တစ်ကောင်ကို ဖမ်းဆီးပြီး လှေပေါ်တင်ကာ ဒေါ်လာ
(၁၀၀၀၀)တန် ဂြိုဟ်တု ကိရိယာများ တပ်ဆင်ပေးခြင်း၊ သွေးနမူနာ
ဖောက်ယူခြင်းနှင့် အခြားသုတေသန လုပ်ငန်းများ လုပ်ဆောင်ရသည်မှာ လွယ်လွယ်ကူကူ
မဖြစ်နိုင်သည်မှာ ရှင်းပြရန် မလိုချေ။ ယင်းလုပ်ငန်း အားလုံးကို
(၁၅)မိနစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရလေ့ ရှိသည်။
(၂၀၀၇)ခုနှစ်က လုပ်ငန်းစတင်ပြီး နောက်ပိုင်းတွင် Ocearchသည်
ငါးမန်းကောင်ရေ (၁၀၀)ကျော်၌ အီလက်ထရောနစ် ခြေရာခံ ကိရိယာလေးများ
တပ်ဆင်ပေးပြီး ဖြစ်သည်။ သို့သော်လည်း အဆိုပါ သုတေသန အဖွဲ့၏ အကြောင်းကို
National Geographic Channelက Shark Man အမည်ရှိ ရုပ်မြင်သံကြား
စီးရီးဖြင့် ထုတ်လွှင့်ပြသပြီးမှ လူသိများလာခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့တွင်
အကြောက်တရား အကင်းမဲ့ဆုံး ငါးမန်းလူသားသည် မက်ဘရိုက်မှလွဲ၍ အခြားလူတစ်ဦး
မဖြစ်နိုင်ခဲ့ချေ။ မက်ဘရိုက်သည် ရေထဲထိဆင်းကာ ငါးမန်းကြီးများကို
သင်္ဘောကုန်းဘောင်ပေါ် ရောက်လာအောင် ဆွဲတင်ရသူ ဖြစ်သည်။ ပုခက်ထဲ ရောက်နေသည့်
ငါးမန်းကြီးများ၏ ရုန်းကန်မှုကြောင့် လမ်းကြောင်းလွဲနေသည့်အခါ
ရေထဲခုန်ဆင်းပြီး နေရာမှန်အောင် ပြုပြင်ပေးရသည်။ ယင်းအတွက် မက်ဘရိုက်က
အကာအကွယ် မပါဘဲ လက်ချည်းသက်သက် လုပ်ဆောင်လေ့ရှိသည်။
ငါးမန်းကြီးများ သင်္ဘောကုန်းပတ်ပေါ် ရောက်လာသည့်အခါ ၎င်းတို့၏
မျက်လုံးကို အဝတ်များဖြင့် အုပ်ပေးရသည်။ သို့မှသာ အဆိုပါ
သားစား သတ္တဝါကြီးများ စိတ်တည်ငြိမ်သွားလေ့ ရှိကြောင်း မက်ဘရိုက်က
ရှင်းပြသည်။ ထို့နောက် ငါးမန်းများ၏ ပါးစပ်ကို ဟစေကာ ဆားငန်ရေ
သွန်းလောင်းသည့် ပိုက်လိုင်းတစ်ခု ထည့်ရပြန်သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကုန်းပတ်ပေါ် ရောက်နေသည့်တိုင် ငါးမန်းများ၏
ပါးဟက်ကို လှုံ့ဆော်ကာ အသက်ရှူနိုင်အောင် အကူအညီ ပေးနိုင်မည် ဖြစ်သည်။
မက်ဘရိုက်က "ငါးမန်းကြီး တစ်ကောင်နဲ့ နီးသွားပြီး
သူတို့ကိုယ်ပေါ်ကို လက်တင်လိုက်တိုင်း ကျွန်တော် ကြောက်လန့်နေတာတော့
မရှိဘူး။ ဒါပေမဲ့ တကယ့်ကို အာရုံစူးစိုက်ထားဖို့တော့ လိုပါတယ်။ ပြောရရင်
ငါးမန်းနား ကပ်နေချိန်မှာ သူ့ရဲ့ တွန့်ခါသွားပုံ၊ လှုပ်ရှားသွားပုံ
အားလုံးကို သတိကြီးကြီးထားပြီး ကျွန်တော် စောင့်ကြည့်နေဖို့ လိုတယ်လေ"ဟု
ပြောကြားခဲ့သည်။ ၎င်းက "တစ်စက္ကန့်ရဲ့ တစ်ဝက်လောက် အချိန်လေး အတွင်းမှာတင်
အပြောင်းအလဲ တစ်ခုခု ဖြစ်နိုင်တာကို ကျွန်တော် သိပြီးသားပါ။ သူက ကိုယ့်ဆီ
အာရုံရောက်မလာခင် အချိန်မီ နောက်ဆုတ်ဖို့ အရမ်းအရေးကြီးပါတယ်"ဟုလည်း
မှတ်ချက်ပြုခဲ့သည်။
