● လာရီဒိုင်းမွန်း၏ ဒီမိုကရက်တစ်ရီဆက်ရှင် ●
မျက်မှောက် ကမ္ဘာကြီးတစ်ခုလုံးသည် ယူကရိန်းသို့ မမှိတ်မသုန် စောင့်ကြည့်လျက်ရှိပြီး ဗလာ ဒီမာ ပူတင်အနေဖြင့် နောက်ထပ်မည်သည့်ခြေလှမ်း လှမ်းမည်ကို စိတ်ဝင်တစား စောင့်ဆိုင်းလျက် ရှိကြ သည်။ ဒီမိုကရေစီကို ပြန့်ကြဲလာစေသော ခြိမ်းခြောက်မှုများမှာ မျက်မှာစာအသစ်များမှ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။ အမှန်စင်စစ် ဤဇာတ်လမ်းမှာ အသစ်အဆန်းတော့ မဟုတ်ပေ။ ဖရီးဒမ်း ဟောက်စ်၏ လေ့လာချက်အရ ၂၀၁၃ ခုနှစ်သည် ပြည်သူများ၏ နိုင်ငံရေးအခွင့်အလမ်း၊ လူထု လွတ်လပ်ခွင့်များ တိုးတက် မလာဘဲ ဆုတ်ယုတ်သွားသည့် နိုင်ငံအရေအတွက် ဆက်တိုက် တိုးမြင့် လာသည့် ၈ နှစ်မြောက်နှစ် ဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံအားလုံး၏ (၆၀%)သည် ဒီမိုကရက်တစ်နိုင်ငံများ ဖြစ်လာခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်မှစ၍ ဒီမိုကရေစီနိုင်ငံ တိုးမြင့်ဖြစ်ပေါ်လာမှု ရပ်ဆိုင်းသွားခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ စစ်ဘက်အာဏာသိမ်းမှုဖြစ်ပေါ်လာပြီးနောက် ဒီမိုကရေစီနိုင်ငံ(၅) နိုင်ငံတွင် (၁)နိုင်ငံနှုန်းထား ပြိုလဲသည့်အနေအထားမျိုးဖြင့် ဒီမိုကရေစီပြိုကွဲမှုဖြစ်စဉ် များ (လယ်ရီဒိုင်းမွန်းကမူ ဒီမိုကရေစီ Breakdown ဖြစ်သည်ဟု သုံးနှုံးသည်) အရှိန်ရလာခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အာရပ်အာဏာရှင်နိုင်ငံအစီအရီ ပြုတ်ကျခဲ့ခြင်းကြောင့် ဒီမိုကရေစီနိုင်ငံများ အရှိန်အဟုန်ဖြင့် တိုးထွက် ဖြစ်ပေါ်လာမည်ဟု မျှော်မှန်းထားခဲ့ကြသော်လည်း လက်တွေ့တွင် ဒီမိုကရေစီ ရွက်သစ်လောင်းနိုင်မှုမှာ မျှော်မှန်းခဲ့သည်များနှင့် အလွဲကြီးလွဲခဲ့ရသည်။
တူနီးရှားနိုင်ငံသည် နှစ်ပေါင်း (၄၀) အတွင်း ပထမဆုံးသော အာရပ်ဒီမိုကရေစီအဖြစ် ထွက်ပေါ်လာခဲ့သော်လည်း အီဂျစ်နိုင်ငံမှာ ဟို့စ်နီ မူဘာရက် အုပ်စိုးစဉ် ပြီးခဲ့သည့်ဆယ်စုနှစ်များထက် ပိုမို၍ပင် ဖိနှိပ်သော နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့ သည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလတွင် လွတ်လပ်မှုနှင့် နိုင်ငံရေးဗဟုဝါဒတို့ နောက်ကြောင်း ပြန် လှည့်သွားသော အာရပ်နိုင်ငံများ တစ်စထက်တစ်စ များလာခဲ့သည်။ ၁၉၉၀ နှောင်းပိုင်းမှစ၍ ရုရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ထိုင်း၊ ကင်ညာနှင့် ကမ္ဘာ့နေရာအတော်များများတွင် ဒီမိုကရေစီ ပြိုလဲ ခဲ့ကြသည်။
