Thursday, May 22, 2014

ရန်ဘက်နှင့် မိတ်ဘက်ရှိနေသည့် ကြိုးတန်းပေါ်က မြန်မာနိုင်ငံအရေး


၂၀၁၃ ခုနှစ်ကတည်းက စတင်လာခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးသည် ၂၀၁၄ ခုနှစ်တွင် အရှိန်အဟုန်တစ်ခု ဖြစ်လာသည်ကို တွေ့မြင်ရသည်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလို့ ပြောလျှင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို အဟန့်အတား ဖြစ်စေ သော ပုဒ်မ ၅၉ (စ) (ပုဒ်မ ၅၉ အရ သမ္မတ၊ ဒုတိယသမ္မတ တို့၏ အရည်အချင်း သတ်မှတ်ရာတွင် ဇနီး၊ ခင်ပွန်းဖြစ်စေ၊ သားသမီးဖြစ်စေ နိုင်ငံသားဖြစ်ရန် လိုအပ်ကြောင်း ပါရှိသည့်အတွက် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှ ပတ်စ်ပို့ ကိုင်ဆောင်ထားသော သားနှစ်ယောက် ရှိနေခဲ့သည်)၊ ပုဒ်မ ၄၃၆ (ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက လွှတ်တော်ထဲက ၇၅ ရာခိုင် နှုန်းကျော်၏ ထောက်ခံမဲ ရရှိမည်ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေါင်း ထက်ဝက်ကျော် ထောက်ခံမှု ရရှိရန် လိုအပ်) စသည့် အချက်တွေကို ပြင်ဆင်လိုကြောင်း ပြောဆိုနေကြတာတွေကိုလည်း တွေ့မြင် နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင် သည့်အတွက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ၂၀၁၀ ရွေးကောက် ပွဲက တက်လာခဲ့သော အရပ်သား အစိုးရလက်ထက်တွင် ညှိနှိုင်း ဆွေးနွေးမှု ရယူခဲ့ပြီး အင်န်အယ်လ်ဒီပါတီက တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာခဲ့ခြင်းမှာ ပြည်သူလူထုအတွက် မျှော်လင့်ချက်ကြီး ဖြစ်လာပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ရောက်ရှိသည်နှင့် နိုင်ငံရေး အင်အားစု များက လွှတ်တော်တွင်းမှနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ ကြသည်။

၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း တင်ပြခဲ့ သည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဖြစ်နေသည်ကို တွေ့သည့်အခါ ပြည်သူများပင် မဆိုထားနှင့် နိုင်ငံရေး အင်အားစု အချို့ပင် အံ့သြကုန်ကြသည်။

သို့ပေမယ့်လည်း လွှတ်တော်တွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မည်သူကပင် အဆိုတင်သွင်းခဲ့သည် ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ကော်မတီ ဖွဲ့ပြီး လေ့လာ သုံးသပ်ဆဲ ရောက်လာခဲ့ သည်ကိုလည်း တွေ့မြင်ရပါသည်။ ထိုပုံစံအတိုင်းသာဆိုလျှင် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်တွင်းသို့ အများဆုံး ရောက်ရှိမည်မှာ အင်န်အယ်လ်ဒီ ပါတီဖြစ်သည်ဟု သုံးသပ် နိုင်ခဲ့ပါသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲလိုပင် လွတ်လပ်ပြီး တရားမျှတမှု ရှိမည်ဆိုလျှင် အင်န်အယ်လ်ဒီပါတီက အများဆုံး နိုင်ခြေ ရှိသည်မှာ ၈၀ ရာခိုင်နှုန်းခန့်ထိ သေချာကြောင်း နိုင်ငံရေးအင်အားစုများကလည်း သုံးသပ် လာပါသည်။

ပြည်တွင်း ဒီမိုကရေစီစနစ်ကို ထောက်ခံသူများက အင်န်အယ်လ်ဒီပါတီကလွဲပြီး အခြား ပေးစရာပါတီ မရှိသလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာ မလွဲအပ်လို သူများကလည်း အင်န်အယ်လ်ဒီကို မဲပေးဖို့သာ စဉ်းစားပါသည်။ ထို့ပြင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အတွက် မိသားစုကို စွန့်ပေးခဲ့သည့်အချက်၊ လွတ်လပ် ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့် အချက်ကလည်း အခြားသော နိုင်ငံရေးသမားများထက် အားသာချက် ဖြစ်သလို အင်န်အယ်လ်ဒီပါတီ၏ အားသာချက် လည်း ဖြစ်ပါသည်။

၂၀၁၅ တွင် အင်န်အယ်လ်ဒီပါတီ အနိုင်ရမည်မှာ သေချာသလို တွက်ဆလို့ ရနိုင်သော် လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးက သေချာမှု မရှိသည့် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လိုခြင်း ဖြစ်သည်ဟု သုံးသပ်လာကြ ပါသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး အတွက်ဆိုလျှင်တော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်မည်ဟု သုံးသပ်လာသူ များလည်း ရှိပါသည်။

