Thursday, May 22, 2014

အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှုလမ်းစဉ် ပြန်သုံးသပ်ချိန်တန်ပြီလား အပိုင်း (၁)



စစ်တပ်အာဏာသိမ်းပြီးကတည်းက ပနံမသင့်တော့သည့်မြန်မာ-အမေရိကန်ဆက်ဆံရေး။ ဒီမိုကရေစီအရေးလှုပ် ရှားသူတွေကို ဖိနှိပ်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗြောင်ကျကျပြုမူခဲ့သည့် တပ်မတော်အစိုးရကြီးစိုးသော မြန်မာနိုင်ငံ ကို အမျိုးမျိုးဖိအားပေးခဲ့သည့်အမေရိကန်။ စီးပွားရေးအရ အဆက် အဆံမလုပ်ဖို့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုများကို ၁၉၉၇ ခုနှစ် မေ၂ဝရက်တွင် ချမှတ်ခဲ့သည်က အထင်ရှားဆုံးသင်္ကေတ။ ယနေ့ထက် ထိ ထိုသင်္ကေတ၊ ဆန်ရှင် (Sanctions) က ပျောက်မသွားသေး။ဆယ်စုနှစ်အတော်ကြာအောင် စစ်တပ်အုပ်ချုပ်နေရာမှာ ၂ဝ၁၁ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရ အဖွဲ့တက်လာသည်။ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးကိုြေ<ွကးကြော် သည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ ဖို့၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ စသဖြင့် အမေရိကန်သည်း ခြေကြိုက်စကားလုံးများကို မီဒီယာများမှတစ်ဆင့် မြန်မာအစိုးရက ပစ်လွှတ်သည်။ အိပ်မောကျနေသော ကိုရွှေသိန်းငှက်တို့ မျက်လုံးဖွင့်လာ သည်။ အသံလာရာကို ကြည့်သည်၊ လေ့လာသည်၊ တောင်ပံဖြန့်၊ ခြေ ဆန့်တော့သည်။

ထိုအချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် မြန်မာနိုင်ငံကို ရောက်လာသည်။ နောက် အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာနိုင်ငံကိုရောက်လာသည်။ မြန်မာသမ္မတ ဦးသိန်းစိန်လည်း အမေရိကန်နိုင်ငံကို သွားခဲ့သည်။ ရွှေလမ်းငွေလမ်း ဖောက်ခဲ့သည်။

ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်ဖို့၊ အပစ်အခတ်တွေရပ်ဖို့၊ စစ်တပ်မှ စီးပွားရေးလုပ်နေတာကို လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ စသဖြင့် နှစ်ဖက် ညှိနှိုင်းမှုတွေကတစ်ဆင့် နှစ်နိုင်ငံအကြား ကတိကဝတ်များထားရှိခဲ့ သည်။

နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုအသက်ဝင်လှုပ်ရှား။ လက်ရှိမြန်မာ- အမေရိကန်ဆက်ဆံရေးအခြေအနေသည် အထွတ်အထိပ်ကိုရောက် နေပြီး နှစ်ပတ်တစ်ကြိမ်နီးပါးလောက်ကို အမေရိကန်အစိုးရအဖွဲ့ဝင် များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ မြန်မာပြည်အတွင်း အသွားအလာများ ရှိခဲ့သည်။

သို့သော် အခုလိုနှစ်နိုင်ငံအကြား ကတိကဝတ်များဖြင့်ဆက်ဆံ ရေးရေချိန်မြှင့်ဖို့ အရှိန်ယူနေဆဲမှာပင် မြန်မာနိုင်ငံအပေါ်ချမှတ်ထား သော စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုဥပဒေကို ပြီးခဲ့သည့်မေ၁၅ရက်က နောက်ထပ်သက်တမ်း တစ်နှစ်တိုးခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးတည်တံ့ခိုင်မြဲဖို့ဟု အကြောင်းပြသည်။ ထို့အပြင် နိုင်ငံရေးအရ လုပ်ခွင့်ကိုင်ခွင့်တွေက လမ်းပွင့်စအနေအထားတွင်သာ ရှိနေသေး သလို ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုများ၊ ပဋိပက္ခများဆက်ဖြစ်နေဆဲအပြင် နိုင်ငံရေး နှင့် စီးပွားရေးကဏ္ဍတွင်လည်း စစ်တပ်အခန်းကဏ္ဍဆက်ရှိသေးသော ကြောင့်ဟု အကြောင်းပြသည်။ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲ မှုများရှိနေသည်မှန်သော်လည်း ပုံမှန်အနေအထားမရောက်သေး သလို အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒနှင့်အမျိုးသား လုံခြုံရေးကိုပါ ခြိမ်းခြောက်နေဆဲဖြစ်တာကြောင့် အခုလိုသက်တမ်း တိုးလိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

