Sunday, May 25, 2014

အသဲကွဲ လေဒီလေးများအတွက်….



ပျိုမေတို့ရေ အချစ်တခုနဲ့စတင်တွေ့ရှိတဲ့အချိန်မှာ ပြုံးပျော်ခြင်း၊ ရယ်မောခြင်းတွေနဲ့သာ ပတ်သက်ရလိမ့်မယ်လို့ ထင်ကြမှာပဲ နော်။ အစပိုင်းတော့ ဟုတ်တုတ်တုတ် နောက်တော့ကြာလာလေ တယောက်အကြောင်းတယောက်သိလေ တကယ့်ဘ၀မှာ ထဲထဲဝင်ဝင်ဒီလူနဲ့ ဘယ်လိုမှပတ်သက်ဆက်နွယ်လို့မရလို့ လမ်းခွဲကြရတဲ့သူတွေရှိသလို၊ အချစ်တခုစတင်ခြင်းမှာ ဒီလူနဲ့သာ ချစ်၊ ဒီလူနဲ့သာ လက်ထပ်လို့ သက်ဆုံးတိုင်ရိုးမြေကျ ထပ်တူညီတဲ့ အချစ်တွေနဲ့ ဖိုးဖိုး၊ ဖွားဖွားအရွယ်ထိ ရွှေလက်မြဲလို့ ဇာတ်လမ်းသိမ်းကြသူတွေလည်း မနဲမနောပေါ့။ဘယ်သူကတော့ အလုပ်ပြောင်းလုပ်သလို ဒီအလုပ်နဲ့အဆင်မပြေ နောက် အလုပ်တခုပေါ့ဆိုတဲ့သဘောတရားနဲ့ ဒီလူနဲ့အဆင်မပြေနောက်လူပြောင်းရမယ်ဆိုတဲ့ စီမံကိန်းကြီးနဲ့တော့ အချစ်တခုကို စတင်ပါ့မလဲလေ။ ဘယ်လိုမှရှေ့ဆက်လို့မရတဲ့အဆုံးမို့ ကိုယ့်ဘက်ကစတင်လို့ ဖျက်ရတယ်ပဲဆိုအုံးအနည်းနဲ့အများတော့ ခံစားကြရတော့မှာပဲလေ။

ဒီဝေဒနာကိုခံစားကြရပြီဆိုရင် အဦးဆုံးသတိပေးချင်တာကတော့ အစားထိုးအချစ်တခုကို မရှာမိစေဖို့ပါပဲ။ သူ့ကိုမေ့ပစ်ဖို့ ကိုယ့်ဘေးမှာအဆင်သင့် စောင့်မျှော်နေသူ တဦးတယောက်ကိုကောက်ကာငင်ကာ အဖြေပေးလိုက်တာကတော့ သိပ်ကို မဖြစ် သင့်တဲ့အနေအထားအဖြစ်အပျက်မျိုးပါ။

သူ့ကိုချိုးချင်တဲ့ဆန္ဒကနောက်မှ ကိုယ်ကအရင် မျက်နှာများတယ်ဆိုတဲ့စကားလုံးနဲ့ ပိတ်ပစ်ခံရတော့မှာ အရင်နော်။ သူ့အတွက်ပေးခဲ့ရတဲ့အချိန်တွေ၊ တွေဝေးငေးမောရင်ခုန်ခဲ့ရတဲ့အချိန်တွေ၊ ကုန်လွန်ခဲ့တဲ့အချိန် တွေမှာ မိသားစုနဲ့ ညီအကိုမောင်နှမတွေနဲ့ ခပ်တန်းတန်းနေမိတဲ့ကာလတွေအတွက် ပြန်လည်ဖာထေးစေချင်ပါတယ်။

မိသားစု နဲ့ ဇာတ်လမ်းတွဲထိုင်ကြည့်တာမျိုး၊ မောင်နှမတွေနဲ့ဝိုင်းဖွဲ့စကားပြောတာမျိုး၊ သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်တာမျိုးတွေနဲ့ အချိန် တွေကိုကုန်လွန်ပါစေ။ အလုပ်ရှိရင်လည်းအလုပ်မှာ စိတ်ကိုနှစ်မြှုပ်လို့ တစိုက်မတ်မတ်လုပ်ကြည့်စေချင်ပါတယ်။ အချစ်စိတ်ကြောင့် ကျဆင်းဆုံးရှုံးသွားတဲ့စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ရာမှာ အဖေ၊ အမေတွေ၊ အကိုတွေအမတွေ၊ သူငယ်ချင်းတွေရှိနေတာကိုက ကိုယ့်ဘ၀ကုသိုလ်ကံကောင်းလို့ပါပဲ။

သူမရှိလို့ငါ့ဘ၀မဖြစ်ဘူး၊ သူမရှိရင်ငါ့ဘ၀ပျက်သွားမှာပဲ၊ သူနဲ့သာမယူဖြစ်ခဲ့ရင် ငါ့ကိုတလောကလုံးဝိုင်းပြီး ပြောကြတော့မှာပဲဆို တဲ့အတွေးတွေနဲ့လည်း ထိတ်လန့်မနေစေချင်ဘူး။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်တွေးကြည့်ပါအုံးကွယ်။ လူတယောက်က လူတယောက်မရှိလို့ သူ့ရဲ့ဘ၀ရပ်တည်မှုတွေ ပျက်စီးဆိတ်သုဉ်းသွားတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။

