Wednesday, May 14, 2014

တစ်မိုင် တစ်ဦး အမြန်လမ်း

“ကို...ရောဟင်...” ဟု ခုတင်ပေါ်မှ တောင့်တောင့်ကြီး ဆန့်နေရသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးက မပွင့်တပွင့် လေသံဖြင့် ခပ်တိုးတိုးလေး မေးရှာသည်။



သူမ၏ မျက်နှာအနှံ့တွင် ပွန်းရှထားသည့် ဒဏ်ရာဒဏ်ချက်တို့က ပြည့်လုနီးပါး။ မေးစေ့တစ်ခုလုံးမှာ မိုးကျ သပြေသီးပမာ ညိုပြောင်ပြောင် အရောင်တောက်နေသည်။ ပြင်းထန်သော အတွင်းပိုင်း ဒဏ်ရာတို့ကို သူမက ခေတ္တမေ့ထားဟန် တူသော်လည်း ဦးခေါင်း အနည်းငယ် စောင်းရုံဖြင့် သူမထံမှ အော်ညည်းသံ ထွက်လာသည်။ အော်ညည်းသံကြားမှပင် မေလ ၁၂ ညနေပိုင်းက နေပြည်တော်-ရန်ကုန်သွား ရာဇာမင်း အဝေးပြေးကားပေါ်မှ သူမနှင့် ပူးတွဲထိုင်လိုက်လာသော ခင်ပွန်းကို သူမက မေးခြင်းဖြစ်သည်။

အထိတ်တလန့်ဖြစ်ဖွယ် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့်အကြာ မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိ ခရီးသည် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ ၁၄ ဦးတွင် သူမ၏ ခင်ပွန်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ယခုနှစ်အတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သော ဒုတိယမြောက် အမြန်လမ်း ယာဉ်တိမ်းမှောက်မှုလည်း ဖြစ်သည်။

အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက် ည ၂ နာရီခွဲအချိန် ဖြစ်ပွားခဲ့သော အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိအပြီး ၁၃ ဦး သေဆုံးပြီးနောက် တစ်လခန့်အကြာ ရာဇာမင်း ယာဉ်တိုက်မှု ထပ်ဖြစ်ပွားခြင်း ဖြစ်သည်။
“ဟိုဘက်အဆောင်မှာပါ။ ညီမလေး စိတ်မပူနဲ့နော်” ဟု ရာဇာမင်းယာဉ်ပေါ်ပါ ခင်ပွန်းသည်အကြောင်း မေးနေသူကို လူနာစောင့် အမျိုးသမီးက ပြန်အဖြေ ပေးလိုက်သည်။

သို့သော် ဘေးမှ လူနာသတင်းမေးများကို မြင်သာရန် လူနာစောင့်က မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ ထိုလူနာစောင့်၏ မျက်နှာက တစ်ချက်တစ်ချက် ငိုမဲ့မဲ့။ ဆုံးပါးသွားသူ ခင်ပွန်း ရှိနေသေးကြောင်း လိမ်နေရသည့်အပြင် မချိတင်ကဲ ပြုံးရသည့် အလုပ်ကိုပါ လူနာစောင့်က ပူးတွဲလုပ်နေရသည်။
“ဘာမှမဖြစ်ဘူးနော်။ ကောင်းသွားကြမှာပါ” ဟူသော အားပေး စကားလုံးတို့က သွေးညီနံ့၊ သွေးပုပ်နံ့တို့က ပျံ့နှံ့နေသော ခွဲစိတ်ဆောင်အမှတ် (၁) နှင့်(၂) တို့တွင် ရောပြွမ်းနေ၏။

တိမ်းမှောက်သွားသော ရာဇာမင်း ယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ် အတက်တွင် လမ်းချော်၍ ချောက်အတွင်း ပြုတ်ကျခြင်း ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီ ကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမှ ပြန်လာသူ ဦးစိုးမင်းလွင်က ပြောကြားသည်။

ဦးစိုးမင်းလွင်မှာ ထိုးကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များကို ပထမဆုံး ကူညီခဲ့သူ။