နဂိုကတည်းက အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းကြီးကြီး မားမားဝင်ရောက်ရင်းနှီးမြှုပ်နှံထားတာမရှိသေးသည့်အတွက် အခုလို ဆန်ရှင်ကို သက်တမ်းတိုးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွက်တော့ ထပ်ပြီး ထိခိုက်စရာမရှိနိုင်ဟု အမေရိကန်-အာဆီယံစီးပွားရေးကောင် စီ၏စီးပွားရေးအကြံပေးဦးချစ်ထွန်းဖေက ရန်ကုန်တိုင်းမ်ကို ပြောပါသည်။
ထိုအချက်ကိုထောက်ခံပြီး မြန်မာနိုင်ငံမှ ပြည်သူပြည်သားများ အနေဖြင့် အမေရိကန်ဆန်ရှင်ကို နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ပြီးပြီမို့ ''နေသားကျနေပါပြီ၊ ထူးပြီးတော့ မနစ်နာတော့ပါဘူး''ဟုလည်း မြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒု ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကလည်း ဆိုပါသည်။

သို့သော် တိုင်းပြည်စီးပွားရေးချွတ်ခြုံကျ၊ အဘက်ဘက်မှ နိမ့်ကျ ဆင်းရဲခဲ့ရသည်ကာ ဆန်ရှင်၏ပယောဂကြောင့်ဟု မြန်မာလုပ်ငန်းရှင် အများစုလက်ခံထားသည်။ ဆန်ရှင်ကိုမလိုလား။ ဒါကြောင့်လည်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှာ 'ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင်အဟန့်အတားဖြစ်နေသော မြန်မာ နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ် သိမ်းပေးရန်'အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက တင်သွင်းခဲ့သည်မဟုတ်ပါလား။

မိမိတို့ရန်ကုန်တိုင်းမ်မှမေးမြန်းခဲ့သော ကျွမ်းကျင်သူများ၊ ပညာ ရှင်များ၊ လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံအတွက် အမေရိကန် ဆန်ရှင်မရှိသင့်တော့ဟု သုံးသပ်သည်။ အထူးသဖြင့် ဆန်ရှင်ကြောင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်း ကြီးများကို လက်လွှတ်ခဲ့ရသည်ဟု ဆိုကြသည်။

အမေရိကန်ဆန်ရှင်သည် စစ်တပ်အစိုးရအတွက် ရည်ရွယ်ပြီး ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ခဲ့ပေမယ့် တကယ်တမ်း ထိခိုက်နစ်နာ သည်က မြန်မာပြည်သူလူထုသာဖြစ်နေခြင်း၊ မှန်ကန်သောစီးပွားရေး လုပ်ငန်းများအချင်းချင်း ယှဉ်ပြိုင်မှုမရှိခြင်းကြောင့် ပြည်သူလူထုအ တွက် အခြေခံစားကုန်ကအစ လူသုံးကုန်ပစ္စည်းများအားလုံး ရွေးချယ် စရာမရှိခြင်း စသဖြင့်အကြောင်းတရားများစွာကိုထောက်ပြကာ အမေ ရိကန်၏ဆန်ရှင်မူဝါဒကို ပြန်လည်သုံးသပ်ဖို့ ထောက်ပြနေကြခြင်းဖြစ်သည်။
အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ၏ စီးပွားရေးအကြံ ပေး ဦးချစ်ထွန်းဖေကတော့ အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်ရေးမူဝါဒ ကို ပြန်သုံးသပ်သင့်သည့်အပြင် လက်တွေ့ကျကျစီးပွားရေးလုပ်ငန်း များလုပ်နိုင်အောင် တွန်းအားပေးသင့်သည်ဟု ယူဆသည်။