ရှေ့တိုးမယောင်ယောင်နှင့် နောက်ပြန်ဆုတ်သွားကြသည်ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသော ဒီမိုကရက်တစ် ရီဆက်ရှင် (ဒီမိုကရေစီကျဆင်းခြင်း) များမှာ လူဦးရေထူထပ်ပြီး စီးပွားရေးကြီးမားသော အနောက်အုပ်စုဝင် မဟုတ်သည့် နိုင်ငံများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ နှောင်းပိုင်းမှစ၍ ရုရှား၊ နိုင်ဂျီးရီးယား၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ကင်ညာနိုင်ငံများတွင် ဒီမို ကရေစီ ပြိုကွဲကျဆုံးခဲ့ကြရသည်။ ထိုနိုင်ငံများကို ပြန်ကြည့်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ဒီမိုကရက်တစ် နည်းလမ်းတကျ ရွေးချယ်ခံထားရသော သမ္မတ ဘန်နစ်နိုအကွီနိုက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ အလေးထား ဆောင်ရွက်သွားရန် သန္နိဌာန် ချမှတ်ထားသူဖြစ်၍ ယနေ့ခေတ်တွင် အခြေအနေအကောင်း ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေသည်။ ရုရှားနိုင်ငံမှာ လောဘကြီးပြီး အာဏာရှင်ဆန်လာရုံသာမက အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သြဇာလွှမ်းမိုးအုပ်စိုးထားသည့် အပ်ပါယာအရှင်သခင်သဖွယ် ဖြစ် လာခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ မျိုးနွယ်စုပဋိပက္ခများ၊ နိုင်ငံသားများအပေါ် ရန် ပြုမှုများ၊ နိုင်ငံရေးလှည့်စားမှုများ၊ အာဏာလွန်ဆွဲပွဲများဖြင့် အကျပ်အတည်းအဆင့်သို့ ပြန်လှည့်သွားခဲ့ သည်သာမက နိုင်ငံမြောက်ပိုင်းတွင် ဘာသာရေးအကြမ်းဖက်အဖွဲ့အစည်းများ တိုးမြှင့်ပေါက်ဖွားလာခဲ့ သည်။ ဗင်နီဇွဲလားနိုင်ငံတွင် အုပ်ချုပ်ရေးဖရိုဖရဲဖြစ်မှုများကြောင့် ဘိုလစ်ဗီးယားဆိုရှယ်လစ်လမ်းစဉ် အားနည်းလာခဲ့ပြီး အတိုက်အခံများမှာ ဟူဂိုချေဗက်စ်အား စိန်ခေါ်သူလစ်ဘရယ်အလံတော်အောက် ရောက်ရှိလာခဲ့ပြီး ချေဗက်စ်နေရာဆက်ခံသူကို ဆက်လက်ပစ်မှတ်ထားလာခဲ့သည်။ သို့သော်လည်း ချေဗက်စ်လမ်းစဉ် ကျဆုံးသွားပြီး ချေဗက်စ်တည်ထောင်ခဲ့သော နိုင်ငံရေးအစီအစဉ် ပြိုလဲသွားမှသာ ဒီမို ကရက်တို့အတွက် ကြီးမားသောအောင်ပွဲ ရရှိနိုင်မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အာဏာရပါတီမှ ရွေးကောက်ပွဲစီမံခန့်ခွဲမှုအတွက် သီးခြားလွတ် လပ်သည့် အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ဆိုကာ အာဏာရနှင့် အတိုက်အခံကြား တည် ဆောက်ထားခဲ့သော ယုံကြည်မှု ပြိုကွဲခဲ့သည်။ ၄င်းနောက် အတိုက်အခံပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ရာ တရွေ့ရွေ့ ခရီးနှင်လာခဲ့သော ဒီမိုကရေစီအတွက် ကြီးမားသည့် ဆုတ်ယုတ်မှုတစ်ရပ် ဖြစ်ခဲ့ ရသည်။ ပါကစ္စတန်၊ ကင်ညာ၊ ထိုင်းနိုင်ငံများတွင် ဒီမိုကရေစီတစ်ကျော့ပြန်လာခဲ့သော်လည်း ယင်းနိုင်ငံ အစိုးရများမှာ အီလစ်ဘရယ်များ ဖြစ်ပြီး အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဒီမိုကရေစီတစ်ကျော့ ပြန်လှိုင်း ဟု သတ်မှတ်နိုင်ရန် ခက်ခဲနေသည်ဟု ဖရီးဒမ်းဟောက်စ်က ကောက်ချက်ချသည်။
ထိုင်းနိုင်ငံတွင် မြို့ကြီးသား “အ၀ါဝတ်များ”၊ ဘုရင့်သစ္စာခံ လူလတ်တန်းစားများနှင့် ၀န်ကြီးချုပ် ဟောင်းသက်ဆင်ကို ထောက်ခံသူ တောသား “အနီဝတ်များ”အကြား သဘောထားကွဲလွဲမှုကြောင့် အစိုးရကို မလှုပ်မယှက်အနေအထားသို့ ရောက်ရှိစေခဲ့ပြီး အကြမ်းဖက်မှုသို့ ဦးတည်လာသော ခြေလှမ်း များ မြင့်တက်လာခဲ့သည်။ ထိုင်းစစ်ဘက်မှ သက်ဆင်ကို ဖြုတ်ချခဲ့သော ၂၀၀၆ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် တည်ငြိမ်မှုပျောက်ဆုံးသွားခဲ့ပြီး အ၀ါနှင့်အနီ နိုင်ငံရေးအာဏာရယူနိုင်ရေး တိုက်ပွဲများတွင် ဒီမိုကရေစီ နစ်မွန်းခဲ့ရသည်။ ထိုင်းနိုင်ငံ၏ လမ်းများပေါ်တွင် အ၀ါ-အနီ ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် နိုဝင်ဘာလ မှစ၍ လူပေါင်း (၂၀)ကျော် သေဆုံးခဲ့ရပြီး လူပေါင်း(၇၀၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုးဆုံး အနေအထားသည် မကြာမတင် ထွက်ပေါ်လာကောင်း ထွက်ပေါ်လာနိုင်သည်။ ဇန်န၀ါရီလအတွင်းက အနီဝတ်ခေါင်းဆောင်တစ်ဦးက အကြမ်းဖက်မှုအများအပြား အဆုံးသတ်ပစ်ရမည်၊ အထက်တန်းလွှာများ အားလုံး ဖယ်ရှားပစ်ရမည်၊ ထိုင်းနိုင်ငံကို သန့်စင်ရေး ပြုလုပ်ရမည် ဟု တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ဂျီရီးယားနိုင်ငံနည်းတူပင် ထိုင်းနိုင်ငံ၏နိုင်ငံရေးပြဿနာမှာ စစ်ဘက်ကြားဝင်ထိန်းသိမ်းမှုဖြင့် ဖြေရှင်း နိုင်ဖွယ်ရာ မရှိပေ။ သို့သော် အခြေအနေများ ဆက်လက်ဆိုးရွားလာမည့်အနေအထားကို ထိုင်းစစ်ဘက် မှ အဆင်သင့်ပြင်ကာ စောင့်ဆိုင်းလျက် ရှိသည်။
တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan အနေဖြင့် အာဏာသက်တမ်း (၁၁)နှစ်တယာ ကာလအတွင်း တူရကီစစ်တပ်ကို နိုင်ငံရေးအသွေးအရောင်ကင်းစင်စေရန် ဆောင်ရွက်နိုင်ခဲ့ပြီး လွတ် လပ်သော သတင်းစာကို ဖန်တီးပေးနိုင်ခဲ့ကာ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်း မျိုးဆက်သစ် အင်အားစု အများအပြား ရောက်ရှိလာစေခဲ့သည်။ ၄င်း၏ တရားမျှတမှုနှင့်ဖွံ့ဖြိုးရေးပါတီက မတ်လ နှောင်းပိုင်း ပြုလုပ်ခဲ့သော တူရကီရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းလုံး အောင်ပွဲရရှိခဲ့ခြင်းကြောင့် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားလိုသူများအား စိတ်ပျက်ဖွယ်ရာ ဖြစ်စေခဲ့သည်။ အောင်ပွဲခံမိန့်ခွန်းတွင် တစ်စုံတစ်ရာသော မြင့်မြတ်မှုများကို ဖော်ပြခဲ့သည်။ အဂတိလိုက်စားမှုများကြောင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခဲ့သူများကို ခြိမ်းခြောက်ခဲ့သည်။ (ယင်းသို့ ထုတ်ပယ်ရာတွင် မိသားစုဝင်များ လည်း ပါဝင်ခဲ့သည်။) မိမိတို့သည် ဤနိုင်ငံ၏ အရှင်သခင်များ ဖြစ်သည်ဟု ထောက်ခံသူ ပြည်သူများကို အာမခံခဲ့သည်။ အတိုက်အခံများအတွက် ၄င်း၏အောင်ပွဲမှာ အော်တိုမင်အင်ပါယာနှင့် ရင်ဆိုင်ရခြင်း ဟူ၍ အမွှမ်းတင်ခဲ့သည်။
တူရကီ ဒီမိုကရေစီမှာ ဥရောပနိုင်ငံများ၏ ဒီမိုကရေစီပုံစံမျိုးမဟုတ်ဘဲ မလေး ရှားဒီမိုကရေစီကဲ့သို့သော စံနှုန်းမမီဒီမိုကရေစီ ဖြစ်လာနိုင်သည်။ ၀န်ကြီးချုပ် Erdogan အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခဲ့လျှင် သမ္မတ သို့မဟုတ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နိုင်ရန် ပြင်ဆင်လျက်ရှိရာ ထိုလမ်းကြောင်းသာ ထွက်ပေါ်လာခဲ့ပါက တူရကီသည် ဒုက္ခတွင်းက ဒီမိုက ရေစီ ဖြစ်လာနိုင်သည်။ စာနယ်ဇင်းသမားများမှာ အကြောင်းပြချက်ခိုင်ခိုင်မာမာ ရှိနေသည့်တိုင် အမှန် တရားကို ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိကြပေ။ တူရကီနိုင်ငံတွင် စာနယ်ဇင်းသမားများကို ထောင်ဒဏ် ချမှတ်မှုမှာ အခြားနိုင်ငံအားလုံးထက် ပိုမိုသာလွန်နေသည်။ စီးပွားရေးသမားများမှာ အတိုက်အခံပါတီ များကို ထောက်ခံမှု မပေးဝံ့ကြ၊ တရားသူကြီးများမှာ အုပ်ချုပ်သူများကို မဆန့်ကျင်ဝံ့၊ အနောက်နိုင်ငံများ တွင် တရားမျှတမှုနှင့်ဖွံ့ဖြိုးရေးပါတီအား အစ္စလာမ်နှင့် ဒီမိုကရေစီပေါင်းစည်းရာတွင် အောင်မြင်ခြင်း