Thursday, May 15, 2014

လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးပါက ကုမ္ပဏီနှင့်စစ်ဆေးသူကို ၀န်ကြီးဌာန တရားစွဲဆိုမည်



ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဝတ်စုံပြည့်လုပ်ကိုင်နေသော အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

လုပ်ငန်းခွင်သုံးပစ္စည်းများ သုံးစွဲလုပ်ကိုင်စဉ် ထိခိုက်သေဆုံးမှုဖြစ်ပွားပါက ကုမ္ပဏီနှင့် စစ်ဆေးကြီးကြပ်သူတို့ကို တရားစွဲဆိုမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်းအသုံးပြုနေသည့် လုံခြုံရေးပစ္စည်းများမှာ အလုပ်သမားများအတွက် လုံခြုံမှု အာမခံမရှိဘဲ အသုံးပြုနေသဖြင့် မကြာမီထွက်ရှိမည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းဥပဒေအသစ်တွင် အဆိုပါလုံခြုံရေးပစ္စည်းများကို စစ်ဆေးသည့်အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းပစ္စည်းများ အသုံးပြုရင်း လုပ်သားများ ထိခိုက်မှုဖြစ်ပါက ကုမ္ပဏီနှင့်စစ်ဆေးဆောင်ရွက်သူတို့ကို ၀န်ကြီးဌာနက တရားစွဲဆို အရေးယူမှု ပြုလုပ်မည်ဟု ဆိုသည်။

‘‘အလုပ်သမားဝန်ကြီးဌာနက မစစ်ဘူး။ စစ်ဆေးတဲ့သူကို အစိုးရနဲ့ ကုမ္ပဏီမဟုတ်ဘဲ အဖွဲ့တစ်ခုဖွဲ့မယ်။ အဲဒီအဖွဲ့က စစ်ဆေးမယ်။ စစ်ဆေးပြီးလို့ အလုပ်သမားကပေါ့ဆလို့မဟုတ်ဘဲ ဒီပစ္စည်းပါရဲ့သားနဲ့ ထိခိုက်သွားရင် ကုမ္ပဏီ(သို့မဟုတ်) စစ်ဆေးတဲ့သူ ကိုတရားစွဲသွားမယ်။ အဓိကတော့ စစ်ဆေးတဲ့သူကိုအရေးယူမှာပေါ့’’ ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတော်တဆမှုများမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အများဆုံး ဖြစ်ပွားပြီး တစ်စုံတစ်ခု ဖြစ်ပါက နစ်နာကြေးအနည်းငယ်မျှသာမိသားစုက ခံစားခွင့်ရရှိကြသည်။ သို့သော် အလုပ်သမားက ကုမ္ပဏီတိုက်ရိုက်ဝန်ထမ်းမဟုတ်ဘဲ တစ်ဆင့်ခံကန်ထရိုက်လုပ်သားဖြစ်ပါက နစ်နာကြေးပင်မရရှိတတ်ကြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် ၀င်ရောက်လာသည်နှင့်အမျှ လုပ်ငန်းခွင်အတွင်းလုပ်သားများ လုံခြုံမှုမှာလည်းအရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်လာသဖြင့် အစိုးရက ဥပဒေသစ်တစ်ရပ်အဖြစ် ယခုနှစ်ကုန်တွင် ထွက်ရှိလာမည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရခြင်းဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ အခုသုံးနေတဲ့ Safely ပစ္စည်းတွေက အရည်အသွေးမရှိပါဘူး။ ခုံပေါ်တင်လို့ လက်ကလေးနဲ့ ဖိမိရင်ပျော့သွားနိုင်ပါတယ်။ အကာအကွယ်ပေးနိုင်မယ့်ပစ္စည်း မရှိသေးပါဘူး’’ဟု လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး သင်တန်း ဆောင်ရွက်လျက်ရှိသည့် Global Education Center မှ Registered Safety Officer ဦးအောင်ကိုက ပြောသည်။

အဆိုပါ လုံခြုံရေးပစ္စည်းများကို စမ်းသပ်စစ်ဆေးဆောင်ရွက်သည့် အာဆီယံဒေသတွင်းနိုင်ငံများမှာ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းခွင်အတွင်း လုံခြုံရေးပစ္စည်း အကာအကွယ်များအသုံးပြုမှုမှာ အလုပ်ရှင်အပါအ၀င် အလုပ်သမားများ လိုက်နာအသုံးပြုခြင်းမရှိသေးဘဲ အားနည်းလျက်ရှိနေသေးသည်။

‘‘တချို့ အလုပ်ရှင်တွေက ငွေကြေးအားနည်းချက်ရှိတာလည်းပါသလို လုံးဝမလုပ်တာတွေလည်းရှိပါတယ်။ လက်ရှိအခြေအနေမှာ ၁၀၀ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ ပြောချင်ပါတယ်’’ ဟု Global Education Center မှ အတိုင်ပင်ခံဦးဖြိုးဝေဦးက ပြောသည်။

7Day Daily

0 comments:

Post a Comment