တိုင်ပင်ကိုက် ပြောင်းလဲမှု

''ဆန်ရှင်ဟာ နိုင်ငံရေးကစားဖို့အတွက် Tool (ကိရိယာ)ပဲ။ ဒါ ပေမဲ့ အဖြေမဟုတ်ဘူး။ လူတွေကို လိုသလိုပုံသွင်းဖို့၊ ထိန်းချုပ်ဖို့ အတွက် အသုံးပြုတဲ့သဘောပဲ''ဟု ဦးချစ်ထွန်းဖေကပြောသည်။ ဆန် ရှင်သည် စီးပွားရေးလုပ်ကိုင်သူများအတွက် အခက်တွေ့ရုံ၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဟန့်အတားဖြစ်ရုံကလွဲပြီး ဆန်ရှင်ကြောင့်တော့ နိုင်ငံများပြောင်းလဲလာသည့်သဘောမရှိခဲ့ဟု ¤င်းက သုံးသပ်သည်။

၁၉၉၇ခုနှစ်ကတည်းက ဆန်ရှင်အလုပ်ခံထားရသည့် မြန်မာ နိုင်ငံသည် ယခုလိုစစ်အစိုးရကနေ ဒီမိုကရေစီအရိပ်အယောင်များ နှင့် ပြုပြင်ပြောင်းလဲမှုတချို့ကိုပုံဖော်လာခဲ့သည်မှာ အမေရိကန်ဆန်ရှင် တစ်ခုတည်းကြောင့်မဟုတ်ဟု သူကလက်ခံသည်။ ''ပြောင်းချင်လို့ကို ပြောင်းတာ၊ ဒါအမှန်တရားပဲ။ အထူးသဖြင့် မြန်မာ့ရဲ့စိတ်က ပိုဆိုးတယ်။ မြန်မာတွေရဲ့ဗီဇကိုက သူများပြောတိုင်းလုပ်တာမဟုတ်ဘူး။ လုပ်ချင် ရာလုပ်တဲ့အလေ့ရှိတယ်။ သူများကပြောရင် ပိုတောင်မပြောင်းဘဲ နေဦးမယ်''ဟု ဦးချစ်ထွန်းဖေက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်က အမေရိကန်နှင့်မပေါင်းရလည်း အိမ်နီး ချင်းတရုတ်နိုင်ငံ၏ အကူအညီများရသည်။ ကျန်သောအာဆီယံနိုင်ငံ များနှင့် ပေါင်းလို့ရသည်။ ဗီယက်နမ်တို့၊ တရုတ်တို့လိုမျိုး နမူနာများ ရှိနေပြီး စစ်အာဏာရှင်အတိုင်း ဆက်သွားနိုင်သည့် အနေအထားများ ရှိနေသည်ဟု ¤င်းက ထောက်ပြသည်။

ထိုအချက်ကို စီးပွားရေးပညာရှင်ဦးစောမြင့်မောင်ကလည်း လက်ခံသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် မပြောင်းလဲဘဲနေရင်လည်း စစ်တပ်ကလူတွေနေနဲ့ သူတို့ရဲ့ပုဂ္ဂလိကအကျိုးစီးပွားကို ကာကွယ်နိုင် သည်။ ပြည်သူတွေကသာ နစ်နာမှာဟု အမျိုးသားလွှတ်တော် နိုင်ငံ ရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးစောမြင့်မောင်က ဆိုသည်။

''သူတို့ကတော့ မပြောင်းရင်လဲ မဆင်းရဲဘူး၊ သူတို့ရဲ့အကျိုးစီး ပွားကို အခိုင်အမာတည်ဆောက်ထားပြီးသား။ ဆိုတော့ ဒီလူတွေရဲ့ ပြောင်းချင်တဲ့စိတ်ကလေးကိုတော့ ယုံကြည်ဖို့လိုတယ်၊ အသိအမှတ်ပြု ဖို့ လိုတယ်။ တကယ်ပြောင်းချင်လို့မဟုတ်ပါဘူး။ စစ်တပ်ကလူတွေပဲ ဆိုပြီး မျက်စိမှိတ်ငြင်းနေမယ်ဆိုရင်တော့ ဒါဟာ သဘာဝမကျဘူး၊ လက်တွေ့မကျဘူးလို့ပဲ ပြောရမှာ''။

အခုလိုအမေရိကန်အနေဖြင့် ဆန်ရှင်မူဝါဒကို သက်တမ်းထပ် တိုးလိုက်ခြင်းသည် မြန်မာအစိုးရ၏ နှစ်နိုင်ငံအကြားရှိပြီးသားကတိ ကဝတ်များကနေသီးပွင့်လာသော ဖွံ့ဖြိုးမှုလေးတချို့ကို အသိအမှတ်မပြု ရာရောက်သည်ဟု စီးပွားရေးပညာရှင်ဦးစောမြင့်မောင်က ယူဆသည်။ မူရင်းစစ်တပ်မှလာသောအစိုးရအဖွဲ့မို့ ဒီမိုကရေစီအစစ်မဟုတ်ပါ ဘူးလို့ ကောက်ချက်စွဲလိုက်သည့်သဘောပဲဟု ဆိုသည်။