မှတ်တိုင် တစ်ရပ်အဖြစ် ချီးကျူးထောက်ခံလျက်ရှိရာ သြဇာလွှမ်းမိုးနိုင်ရေးအတွက် ပုံစံခွက်အဟောင်းသို့ တ၀ဲလည်လည် ဖြစ်လာနိုင်သည်။ တူရကီဒီမိုကရေစီသည် အချိန်ကြာလာသည်နှင့်အမျှ ဥရောပ ဒီမိုကရေစီနှင့် အလှမ်းကွာလာခဲ့ပြီး မလေးရှားဒီမိုကရေစီပုံစံ ပေါက်သည်ထက်ပေါက်လာခဲ့သည်။ မလေးရှားနိုင်ငံတွင် ဒီမိုကရက်များ၏ ဖောက်ထွက်မှုအဖြစ် ကမ္ဗည်းတင်တော့မည် ဟု ၂၀၁၃ ခုနှစ် အတွင်း အားလုံးက မျှော်မှန်းခဲ့သော်လည်း ခဲလေသမျှ သဲရေကျခဲ့ရသည်။ အန်ဝါအီဗရာဟင်ဦးဆောင် သော အတိုက်အခံများသည် အထွေထွေရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိခဲ့သည်ဟု ဆိုကြသော် လည်း အာဏာပါတီ၏ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီ ဟု ဆိုအပ်သော အိန္ဒိယနိုင်ငံကိုလည်း အာမခံ၍ မရနိုင်သေး။ အိန္ဒိယ နိုင်ငံတစ်ဝှမ်း ဧပြီလဆန်းပိုင်းမှာ မေလလယ်အထိ ပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲများတွင် ဒီမိုကရေစီရွေးချယ်ခွင့်အတွက် စာမျက်နှာသစ်ဖွင့်လှစ်ခဲ့ပြီး လူသားသမိုင်းကြောင်းတွင် မမြင်မတွေ့ဘူး သော တာဝန်သိမှုမျိုးကို ပြန်လည်မြင်တွေ့ခဲ့ရသည်။ လွတ်လပ်သော ရွေးကောက်ပွဲများကို အကြမ်း ဘက်မှု ကင်းကင်း၊ အုပ်ချုပ်ရေးစွမ်းရည် ကောင်းကောင်းဖြင့် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ ယင်း ရွေးကောက်ပွဲသည် အဂတိလိုက်စားသူများကို အပြစ်ပေးမည်၊ ညံ့ဖျင်းသောအစိုးရကို အာဏာမှ ဖယ် ရှားပစ်မည် ဟူသော ဒီမိုကရေစီသဘောတရားကို အပြည့်အ၀ ဖော်ဆောင်ခြင်း ဖြစ်လာပေမည်။ သို့သော်လည်းပဲ အတိုက်အခံ ဘီဂျေဘီပါတီ၏ အောင်ပွဲသည် ၀ိရောဓိအသွင် ဆောင်စေမည် ဖြစ်သည်။ ဂူဂျာရက်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော (၁၂)နှစ်တာ ၀န်ကြီးချုပ်သက်တမ်း အတွင်း နရန္ဒြာ မိုဒီသည် စီးပွားရေးတိုးတက်မှုများကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့မှု မရှိရုံသာမက ဝေဖန်ပြစ်တင်မှုများကို သည်းမခံတတ်၊ ဖော်လံဖားများကို နှစ်သက်ခဲ့သော နိုင်ငံရေးစရိုက်လည်း ရှိခဲ့ သည်။ အကျိုးဆက်အားဖြင့် အိန္ဒိယနိုင်ငံသား လစ်ဘရယ်များအနေဖြင့် မိုဒီ ၀န်ကြီးချုပ်ဖြစ်လာမည့် အနေအထားကို စိုးရိမ်ပူပန်လျက် ရှိသည်။
သတင်းဆိုးချည်းတော့ မဟုတ်ပါ။ ၂၀၁၄ ခုနှစ်သည် ကမ္ဘာအနှံ့အပြားတွင် အရေးကြီးသော ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် နှစ်တစ်နှစ် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဒီမိုကရက်များ၏ မျှော်လင့် ချက်များကို ဂျကာတာမြို့တော်ဝန် တက်ကြွသည့်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် ယိုကိုဝီဒိုဒိုပေါ်တွင် ပုံအပ်ထားခဲ့ကြသည်။ ၀ီဒိုဒိုသည် သမ္မတဖြစ်လာရန် ထိပ်ဆုံးမှ ရေပန်းစားနေသူ ဖြစ်သည်။ တောင်အာ ဖရိကနိုင်ငံတွင် အေအင်န်စီပါတီ(မင်ဒဲလား၏ပါတီ)နှင့် ပါတီခေါင်းဆောင် သမ္မတဂျက်ကော့ဇူးမားတို့၏ အဂတိလိုက်စားမှု မြင့်တက်လာခြင်း၊ စွမ်းဆောင်ရည် ကျေနပ်ဖွယ်ရာ မရှိခြင်းတို့ကြောင့် နိုင်ငံရေး ထောက်ခံမှု သိသိသာသာကျဆင်းလာနေပြီး လစ်ဘရယ်အတိုက်အခံပါတီဖြစ်သော ဒီမိုကရက်တစ် မဟာမိတ်ပါတီ ကို ထောက်ခံမှုများ မြင့်တက်လာနေသည်။ အာဖဂန်နစ္စတန်နိုင်ငံသည်ပင်လျှင် အထိုက် အလျောက် ယုံကြည်စိတ်ချရပြီး လူထုပါဝင်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ဖွယ်ရာ ရှိပြီး ယင်းရွေး ကောက်ပွဲများမှ ဟာမစ်ကာဇိုင်းထက် ပိုမိုစွမ်းဆောင်နိုင်သော သမ္မတတစ်ဦး ထွက်ပေါ်လာဖွယ်ရာ ရှိ နေသည်။
နောင်လာမည့် ရေရှည်ကာလများတွင် စီးပွားရေးတိုးတက်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အရပ် ဘက် လူ့အဖွဲ့အစည်း၏တိုးတက်ဖြစ်ပေါ်မှုတို့ကြောင့် စင်္ကာပူ၊ မလေးရှား၊ ယင်းနောက် တရုတ်၊ ဗီယက်နမ် အပါအ၀င် အော်တိုကရက်နိုင်ငံ အတော်များများ ဒီမိုကရက်တစ် အပြောင်းအလဲဆီသို့ ဦး တည်လာမည် ဖြစ်သည်။ ကမ္ဘာကြီးပေါ်တွင် အဓိကကျသော အကူးအပြောင်းနိုင်ငံများတွင် ဒီမိုကရေစီ ပြန်လည်အသက်သွင်းနိုင်ခြင်း မရှိခဲ့လျှင် အထက်ပါနိုင်ငံများ ဒီမိုကရက်တစ်လမ်းကြောင်းပေါ် ရောက်ရှိ စေမည့် ရေရှည်ကာလမှ ပိုမို၍ ဝေးကွာသွားနိုင်ပြီး အနီးစပ်ဆုံးကာလများတွင် ဒီမိုကရေစီ ရှေ့တော်ပြေး ဖြစ်သော လွတ်လပ်မှုများ အစီအရီထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
●မြန်မာ့နွေဦးနှင့် ဒီမိုကရက်တစ်ရီဆက်ရှင် ●
