Friday, May 2, 2014

ရုရှားလိုလားသည့် သူပုန်များကို ယူကရိန်းစစ်တပ် ထိုးစစ်ဆင်မှုစတင်


ရုရှား လိုလား သူများ အုံကြွ သောင်းကျန်း လျှက်ရှိသည့် နိုင်ငံ အရှေ့ဖျား ဒေသများတွင် ယူကရိန်းက စစ်ဆင်ရေး အစပြုနေပြီ ဖြစ်သည်။ အစိုးရ အဆောက်အအုံများ သိမ်းပိုက်ခံ ရခြင်းကဲ့သို့ အုံကြွမှုများကို တုံ့ပြန်ရန်
အချိန်ယူ စဉ်းစား ခဲ့ပြီးနောက် မေလဆန်းမှ စတင်ကာ ယူကရိန်း စစ်တပ်များက ဆလို ဗင့်စ်ခ်မြို့သို့ စတင်ဝင် ရောက်လာပြီ ဖြစ်သည်။ ယူကရိန်း အစိုးရက အဆိုပါ အုံကြွသူများကို အကြမ်း ဖက်သမားများဟု အမည်တပ်ခဲ့သလို စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုများကို တိုက်ဖျက်ဖြိုခွဲရန် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြည်ထဲရေး ဝန်ကြီး အာဆန် အေဗာကော့ဗ်က စစ်ဆင်ရေး အစပြုခဲ့သည့်နောက် ယူကရိန်း လေယာဉ်မှူးတစ်ဦး သေဆုံးပြီး တပ်သား(၉)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

မေလ(၂)ရက်နေ့ထိ မြို့တွင်းမှ သူပုန်များ သိမ်းပိုက်ထားရာ နေရာ(၉)ခုကို ယူကရိန်း တပ်ဖွဲ့များက ပြန်လည်စီးနင်းထားလိုက်ပြီဟု သိရသည်။ ခွဲထွက်ရေး တောင်းဆိုသည့် လက်နက်ကိုင် တပ်ဖွဲ့များသည် ဆလိုဗင့်စ်ခ်၏ အဓိက နေရာ(၃)ခုကို ကုပ်တွယ် တပ်စွဲထားဆဲဟု ယူဆရသည်။ ၎င်းတို့သည် အစိုးရ စစ်ရဟတ်ယာဉ် အနည်းဆုံး (၂)စင်းမျှကို ပစ်ချခဲ့ပြီး ရဟတ်ယာဉ်မှူး (၁)ဦးမှာ အရှင်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ အဆိုပါ တိုက်ခိုက်ရေးသမား အများစုသည် မျက်နှာဖုံးများ တပ်ဆင်ထားလေ့ရှိပြီး ရုရှားစစ်သားများ ရောနှောပါဝင်နေကြောင်း ခန့်မှန်းမှုများလည်း ပျံ့နှံ့လျှက်ရှိသည်။

ဆလိုဗင့်စ်ခ်သည် ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများ အဓိက အားကောင်းစွာ တပ်စွဲထားသည့် မြို့လည်းဖြစ်သည်။ ယူကရိန်း အရှေ့ခြမ်း ဒေသတစ်ခုလုံးတွင် ခွဲထွက်ရေး လှုပ်ရှားမှုများ တစ်စထက်တစ်စ အရှိန်ရလာသည့်နောက် အစိုးရတပ်များက လှုပ်ရှားလာခြင်း ဖြစ်သည်။ ကြာသပတေးနေ့က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယူကရိန်း အနေဖြင့် အင်အားသုံး ချေမှုန်းရေး လုပ်ဆောင်မှု တစ်ခုခု ပြုလုပ်လာပါက ဒေသတစ်ခုလုံး ဆိုးရွားသော ပျက်စီးမှု၊ မတည်ငြိမ်မှုများ ကြုံလာရနိုင်ကြောင်း ခြိမ်းခြောက် သတိပေးခဲ့သည်။ သို့သော်လည်း ယူကရိန်း အစိုးရက ထိုးစစ်အစပြုသည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက ယူကရိန်း၏ ကြားဖြတ်အစိုးရ သမ္မတ အိုလက်ဇန်ဒါ တာချီနော့ဗ်သည် နိုင်ငံအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းကြောင်း ထပ်မံ အတည်ပြုခဲ့သည်။ တာချီနော့ဗ်က အုံကြွမှုများ ဖြစ်ပေါ်နေရာ ဒေသများတွင် မိမိတို့၏ တပ်ဖွဲ့ဝင်များသည် အကူအညီ မဲ့နေကြောင်းလည်း ပြောကြားခဲ့သည်။ “ယူကရိန်းဟာ စစ်တိုက်ဖို့ အဆင့်အမြင့်ဆုံး အနေအထားနဲ့ တပ်လှန့်ထားပါတယ်”ဟု ဆိုသည်။ ယူကရိန်း အစိုးရအဖွဲ့သည် နယ်စပ်တွင် တပ်စွဲထားသည့် ရုရှားစစ်သား (၄၀၀၀၀)အနေဖြင့် ယူကရိန်းကို အချိန်မရွေး ကျူးကျော်ထိုးဖောက်လာမည့်အပေါ် စိုးရိမ်လျှက် ရှိသည်။

ယူကရိန်း အရှေ့ပိုင်း ဒေသတွင် ရုရှားဘာသာစကား ပြောဆိုသူ လူဦးရေ ထူထပ်များပြားစွာ နေထိုင်ပြီး ယခင် ရုရှားအလိုတော်ရိ ယူကရိန်း သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျကို အထူးတလည် ထောက်ခံခဲ့ကြသည်။ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျပြီးနောက် ယူကရိန်းသည် အရှေ့နှင့်အနောက် နှစ်ခြမ်းကွဲမည့် အခြေအနေ ဆိုက်ရောက်နေပြီး ထိုအတောအတွင်း ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသသည်လည်း လွတ်လပ်ရေးကြေညာ ခွဲထွက်ပြီး ရုရှားနှင့် ပူးပေါင်းသွားခဲ့သည်။ ယခုပြဿနာတွင် NATOနှင့် အနောက်အုပ်စု နိုင်ငံများက ယူကရိန်းဘက်မှ ပါဝင်ရပ်တည်ခဲ့သည့်နောက် စစ်အေးခေတ်နောက်ပိုင်း အနောက်အုပ်စုနှင့် ရုရှားတို့ကြား တင်းမာမှု အမြင့်ဆုံး အနေအထားမျိုး ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network.

0 comments:

Post a Comment