တကယ်တော့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပိတ်ဆို့မှုများပြု လုပ်လိုက လုပ်နိုင်သည့်အနေအထားတွင်ရှိသည်။ မြန်မာနိုင်ငံ၏ပြောင်းလဲမှုကို အသိအမှတ်မပြုဘဲနေနိုင်သည်။ သို့သော် အမေရိကန် တွင်လည်း သမ္မတအိုဘားမားတက်လာပြီးနောက်ပိုင်း မူဝါဒတချို့ ပြောင်းလဲလာသည်။

အရင်အစိုးရများမလုပ်ခဲ့သည့် အသစ်အဆန်း များကို သူတို့ဖန်တီးလိုကြသည်။ သို့နှင့် ကာလအတန်ကြာလျှော့ချ ထားခဲ့သည့် မြန်မာနှင့်ဆက်ဆံရေးကို သတိဝင်လာသည်။ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် လမ်းစရှာသည်။ အမေရိကန်သမ္မတအိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကရင်တန်တို့က မြန်မာပြည်အကြောင်း ကို စိတ်ဝင်တစားရှိသည်။ မြန်မာကလည်း ပြောင်းနေသည်။
''သူပြောင်းတဲ့အချိန်နဲ့ ကိုယ်ပြောင်းတဲ့အချိန်က တိုင်ပင်သွား ကိုက်နေတယ်''ဟု ဦးချစ်ထွန်းဖေက ဆိုသည်။ သိပ်မကြာခင်မှာပဲ အသိမှတ်ပြုစရာများကို ရှာကြံပြီး မြန်မာနိုင်ငံနှင့်ဆက်ဆံရေးသစ် ကို ပုံသွင်းလာခဲ့သည်။

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံအတွက် စီးပွားရေးအရ အ ရေးပါမှု သိပ်မရှိပါ။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားရှိနေခြင်းက ပထဝီဝင်နိုင်ငံရေးအရ အရေးကြီးသည့်နိုင်ငံဖြစ်နေသောကြောင့် မြန်မာကို အမေရိကန်တို့ စိတ်ဝင်စားလာခြင်းဖြစ်သည်ဟု ဦးချစ်ထွန်းဖေက ဆိုသည်။ နောက် တစ်ချက်ကတော့ မြန်မာနိုင်ငံမှကမ္ဘာ့သြဇာတိက္ကမကြီးမားသော ဒေါ် အောင်ဆန်းစုကြည်လိုလူမျိုးကလည်း သူတို့အတွက် ပုဂ္ဂိုလ်ရေးစိတ် ဝင်စားစရာဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က လေး စားသည်။ ထို့ကြောင့် မြန်မာပြည်အရေးကို ထည့်သွင်းစဉ်းစားလာ ခြင်းဖြစ်နိုင်သည်ဟု ¤င်းတို့က ခန့်မှန်းသည်။

''တကယ်တမ်းပြောရရင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေး မူဝါဒကိုပြောင်းခဲ့တာက ဟီလာရီကလင်တန်ပဲ။ နောက်သမ္မတအို ဘားမားပေါ့''။ ထို့ပြင် အာဆီယံဒေသတွင်းအနေအထားအရ မြန်မာ နိုင်ငံသည် အာဆီယံဈေးကွက်အတွက် အရေးပါခဲ့သည်။ အမေရိကန် ၏ အာရှမဟာဗျူဟာ(Asia Strategy) အရလည်း မြန်မာနိုင်ငံက အရေးကြီးသည်။ မြန်မာနိုင်ငံကိုသာ မိတ်ဆွေလုပ်နိုင်လျှင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယတို့ပါဝင်သည့်သူတို့၏ အာရှမဟာဗျူဟာက အထိုက် အလျောက် အားကောင်းမည်ဟု သူတို့ကယူဆသည်။ ထို့ကြောင့် ''မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးပိုင်းဆိုင်ရာတွေမှာ ဖွံ့ဖြိုးဖို့အတွက်ကူညီပေးဖို့ သူတို့စိတ်ဝင်စားခဲ့တယ်''ဟု ဦးချစ်ထွန်း ဖေက သုံးသပ်သည်။