၂၀၁၃ ခုနှစ်အတွင် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လိုကြောင်း အန်အယ်လ်ဒီ ပါတီဝင် များနှင့် ပါတီထောက်ခံသူများက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သည့်အခါ အခြေခံဥပဒေ ပြင်ဆင် လိုခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့အတွက်လား ဟူသော မေးခွန်း ထွက်ပေါ် လာခဲ့ပြီး တိုင်းရင်းသား လူမျိုးစုများကြားတွင် ၅၉ (စ) ပြင်ဆင်ရေး တောင်းဆိုချက်ကို ထောက်ခံမှု အားနည်းခဲ့ပါသည်။

မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားလူမျိုးစုများ၏ အခန်းကဏ္ဍကလည်း အရေးပါလှ ပါသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်တွင်း ပဋိပက္ခ ဖြေရှင်းနိုင်ရေးကိုလည်း မေ့ထားလို့ ရနိုင်မည် မဟုတ်ပါ။

ထိုအချက်များကို ထည့်စဉ်းစားမည်ဆိုလျှင် လက်ရှိအစိုးရနှင့် လက်ရှိအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း ထည့်စဉ်းစားရပါမည်။ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ခြင်း သည် မြန်မာ့ ဒီမိုကရေစီရေးအတွက် ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်မည် ဆိုလျှင် တပ်မတော် အစိုးရ၏ ပြုပြင်ပြောင်းလဲပေးလိုက်ခြင်းကိုလည်း အသိအမှတ် ပြုရပေလိမ့် မည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာခဲ့သော အစိုးရသစ်သည် အစိုးရသစ်တက်ပြီး မကြာမီ ကာလမှာ နိုင်ငံတကာကပင် အံ့သြသွားနိုင်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်လို၊ ဦးမင်းကိုနိုင်လို၊ ဦးကိုကိုကြီးလို ပြည်သူလူထု အားပေးထောက်ခံမှုရှိသူများ ပါဝင်လာနိုင်သော နိုင်ငံရေး အခင်းအကျင်း မျိုးကို ဖန်တီးပေးခဲ့ပါသည်။

နိုင်ငံရေး လွတ်လပ်မှုများ ရှိလာပြီး ယခင်ခေတ်များကလို မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက် စရာမလိုဘဲ မြေပေါ်မှာ လွတ်လပ်စွာ ပြောဆိုဟောပြောနိုင်သော အခြေအနေ တစ်ရပ်လည်း ဖြစ်လာပါသည်။

ဦးသိန်းစိန် အစိုးရအနေနှင့်လည်း လက်နက်ကိုင် အဖွဲ့အစည်း အချို့မှအပ ကျန်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အစပျိုး ပေးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ထို့ပြင် ပြည်တွင်းသတင်း မီဒီယာလုပ်ငန်းများကိုလည်း ပုံနှိပ်ထုတ်ဝေမှု မလုပ်ခင် စိစစ်ရေး တင်ရသော ဆင်ဆာလုပ်ငန်းများကို ဖယ်ရှားပေးပြီး လွတ်လပ်စွာ ထုတ်ဝေ ခွင့်ပြုခဲ့သည်။ အခြားသိသာ ထင်ရှားသော ပြောင်းလဲမှုများမှာ သမဂ္ဂသစ်များ ဖွဲ့စည်း လှုပ်ရှားခွင့် ရလာ ခဲ့ပြီး နိုင်ငံတကာနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ရလာခဲ့သည်။

လက်ရှိအစိုးရအနေဖြင့် ပြည်တွင်းပဋိပက္ခများဖြေရှင်းနိုင်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြောင်းလဲတိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ယခင်အစိုးရများထက် ပိုပြီး ကောင်းမွန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်သည်ကိုလည်း နိုင်ငံတကာ က အသိအမှတ်ပြုခြင်းကို လက်ခံခဲ့ရကြောင်း တွေ့မြင်ရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုလည်း အခြားနိုင်ငံ့ခေါင်းဆောင်များလိုပင် နိုင်ငံတကာ နိုင်ငံ့ခေါင်းဆောင်များက ဖိတ်ကြားမှုများရှိလာခဲ့ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်သော ခေါင်းဆောင်တစ်ဦးအနေဖြင့် အသိအမှတ်ပြု လေးစားမှု ရှိလာခဲ့တာကိုလည်း တွေ့မြင်ရ ပါသည်။

နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်ခြင်းအပြင် အရှေ့တောင်အာရှ အားကစားပွဲကို မြန်မာ နိုင်ငံမှာ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံ ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာကလည်း မြန်မာနိုင်ငံကို ဒေသတွင်း လေးစားမှု ရရှိခဲ့ခြင်းကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်ကိုလည်း တွေ့မြင်ရပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံဥပဒေပါ သမ္မတနဲ့ ဒုတိယသမ္မတများရဲ့ အရည်အချင်း သတ်မှတ်ချက် တွေကို ပြုပြင်ပြောင်းလဲပြင်ဆင်ပေးဖို့ ပြောဆိုလာခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပြီး လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အင်န်အယ်လ်ဒီ ပါတီက အရ ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြပါသည်။

