Monday, May 26, 2014

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော လားဟူရွာသား(၉)ဦး ပြန်လွှတ်လာသော်လည်း ရွာရွှေ့ပြောင်း ပေးရန် ခြိမ်းခြောက်ခြင်းခံရ


ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်ခွဲ၊ ကျိုင်းတောင်းကျေးရွာအုပ်စု (၁၉)မိုင်ရွာသစ်နေ လားဟူတိုင်းရင်းသား(၉)ဦးအား RCSS/SSA အဖွဲ့မှ မေ ၃ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ရာ မေ ၂၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ ခိုလမ် - ကျိုင်းတောင်း သွားကားလမ်းအနီး (၁၉)မိုင် လားဟူရွာသစ်နေ မိသားစုများအား RCSS/SSA အဖွဲ့မှ ရွာရွှေ့ပြောင်းရန် အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး လွန်ခဲ့သော ၃ ပတ်ခန့်က ရွာထဲသို့ ၀င်ကာ ရွာသား(၉)ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း၊ ရွာရွှေ့ပြောင်းပေးမည်ဟု ၀န်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားပြီး ပြန်လည်လွတ်မြောက်လာသော လားဟူရွာသား(၉)ဦးမှာ ဦးကျကျိုး၊ ဦးအားတီ၊ ဦးရာကွက်၊ ဦးရာတွတ်၊ ဦးလုံးဆာ၊ ဦးအားခို၊ ဦးကျတော၊ ဦးကျကျား၊ ဦးရားရှောတို့ ဖြစ်ကြသည်။

“ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ နောင်ခမ်းရွာက ပလောင်အမျိုးသမီးတစ်ယောက် ကျွန်တော့်ဆီ လာတယ်၊ နောင်ခမ်းရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့နေရာမှာ ဖမ်းခံရတဲ့ ရွာသား(၉)ယောက်ကို လာခေါ်ဖို့ RCSS/ SSA အဖွဲ့ ပြောခိုင်းလိုက်တယ်ဆိုပြီး လာပြောတယ်၊ ကျွန်တော်တို့ရွာက ဆိုင်ကယ်(၅)စီးနဲ့ သွားခေါ်ခဲ့ရတာပါ” ဟု ၁၉ မိုင်ရွာ ဥက္ကဋ္ဌ ဦးကျတောက ပြောသည်။

ကျေးရွာ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ ဖမ်းဆီးထားသော ရွာသား(၉)ဦးအား သွားရောက်ခေါ်ဆောင်စဉ် RCSS/SSA အဖွဲ့မှ ရွာရွှေ့ပေးရန် ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ ဒီနေ့ကစပြီး နောက် ၁၀ ရက်အတွင်း ရွာရွေ့ပေးရမယ်လို့ ပြောပါတယ်၊ ရွာမရွှေ့ချင်ရင် လူသစ်(၁၀)ယောက် ပေးရမယ်၊ လူသစ်မပေးနိုင်ရင် တွေ့တဲ့လူဖမ်းမယ်၊ ထွက်ပြေးရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်၊ ကျွန်တော်တို့လည်း လူသစ်မပေးနိုင်တဲ့အတွက် ရွာရွှေ့ပေးပါ့မယ်လို့ပြောပြီး လက်မှတ်ထိုးပေးခဲ့ရပါတယ်၊ အဲဒါ ကျွန်တော်တို့လည်း ဘာဆက်လုပ်ရမှန်း မသိဘူး၊ လားဟူလူမျိုးတွေဟာ လူနည်းစုဆိုတော့ အနှိမ်ခံရတာပေါ့ ဗျာ၊ တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်းတွေ ကူညီဖြေရှင်းပေးရင်တော့ ကောင်းတာပေါ့ ”

RCSS/SSA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသားတစ်ဦးက ၎င်းတို့အား လမ်းတွင် လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားကြောင်း၊ (၁၆)ည ဆက်တိုက် ၀ါးဖြင့် အချုပ်ခန်းပြုလုပ်ကာ ချုပ်နှောင်ထားခဲ့ကြောင်း၊ ၎င်းတို့ အား အစိုးရကို အကူအညီပေးနေသူများဟု ပြောကာ RCSS/SSA တပ်ဖွဲ့ဝင်များက ထိုးကြိတ်ရိုက်နှက်ကြ ကြောင်း၊ ၎င်းတို့အား ချုပ်နှောင်ထားသောနေရာမှာ ကျိုင်းတောင်းမြို့နယ်ခွဲ နားပုန်းကျေးရွာ အနီးတွင်ဖြစ်ပြီး နောက်ထပ် စုဆောင်းလာသော ရွာသား(၁၀၀)ဦးခန့်ကိုလည်း ကြိုးတုပ်ဖမ်းဆီးလာသည်ကို မြင်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

စိုင်းအောင်ခမ်း
Shan News

0 comments:

Post a Comment