ဆန်ရှင်ဖြေလျှော့မှု

၂ဝ၁၂ခုနှစ် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာပြည်ကိုမလာ ခင်လေးမှာ သူတို့ရဲ့ဆယ်နှစ်ကျော်ကြာပြီဖြစ်သည့်စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုကို လျှော့ပေါ့ပေးခဲ့သည်။ ယခင်က တစ်နိုင်ငံလုံး ကလုပ်ငန်းများကို ရည်ရွယ်ပိတ်ဆို့ထားခဲ့ရာမှ ရွေးချယ်ပစ်မှတ်ထား ပြီး ပိတ်ဆို့မှုပုံစံကို ပြောင်းခဲ့သည်။

''လုံးဝဥဿုံဆန်ရှင်မလုပ်တော့ဘဲ ဖြေလျှော့မှုတွေ လုပ်ပေးလာ တယ်။ လက်နက်ရောင်းဝယ်မှုလောက်ပဲ ပိတ်ဆို့ထားတာရှိတော့ တယ်''ဟု မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဆိုသည်။ နှစ်ပေါင်းများစွာကြာအောင် ဥပဒေ များဖြင့် အခိုင်အမာပိတ်ဆို့ထားသည်ကို သမ္မတအိုဘားမားအစိုးရ အနေဖြင့် ချက်ချင်းကြီးတော့ ပြန်ဖွင့်ပေးဖို့လွယ်ကူမည်မဟုတ်ဟု သူက နားလည်သည်။

အမေရိကန်မှာက မြန်မာနိုင်ငံဒီမိုကရေစီအရေးနှင့်ပတ်သက် ပြီးBurma Freedom Act တို့၊ Anti JADE Law တို့လိုမျိုးဥပဒေ များအပြင် အမိန့်ညွှန်ကြားစာအဆင့်ဆင့်ဖြင့် ပိတ်ဆို့အရေးယူထား ခြင်းမို့ လွယ်လွယ်နှင့်ပယ်ဖျက်လို့မရနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ထောက်ပြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်း လဲမှုလုပ်ငန်းစဉ်တွင် ဆန်ရှင်ကြောင့် ရှေ့ဆက်လုပ်မရသည့်အခက် အခဲတွေ အများကြီးရှိပါသည်။ ''အဓိကအားဖြင့် ငွေကြေးလည်ပတ် မှုမှာ အခက်အခဲအဖြစ်ဆုံးပဲ''ဟု ဦးလှမောင်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်အပေါ် မှီခိုချင်လွန်းလို့ ဆန်ရှင် ရုပ်သိမ်းပေးဖို့ တောင်းဆိုနေရခြင်းမဟုတ်ဘူး။ အမေရိကန်ကိုင်တွယ် ထားသောငွေကြေးစနစ်သည် နိုင်ငံတကာနှင့်ချိတ်ဆက်နေခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန်-အာဆီယံစီးပွားရေးကောင်စီအကြံပေးက ပြောသည်။

အမေရိကန်စတော့ဈေးကွက်ကိုချိတ်ဆက်ထားသည့်မည်သည့်နိုင်ငံမှကုမ္ပဏီမဆို သူတို့ဥပဒေအရ အကျိုးခံစားခွင့်ရှိသည်။
ဥပမာ-ဂျပန်က ကြီးကြီးမားမားလုပ်ငန်းတစ်ခုက အမေရိကန် စတော့မှာဝင်ထားမယ်ဆိုရင် သူက မြန်မာနိုင်ငံကိုလာချင်ရင်တောင် အမေရိကန်ဥပဒေနဲ့အကျုံးဝင်နေတဲ့အတွက် မြန်မာနိုင်ငံကိုလာဖို့ အခက်အခဲရှိတယ်။

လက်ရှိ အမေရိကန်ဆန်ရှင်ဖြေလျှော့ထားမှုသည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုပြီးလုပ်ရကိုင်ရတာ အကျပ်ရိုက် စေသည်ဟု ဦးချစ်ထွန်းဖေက ယူဆသည်။ ''စီးပွားရေးသမားတစ် ယောက်ကို သွားဖို့တွန်းပို့နေပြီး နောက်ကနေ ကြိုးနဲ့ဆွဲထားတဲ့သဘောမျိုးဖြစ်နေတယ်''။

နှင်းကို ရေးသည်
Yangon Times Journal
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)

0 comments:

Post a Comment