ငါးမန်းများ ထူထပ်စွာ ကူးခတ်သွားလာနေသည့် ပင်လယ်ပြင်ထဲ ဒိုင်ဗင်ထိုး
ဆင်းသွားပြီး ရေယာဉ်အတွက် ဆိုင်းကြိုးများ တပ်ဆင်ခြင်း၊
ရှင်းလင်းခြင်းတို့ ပြုလုပ်တတ်သူ၊ လေတစ်ခါရှူပြီး (၃၅)မီတာ အနက်ထိ
ပင်လယ်ပြင်အောက်ထဲ ဆင်းသက်သွားလေ့ရှိသူ၊ (၁၀)မီတာကျော် မြင့်မားသည့်
လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့် ဟာရီကိန်းမုန်တိုင်းအတွင်း အေးအေးလူလူ
အလုပ်လုပ်နိုင်သူဆိုသော ဂုဏ်ပုဒ်များသည် မက်ဘရိုက်အတွက်
ချီးကျူးဂုဏ်ပြုမှုသဖွယ် ဖြစ်လာခဲ့သည်။ CNNသတင်းထောက်က ၎င်းအား မိမိကိုယ်ကိုယ်
စူပါဟီးရိုး တစ်ယောက်အဖြစ် ယူဆခြင်း ရှိမရှိ မေးမြန်းရာ ကလေး(၂)ဦး၏
ဖခင်ဖြစ်သော မက်ဘရိုက်က "ခင်ဗျားက အတည်ကြီး လာနောက်နေတာပဲ"ဟု ခပ်ပြုံးပြုံး
တုံ့ပြန်ခဲ့သည်။ ကယ်လီဖိုးနီးယားကမ်းခြေ၊ ဆန်ဒီယေဂိုတွင် ကြီးပြင်းခဲ့သော
မက်ဘရိုက်သည် (၅)နှစ်သား အရွယ်တွင် ငါးမျှားတတ်နေပြီ ဖြစ်ပြီး အသက်(၁၁)နှစ်
အရွယ်တွင် ငါးဖမ်းလှေပေါ် ရောက်လာခဲ့သည်။ ယခုအခါတွင်မူ ငါးမန်းများ
မျိုးမသုဉ်းအောင် ကြိုးစားနေသည့် Ocearch၏ စိတ်အားထက်သန်လှသည့် အဖွဲ့ဝင်
တစ်ဦးအဖြစ် ပျော်ရွှင်စွာ အလုပ်လုပ်နေပြီ ဖြစ်သည်။
"တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်နှစ်ကို
ငါးမန်းကောင်ရေ သန်း(၇၀)လောက်ဟာ ဆူးတောင် ဖြတ်ယူဖို့အတွက် အသတ်ခံနေရတယ်။
ဒီအချက်က သမုဒ္ဒရာတွေရဲ့ သဘာဝ မျှခြေစနစ်ကို လုံးဝ ပျက်စီးသွားစေနိုင်တယ်"ဟု
မက်ဘရိုက်က မှတ်ချက်ပြုခဲ့သည်။ ၎င်းက "တကယ်လို့ ကျွန်တော်တို့ဟာ သိပ္ပံပညာနဲ့
ဆက်နွယ်တဲ့ အတွေးအမြင်ရှိပြီး သဘာဝကို မြတ်နိုးတဲ့
ချာတိတ်လေးတွေအတွက် မျိုးဆက်သစ်တစ်ခု ဖန်တီးနိုင်ခဲ့မယ် ဆိုရင်တော့
ငါးမန်းတောင်တွေ ဖြတ်ယူနေတဲ့ လုပ်ငန်းတွေကို
ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မယ်။ ပြီးတော့ သမုဒ္ဒရာတွေကို
တည်ငြိမ်အေးချမ်းနေအောင် လုပ်ဆောင်နိုင်လိမ့်မယ်"ဟုလည်း ဆိုသည်။
မက်ဘရိုက်က ၎င်းအနေဖြင့် ငါးမန်းများကို အနီးကပ်
ထိတွေ့ကိုင်တွယ်နိုင်ရန် လိုအပ်သည့် အရည်အသွေးမှာ အကြောက်တရားကို
ထိန်းချုပ်ခြင်း ဖြစ်ကြောင်းလည်း ရှင်းပြခဲ့သည်။ "ကျွန်တော် ရေထဲဆင်းပြီး
ငါးမန်းတစ်ကောင်ကို တွေ့လိုက်ပြီ ဆိုတာနဲ့ အရင်ဆုံး လုပ်ရတာက
အကြောက်တရားကို လုံးဝဥဿုံ ထိန်းချုပ်ထားလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအချက်က
ကျွန်တော့်ကို အကူအညီ ဖြစ်စေတယ်လေ။ ငါးမန်းတွေဟာ ခင်ဗျား နှလုံးခုန်နှုန်း
မြန်လာပြီဆိုရင်၊ ခင်ဗျားမှ ဇောချွေးတွေ ထွက်လာပြီဆိုရင် အလိုလို
ခံစားသိရှိသွားတတ်တယ်လေ"ဟု မက်ဘရိုက်က ပြောဆိုသွားသည်။
Planet Myanmar Network
0 comments:
Post a Comment