အခြား ယာဉ်တိမ်းမှောက်၊ တိုက်မှုများကဲ့သို့ပင် အမြန်လမ်း သမိုင်းတစ်လျှောက် လူအများဆုံး သေဆုံးခဲ့သော ယခုယာဉ်တိုက်မှုကိုလည်း လူ့အပြစ်လော၊ လမ်းအပြစ်လော အငြင်းပွားကြဦးမည်။ လမ်းအပြစ် ဖြစ်ကြောင်း ပြောသူတို့တွင်လည်း သက်သေများရှိသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေသာဓက မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကွန်ကရစ်လမ်း ခင်းမယ်ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသားသေလောက်တဲ့ အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီးပြီး နှစ်တိုတို အတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခုနှစ် သင်္ကြန်လေးရက်တာ ကာလအတွင်းမှာပင် အဆိုပါ အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်မဆ ဖြစ်ပွားမှုပေါင်း ၂၂ ခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၁၆ ဦး အထိရှိခဲ့ကာ လူပေါင်း ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ပြောဆိုချက်ကို ထောက်ရှုပါက အမြန်လမ်း၏ အနေအထားမှာ စိုးရွံ့စရာပင်။

ထိုနည်းတူ ယာဉ်မောင်းအပြစ် (လူ့အပြစ်) ဟုဆိုရန်လည်း အကြောင်းခြင်းရာများ ရှိနေသည်။

မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေးကားဂိတ်မှ ထွက်ခဲ့သော ရာဇာမင်းကားသည် နေပြည်တော် စစ်ဆေးရေးဂိတ်အထွက် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းပေါ် စရောက်ကတည်းကပင် ဘယ်ညာယိမ်းနေပြီဟု ခရီးသည်အဖြစ် လိုက်ပါသွားသည့် အစိုးရဝန်ထမ်း အမျိုးသမီးက ဆိုသည်။
“မြန်တာကလည်း မြန်တယ်။ ထိန်းမရဖြစ်တာ သိသာတယ်” ဟု ၎င်းက ခုတင်ပေါ်မှ ပက်လက် အနေအထားဖြင့် ပြောသည်။

ကားပေါ်လိုက်ပါခဲ့သည့် မန္တလေးမြို့နေ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ ကားမောင်းသူမှာ မူမမှန်ဟု ပြောသည်။
“ကားမောင်းတဲ့သူက မူးနေတာလေကွာ” ဟု ဘယ်လက်မောင်းရိုးနှင့် နံရိုးနှစ်ချောင်း ကျိုးသွားသောသူက မကျေနပ်သော လေသံဖြင့် ဆိုသည်။

ကားမှောက်ရခြင်းမှာ လမ်းချောနေသဖြင့်ဟု ပြောဆိုနေသော်လည်း အခင်းဖြစ်ပွားပြီး မကြာမီ အဆိုပါ နေရာသို့ ရောက်သွားချိန်တွင် လမ်းမှာ ခြောက်နေပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကွန်ပျုတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဦးဘဆွေက ပြောကြားခဲ့သည်။
“ဒီတော့ လူအမှားတွေလည်း မကင်းဘူးလို့ ပြောရမှာပါ” ဟု ၎င်းကဆိုသည်။

လူအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ လမ်းအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နှစ်ခုစလုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယင်းကြောင့်ပင် အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဝင်းက ယာဉ်မတော်တဆမှုများသည် ကားကြံ့ခိုင်ရေး ကောင်းမွန်ခြင်း မရှိသည့် အမှားများ ရှိသကဲ့သို လူသားအမှားကြောင့် အများဆုံး ဖြစ်ပွားရခြင်းကြောင့် အမြန်လမ်းမကြီး တစ်လျှောက်ရှိ အချို့လမ်းပိုင်း နေရာများသည် တစ်ဖြောင့်တည်းရှိပြီး အကွေ့အကောက် နည်းပါးသောကြောင့် ယာဉ်မောင်းများအနေဖြင့် ဂရုစိုက် မောင်းနှင်ရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

ယာဉ်တိုက်၊ တိမ်းမှောက်မှုများ များပြားလာကတည်းက အမြန်လမ်းမကြီး ပုံမှန်ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်းသိမ်းကွပ်ကဲမှုရုံးမှ အထက်မြန်မာပြည် အင်ဂျင်နီယာမှူး ဦးပြည်ဖြိုးဆယ်က ပြောကြားသည်။

“ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ ယာဉ်မောင်းအနေနဲ့ ပေါ့ဆမှုလေးတွေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရာဇာမင်း ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၄၄ ဦးအနက် ၁၄ ဦး ဆုံးပါးသွားခဲ့ပြီး ကျန်ရှိသူများမှာ အနည်းနှင့်အများ ဒဏ်ရာရကြသည်။ အားလုံး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင်။

နံရိုးကျိုးခြင်း၊ အရိုးအက်ခြင်း၊ ခေါင်းကွဲခြင်း၊ ခါးမလှုပ်နိုင်ခြင်း၊ မျက်နှာဖူးရောင်ခြင်းနှင့် မမြင်နိုင်သည့် ကိုယ်တွင်းပိုင်း ဝေဒနာတို့က အသက်ရှင် ကျန်ခဲ့သူတိုင်းတွင် ဖြစ်နေဆဲ။ ထူးခြားသည်မှာ ခေါင်းကွဲ၊ ခြေပေါက်ဒဏ်ရာတို့က သုံးမြှောင့်ပါ စကေဘာခေါ် အချွန်လက်နက်ဖြင့် ထိုးခံရသကဲ့သို့ ဖြစ်နေသည်။ (ဥပမာ-မာစီဒီးကားတံဆိပ်နှင့် ခပ်ဆင်ဆင်တူသည်)။ ထို့အပြင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာကြောင့် ကွက်၍ရိပ်ထားရသော ကတုံးကွက်တို့က လူနာအများစုတွင် ရှိပြန်သည်။

“ကားရှေ့ပိုင်းနဲ့ အရင်ကျတာ။ ရှေ့မှန်ကွဲသွားတော့ ကျော်ခွပြီး အပြင်ထွက်လိုက်တယ်။ ဘေးမှာက သွေးတွေနဲ့ အကုန်သေနေပြီလို့တောင် ထင်ထားတာ” ဟု နေပြည်တော်မှ ပြန်လာသော အစိုးရဝန်ထမ်းက သူမ၏ လုပ်ဆောင်ချက်နှင့် အတွေ့အကြုံကို ပြန်ပြောပြသည်။

အဆိုပါကား ပြုတ်မကျမီကပင် ခရီးသည်တို့က အော်ဟစ်ခြင်း မရှိသလို၊ အခင်းဖြစ်ပြီး ချိန်တွင်လည်း ကျယ်လောင်သော အော်ဟစ်သံမထွက်ဟု သူမက ထပ်လောင်းဆိုသည်။

ခရီးသည်များ၏ အော်ဟစ် ညည်းတွားသံက လူနာဆောင်တစ်ခုလုံး ခပ်သဲ့သဲ့ ထွက်နေသည်။ ယမန်နေ့ ညပိုင်းကတည်းက တာဝန်ကျနေသော ဆရာဝန်နှင့် သူနာပြုများက လူနာ၏ ဒဏ်ရာများကို ချုပ်ပေးရသည့် အလုပ်က မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်အထိ မပြီးသေး။ မစိုးရိမ်ရသည့် အသေးစား ပေါက်ပြဲဒဏ်ရာတို့ကို ချုပ်ပေးနေရသည့် အလုပ်က တစ်ခုတင်ဝင် တစ်ခုတင်ထွက် ။

“ညတည်းက မအိပ်ရသေးဘူး။ စိတ်ချရလောက်မှ ပြန်ရမှာ” ဟု အသက် ၃၀ ဝန်းကျင်ခန့်ရှိ သူနာပြု ဆရာမလေးတစ်ဦးက ဆိုသည်။ သူမ စွပ်ထားသော လက်အိတ်နှင့် ဆေးတွန်းလှည်းပေါ်တွင် သွေးစတို့က မြင်မကောင်း။

ခေါင်းတွင် ဆယ်ပြားစေ့ခန့် ဟောင်းလောင်း ပေါက်နေသည့် လူနာ၊ အပြင်းအထန် ညည်းတွားနေပြီး နာလွန်းသဖြင့် အောက်ပိုင်းအဝတ်ပင် မကပ်နိုင်အောင် ရုန်းနေသော လူနာ စသည်ဖြင့် . . . ။

