Thursday, October 3, 2013

ချင်းပြည်နယ် မြွေတောင်-ဖားတောင် စီမံကိန်းကို ပြည်နယ်အစိုးရ သဘောထားဖြင့် ရပ်ဆိုင်းခွင့်မရှိဟု ဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တည်ဆောက်မည့် မြွေတောင်-ဖားတောင် နီကယ်သတ္တုစီမံကိန်း
ဖော်ဆောင်ခြင်းသည် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခြင်းဖြစ်၍ ပြည်နယ်အစိုးရ အနေဖြင့် ရပ်ဆိုင်းခွင့်မရှိဟု ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက အောက်တိုဘာ ၂ ရက်တွင် မဇိ္ဈမကို ပြောသည်။

၎င်းက “သတ္တုတူးဖော်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူး။ ပြည်ထောင်စု အစိုးရကသာဆောင်ရွက်ခွင့် ရှိတာပါ။ မြွေတောင်စီမံကိန်းကို ပြည်နယ်အစိုးရ သဘောထားနဲ့ ရပ်ဆိုင်းလို့ မရပါဘူး” ဟု ပြော သည်။

စီမံကိန်းမှရရှိလာမည်ဖြစ်သော အကျိုးအမြတ်များကို ပြည်ထောင်စုအစိုးရကသာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခံစားခွင့် တစ်ပြေးညီ ခွဲဝေဆောင်ရွက်သွားခြင်း ဖြစ်သည်ဟုလည်း ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးက ဆိုသည်။ ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းများလုပ်ဆောင်ပါက ပြည်သူလူထုအတွက် အကျိုးရှိမရှိကိုသာ အစိုးရ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းများသာ လုပ်ဆောင်နိုင်သည်ဟုလည်း ၎င်းကပြောသည်။

မြွေတောင်တွင် နီကယ်နှင့် သတ္တုရိုင်းသိုက် သုံးခု တွေ့ရှိထားပြီး မြန်မာနိုင်ငံတွင် နီကယ်သတ္တု အကြီးမားဆုံး ထွက်သည့် နေရာဖြစ်သည်။ အဆိုပါ မြွေတောင်-ဖားတောင် စီမံကိန်းကို တရုတ်နိုင်ငံ Zijin Mining Group နှင့် လက်ပံတောင်းကြေးနီစီမံကိန်းကို လုပ်ကိုင်နေသည့် ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းကာ North Mining Investment Company အမည်ဖြင့် မြွေတောင်-ဖားတောင်စီမံကိန်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

ချင်းပြည်နယ် မြွေတောင်-ဖားတောင် စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးရသွားသည့် ဒေသခံများ၏ လယ်ယာမြေများ အတွက် လျော်ကြေးပေးရန်၊ စီမံကိန်းမှရရှိလာမည့် အကျိုးအမြတ်များကို ပြည်နယ်အတွက် မည်သို့ ခွဲဝေသုံးစွဲမည်ကို အစိုးရမှ ပွင့်လင်းမြင်သာမှုမရှိသည့် အချက်များနှင့်ပတ်သက်ပြီး ချင်းပြည်နယ်ရှိ နိုင်ငံရေးပါတီလေးခုက လူထုထံမှ စစ်တမ်းများကောက်ယူ၍ သဘောထား ကြေညာချက်များ ထုတ်ပြန် ခဲ့ဖူးသည်။

စီမံကိန်းနှင့်ပတ်သက်ပြီး ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က “ပြည်နယ်အစိုးရကတောင်မှ မသိတဲ့ကိစ္စ ဖြစ်နေ တယ်။ ထင်သာ မြင်သာ မရှိဘူ။ ပြည်နယ်ရဲ့သယံဇာတကို အရောင်းအ၀ယ် လုပ်ကြတာလေ။ တကယ့် အရေးကြီး ဆုံး ပြည်နယ်ရဲ့အဓိက၀င်ငွေကို ပြည်သူတွေအတွက် အကျိုးရှိမှ လုပ်တာကောင်းတယ်”ဟု ပြောသည်။

ယင်းအပြင် စီမံကိန်းလုပ်ကိုင်ရန် ယင်းဒေသရှိ ဒေသခံများက လိုလားခြင်းမရှိကြဟု ဆိုသည်။

ချင်းပြည်နယ်ရှိ နိုင်ငံရေးပါတီများသည် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ မြွေတောင်-ဖားတောင်စီမံကိန်းကို လုပ်ဆောင်နေသည့် တရုတ်နိုင်ငံမှ Zijin Mining Group၊ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားရန် ကြိုးပမ်းသွား မည်ဖြစ်သည်ဟုလည်း ယင်းပါတီများမှ သိရသည်။

မြွေတောင်ဒေသ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာပြည်ထောင်စုဝန်ကြီး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တီးတိန်မြို့၊ တွန်းဇံမြို့တို့ရှိ ကျေးရွာပေါင်း၂၀ မှဒေသခံပြည်သူများ၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့တို့နှင့် တွေ့ဆုံပွဲများကို ၂၀၁၃ ခုနှစ်အတွင်း၌ သုံးကြိမ် ပြုလုပ်ခဲ့ကြသည်။

မြွေတောင်-ဖားတောင်ကို ၂၀၀၆ ခုနှစ်ခန့်က တရုတ်ပိုင် ကင်ဘိုကုမ္ပဏီမှ စမ်းသပ် တူးဖော်ခဲ့ဖူးပြီး ယခု အစိုးရ လက်ထက်တွင် ပြန်လည် အကောင်အထည်ဖော်ရန် သမ္မတဦးသိန်းစိန်အစိုးရနှင့် ၂၀၁၂ခုနှစ် သြဂုတ်လတုန်းက သဘောတူညီခဲ့ကြဖူးသည်။

Zijin ကုမ္ပဏီဝက်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားချက်အရ မြွေတောင်၊ ဖားတောင်စီမံကိန်း၏ အကျိုးအမြတ်ကို ကုမ္ပဏီ ဘက်က ၈၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး၊ မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်းရရှိမည်ဟု ဖော်ပြထားသည်။

စီမံကိန်းတည်ရာနယ်မြေကို ပိုင်ဆိုင်ထားသော ချင်းပြည်နယ်ကို စီမံကိန်းကာလအတွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးသိန်း ထောက်ပံ့မည်ဟု ကုမ္ပဏီဘက်က ပြောဆိုသည်။ 

Mizzima - News in Burmese

0 comments:

Post a Comment