အထက်ပါ စာတမ်းမှာ ဒီမိုကရက်တိုင်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူ လာရီဒိုင်းမွန်း၏ နောက်ဆုံး ထွက်ပေါ်လာခဲ့သော ဒီမိုကရက်တစ်ရီဆက်ရှင် သတိပေးချက် ဖြစ်သည်။ ဒီမိုကရေစီကူးပြောင်းခဲ့သော နိုင်ငံများတွင် ဒီမိုကရေစီဘရိတ်ဒေါင်း ဖြစ်စဉ်မှာ (၅)နိုင်ငံလျှင် (၁)နိုင်ငံနှုန်းထား ရှိခဲ့သည်ကို လာရီ ဒိုင်းမွန်း က မီးမောင်းထိုးပြခဲ့သည်။ ယင်းရီဆက်ရှင်လှိုင်းတွင် ပါဝင်ခဲ့သော နိုင်ငံများမှာ ဒီမိုကရက်တစ် လူဦးရေ ထူထပ်ပြီး စီးပွားရေးကြီးမားသော အနောက်အုပ်စုဝင် မဟုတ်သည့် နိုင်ငံများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ထောက်ပြသည်။ အာရပ်နွေဦးကိုလည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလတွင် လွတ် လပ်မှုနှင့် နိုင်ငံရေးဗဟုဝါဒတို့ နောက်ကြောင်း ပြန် လှည့်သွားပြီ ဟု မှတ်ချက်ပြုသည်။
လိမ္မော်ရောင်နွေဦး ဟု ကင်ပွန်းတပ်ခဲ့ကြသော ယူကရိန်းဒီမိုကရေစီကို စောင့်ကြည့်နေရခြင်း သည် နောက်ဆုံးထွက်ပေါ်လာနေသော ပထ၀ီနိုင်ငံရေးအန္တရာယ်နှင့် ဆက်စပ်နေသည့် ရီဆက်ရှင် ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီး အသွင်ကူးပြောင်းရေးပဋိဥာဉ်ကို ထောက်ပြသွားခဲ့သော လာရီဒိုင်းမွန်းသည် မြန်မာ့နွေဦးကို ရီဆက်ရှင်စာရင်း မသွင်းသေးကြောင်း တွေ့ရှိရသည်။
ဤစာတမ်းတွင် လာရီဒိုင်းမွန်း အဓိကထောက်ပြထားသော အချက်မှာ လက်ရှိ ရှေ့တိုးမယောင် နှင့် နောက်ဆုတ်သွားသော ဒီမိုကရေစီအသွင်ကူးပြောင်းစ လမ်းခုလတ်နိုင်ငံများတွင် ဒီမိုကရေစီ အမြန် ဆုံး ပြန်လည်ရှင်သန်နိုင်ရေးကို မျက်မှောက်ပြုကြရန် ဖြစ်သည်။ သို့မဟုတ်ပါက လက်ရှိကြုံတွေ့နေရ သော ဒီမိုကရက်တစ်ရီဆက်ရှင်ကာလ ရှည်ညောင်းနိုင်မည့်သဘော ဖြစ်သည်။ ရီဆက်ရှင်ကာလသို့ စာရင်းသွင်းခြင်း မခံရသေးသော မြန်မာ့ဒီမိုကရေစီ ရီဆက်ရှင်နွံအတွင်း မသက်ဆင်းရေး၊ မြန်မာ့နွေဦး စိမ်းလန်းစိုပြေ ရှင်သန်ရေးမှာ လက်ရှိနိုင်ငံရေးခေါင်းဆောင်များ၏ အမြော်အမြင်ပေါ်တွင်သာ မူတည်နေ ပေလိမ့်မည်။ ဤအမြော်အမြင်ကို လက်တွေ့ စမ်းသပ်မည့် မှတ်ကျောက်(၂)ရပ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့ ဖြစ်ပေလိမ့်မည်။
ယင်းမှတ်ကျောက်(၂)ဆင့်သည်ပင်လျှင် မြန်မာ့နွေဦး ရီဆက်ရှင်အတွင်းကျရောက်မည်လား၊ ဘရိတ်ဒေါင်းဖြစ်စေမလား၊ ယင်းတို့ကို ကျော်ဖြတ်၍ နွေဦးပန်းတို့ ဖူးပွင့်လေမည်လား ဟူသည်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်ပေသည်။
[Ref : Democracy's Deepening Recession by LARRY DIAMOND]
[Source : Democracy Today Newspaper, 8-5-2014]
(မှူးဇော်)

0 comments:
Post a Comment