ထိုလူနာများတွင် အစာစားနိုင်သည့် လူနာဟူ၍ အနည်းအကျဉ်းသာ ရှိသည်။ ရာဇာမင်းကားကို မောင်းနှင်သည့် ဒရိုင်ဘာက အတွင်းလူနာအဖြစ် ကုသနေရသည်။ ယာဉ်အကူကား အခြားခရီးသည် ၁၃ ဦးနှင့်အတူ လူ့လောကကို စွန့်ခွာသွားပြီ ဖြစ်သည်။

လူနာတချို့သူတို့မှာ စိုးရိမ်ရသေးသည်ဟု နေပြည်တော်ကောင်စီမှ သတင်းထွက်သည်။ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ ရောက်လာသည်။ လူနာ တစ်ဦးစီအတွက် ထောက့်ပံ့ငွေများ ပေးသည်။ သတိရသူကို အားပေးစကား ပြောသည်ကို တွေ့ရသည်။ ထောက်ပံ့ငွေ အရေအတွက် မသိရ။
“စာအိတ်လေးနဲ့ ထည့်ပေးသွားတယ်။ ဘယ်လောက်မှန်း မသိပါဘူး” ဟု လူနာစောင့် အမျိုးသမီးတစ်ဦးက ပြောသည်။

သူမစောင့်နေသော လူနာအမျိုးသမီးမှာ အသက် ၅၀ ခန့်အရွယ် ရှိသည်။ လူနာ သတိမရသေး၍ ဆရာဝန်နှစ်ဦး နံဘေးတွင် ရပ်စောင့်နေသည်။ ကျန်လူနာစောင့် တစ်ယောက်က သတိမေ့နေသူ၏ နှာခေါင်းပေါ်တွင် သံပုရာသီး တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ အငိုတစ်ဝက် မျက်ဝန်းတို့က ပူလောင်နေသည့်ဟန်ပြ၏။

ဝန်ကြီးတို့က လူနာများကို ကြည့်၍ စိတ်မကောင်း ဖြစ်သည့်ဟန်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် နေ့စဉ် ဖြတ်သန်း သွားလာနေသော ကားအစီးရေမှာ ၃၀၀ နီးပါး ရှိနေပြီး ယာဉ်လိုင်းပေါင်း ၅၀ ကျော်အနက် ယာဉ်မတော်တဆမှု မဖြစ်ပွားသေးသော ကားလိုင်းမှာ မရှိသလောက်ပင် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်ယာဉ်လိုင်းတစ်လိုင်းမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ မှောက်သည့် ယာဉ်များမှောက် နေသည်။ လမ်းပြင်သူများကလည်း ဆက်ပြင်နေသည်။

၂၀၁၄ ခုနှစ် မကုန်မီ လမ်းတိုးချဲ့ မှုများအပြင် ၂၅ မိုင် အရှည်ထိ ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ စတီးလက်ရမ်းများ တပ်ဆင်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကားသမား ပေါ့ဆမှုကြောင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားခဲ့ရင်တောင်မှ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေနိုင်တဲ့အထိ ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်တိမ်းမှောက်မှု များလာသဖြင့် သေမင်းတမန်လမ်းဟုပင် သမုတ်ခံလာရသော ရန်ကုန်-မန္တလေး အမြန်လမ်း၏ အရှည်ကား ၃၆၆ မိုင် ၃ ဖာလုံ ရှိသည်။

လမ်းစဖွင့်သည့် ၂၀၀၉ မှ ယနေ့အထိ ယာဉ်တိမ်းမှောက်မူကြောင့် ၃၆၇ ဦး သေဆုံးခဲ့သည်။
သေဆုံးမှုသည် တစ်မိုင်တစ်ဦးနှုန်း ရှိခဲ့ပြီဖြစ်သော အမြန်လမ်း ဖြစ်နေပြီ။

Written by အောင်ထက်၊ ဇေယျာကို (တောင်ငူ)
The Voice Weekly

0 comments:

Post a Comment