မိဘတွေတားမြစ်လို့ ခုမှဆောက်နေတဲ့ လေထဲကတိုက်အိမ်လေးတွေ ပျက်စီးသွားရတဲ့ ချစ်သူစုံတွဲတွေလဲ မနဲမနောရှိကြမှာပါ။ ငယ်ရွယ်စဉ်မှာတော့ ဘယ်သူမဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုအားကောင်းနေခဲ့တာကိုး။ ငါ့မှာ အသိဥာဏ်ရှိတယ်။ ငါ့ကိုငါကာကွယ်နိုင်တယ်။ ငါဘာမှ မဖြစ်ဘူးလို့ မာန်မာနနဲ့ထင်ခဲ့တာပဲ။

ဒါပေမဲ့ တကယ်တမ်းဖြတ်သန်းရင်ဆိုင်ရတဲ့အခါကျလာတော့ ရှေ့ကဖြတ်သန်းခဲ့ပြီးသား လူကြီးသူမတွေရဲ့ အတွေ့အကြုံနဲ့ စကားသံတွေကို လက်ခံလိုက်တာက ကိုယ့်ရဲ့ဖြူစင်တဲ့ဘ၀တခုအတွက် အရောင်အဆိုး အညစ်တွေ ကင်းသွားစေပါတယ်။

ဘ၀မှာတခါချစ်ဖူးရုံနဲ့တော့ လဲကျသွားစရာ မလိုပါဘူး။ အဲ.. ထပ်ပြီးကြုံတွေ့နိုင်စရာ အကြောင်းအရာလေးတခုကို တင်ပြချင် ပါသေးတယ်။

အချစ်ဦးနဲ့အသဲကွဲလို့ နောက်ထပ်နောက်ထပ်ရောက်လာတဲ့ ချစ်ရေးဆိုသူတွေကို ကိုယ့်ဖက်ကရိုးသားစွာ ပွင့်လင်းမိတဲ့ပျိုမေတွေ အဖြစ်များတဲ့ကိစ္စရပ်လေးတခုပါ။ တချို့ ယောက်ျားသားတွေက ကိုယ်တိုင်ကသာ မုန့်ကြိုးလိမ်လို လိမ်ပတ်နေအောင်ပွေချင်ပွေမယ်။

ကိုယ့်မှာပထမချစ်သူရှိဖူးကြောင်းပြောလိုက်မိတာနဲ့ ပထမဆုံးချစ်သူ မဖြစ်ရ လို့ ဆိုတဲ့ ပုဒ်မနဲ့စွဲချက်တင်ခဲ့ရင်လေ ကိုယ့်စိတ်ထဲမှာကြိတ်ပြီးသူ့ကိုအမှတ်တွေပေးနေမိရင်တောင် အပြုံးမပျက် ချန်ထားခဲ့လိုက်ပါ။ ချစ်သူရှိဖူးတာ အပျိုရည်ပျက်တဲ့ပြစ်ချက် မဟုတ်ကြောင်း ကိုယ်တိုင်အသိဆုံးပဲလေ။

ဘာမဟုတ်တဲ့အကြောင်းပြချက်တခု အတွက် အချိန်တွေထပ်အကုန်မခံပါနဲ့။
အသဲကွဲခြင်းကို တမြေ့မြေ့ခံစားလို့ အသက်စတေးလိုက်ရသူတွေ၊ ပျက်စီးသွားကြရတဲ့သူတွေကိုကြည့်ရင် မိန်းမသားတွေပဲ အဖြစ်များပါတယ်။ ဖြစ်လာတဲ့အရာတခုကိုဖြစ်သလို အဆုံးမသတ်စေချင်တဲ့ စေတနာနဲ့ပြောပါရစေ။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အရည်အချင်း၊ ပညာ၊ လုပ်ငန်း၊ အဲ့ဒါတွေက ဘ၀ရပ်တည်ဖို့ တကယ့်ခွန်အားအစစ်အမှန်တွေပါ။ အလုပ်ကို သာဖိကြိုးစားပါ။ အောင်မြင်မှုခြေလှမ်းကိုစ ပါ။ သူထားခဲ့တဲ့နေရာမှာပဲ ရပ်တန့်မနေပါနဲ့။ သူနဲ့ပတ်သက်ခဲ့တဲ့ အချိန်ကာလ ထက်သာလွန်တဲ့ နေထိုင်မှု ဘ၀ ပုံစံ၊ အလုပ်အကိုင်၊ ရာထူးအခြေအနေများဖြစ်လာအောင် ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်လိုက်ပါ။

ကျွန်မ ပြောရဲပါတယ်။ အချိန်အတိုင်းအတာတခုမှာ ခံစားရတဲ့အသဲကွဲဝေဒနာက ပုံပြင်တခုလိုဖြစ်သွားတဲ့အချိန်နဲ့ တပြေးညီ သာလွန် တိုးတက်တဲ့ ဘ၀နေထိုင်မှုတွေကိုလည်း ရရှိလာမှာ မလွဲဧကန်ပါပဲ။ ပျိုမေတို့ရေ… အသိလေးတခုရလိုက်တယ်ဆိုရင်ပဲ စာစီရကျိုး၊ အချိန်ပေးရကျိုးနပ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။

မဖြစ်သေးတာပဲရှိတယ်နော်။ တကယ်တော့ အသဲကွဲတယ် ဆိုတာ ၀မ်းနည်းစရာမဟုတ်ဘူး။ ကိုယ့်တိုးတက်မှုအတွက် သူပေးတဲ့သင်ခန်းစာတွေကို ကျေညက်စွာ အသုံးချတတ်ပါစေနော်။

ရေကြည်သူ

0 comments:

Post a Comment