ထို ၂၀၁၃ ခုနှစ်တွင်းမှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၀၂/၀၉/၂၀၁၃ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး ဝါရင့် နိုင်ငံရေးသမားကြီးများ၏ ညည်းညူသံ အချို့နှင့် စိုးရိမ်မကင်း ဖြစ်လာသည်ကိုလည်း ကြားခဲ့ရသည်။ ထိုကြေညာချက်နှင့်အတူ “အင်န်အယ်လ်ဒီက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မလို့လား၊ ဘယ်သူကလုပ်ပေးမှာလဲ” ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

သတင်းမီဒီယာ သမားများကလည်း နှစ်နှစ်သား သာသာခန့်သာ ရှိသေးသော မြန်မာ့ ဒီမိုကရေစီရေးကာလ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော ပြည်သူများ၊ နိုင်ငံရေး အမြင်နှင့် ဗဟုသုတ အားနည်းနေသေးသော နိုင်ငံရေး မျိုးဆက်သစ်များ စတဲ့ အခြေ အနေမှာ လူထုဆန္ဒအမှန်ကို ထုတ်ဖော်နိုင်ပါ့မလား ဆိုသည့် စိုးရိမ်ပူပင်မှုများလည်း ရှိခဲ့ကြသည်။

၂၀၁၃ အလွန် ၂၀၁၄ အစမှာ အင်န်အယ်လ်ဒီပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်သူလူထုကို ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲများ ဆက်တိုက် ပြုလုပ် လာကြသည်ကို တွေ့မြင်ရပြီး လူထုအများစုပါ ပါဝင်နိုင်ရေးအတွက် လှုပ်ရှားလာကြ သည် ကိုလည်း တွေ့ရပါသည်။ ဟောပြောပွဲများတွင် တက်ရောက် နားထောင်သူ ပြည်သူလူထု အများစုဖြင့် ကွင်းလုံးပြည့် တွေ့လာရပါသည်။

၂၀၁၅ မတိုင်မီ နိုင်ငံရေး အခြေအနေနှင့် ပတ်သတ်ပြီး နိုင်ငံရေး သုံးသပ်သူများ ထံက လည်း စိုးရိမ်မကင်းသံများ ထွက်ပေါ်လာပါသည်။ အင်န်အယ်လ်ဒီပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ရေးကို ပြန်သွားမှာလား ဆိုသည့် မေးခွန်းက ထွက်ပေါ်လာခဲ့ပါသည်။

ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ ပြည်သူလူထု၏ သဘောထားဆန္ဒကို အခြေခံသည်မှာ မှန်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိုလည်း ဒီမိုကရက်တစ် မူဘောင် အတွင်းက လှုပ်ရှားမှသာ မှန်ကန်သည်ဟု ပြောလို့ရနိုင်ပါမည်။ အခြေခံဥပဒေ ပြင်ဆင် လိုခြင်း ကိစ္စရပ်များသည် လွှတ်တော်လမ်းကြောင်းမှ သွားရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အခြေမကျသေးသည့်အတွက် စံချိန်မီ ဒီမိုကရေစီ ဖြစ်ရေး အတွက် အဆင့်ဆင့် ပြောင်းလဲရမည့် ကိစ္စရပ်များကို မကိုင်တွယ် မှားယွင်း သွားပါက ဦးတည်လားရာသို့ မရောက်နိုင်ဘဲ နောက်ကြောင်းပြန် မဟာဗျူဟာကို ရောက်သွား နိုင်သည် ကိုလည်း စိုးရိမ်မိပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း သင်ခန်းစာယူရမည့် သင်ခန်းစာဟောင်းများကို ပြန်လည် သတိ မပြုမိလျှင်ဖြင့် ယခင်ကလို အင်န်အယ်လ်ဒီပါတီဝင်တွေ၊ အင်န်အယ်လ်ဒီပါတီ ထောက်ခံသူ တွေ နှစ်ပေါင်းများစွာ ဆယ်စုနှစ်နှင့်ချီပြီး ထောင်နန်းစံရဦးမှာကိုလည်း စိုးရိမ်မိပါသည်။

ကြိုးတန်းပေါ်တွင် ရှိနေသော မြန်မာနိုင်ငံသည် ဒီမိုကရက်တစ် ယဉ်ကျေးမှုဖြစ်သော စေ့စပ်ညှိနှိုင်း အဖြေရှာရေးမှ ထိပ်တိုက်ရင်ဆိုင်ရေးသို့ ပြန်လည် ရောက်မသွားစေရန် အတွက် ရန်ဘက်နိုင်ငံရေးမျိုးထက် အပြန်အလှန် ညှိနှိုင်းအဖြေရှာထုတ်ရမည့် မိတ်ဘက် နိုင်ငံရေး ကိုသာ သွားသည့်သည်ဟု ထင်မြင်ယူဆမိပါသည်။

မေသင်္ကြန်ဟိန်း (မြစ်မခ)
Democracy Today သတင်းစာ အတွဲ(၁) အမှတ်(၇၄) မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment