Monday, May 26, 2014

မြန်မာ့နိုင်ငံရေး ဂငယ်ကွေ့ ကွေ့တော့မှာလား


ထိုင်းနမူနာ ထိုင်းသင်ခန်းစာ

ထိုင်းနိုင်ငံမှာ ထိုင်းဘုရင့်တပ်မတော်က နိုင်ငံရေးမှာ ကြားဝင်စွက်ဖက်ပြီး Peace Keeping Command Council ကို ဖွဲ့စည်းလိုက်ပါတယ်။ ထိုင်းစစ်ဘက်ကတော့ ဒါဟာ အာဏာသိမ်းတာ မဟုတ်ဘူး ဆိုပြီး ထုတ်ဖော်ပြောကြားပေမယ့်လည်း စစ်တပ်အာဏာသိမ်းတာက သိမ်းတာပါပဲ။ ထိုင်းပြဿနာ က စစ်တပ် အာဏာသိမ်းလိုက်တာနဲ့ ပြေလည်သွားမှာ မဟုတ်ပါဘူး။ အဓိကပြဿနာက နိုင်ငံရေး ပြဿနာပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်မြေချင်းထိစပ်နေသလို အချို့သော ယဉ်ကျေးမှုတွေမှာလည်း တူညီ တာတွေ ရှိနေပါတယ်။ တိုက်ရိုက်ချိတ်ဆက် စီးဆင်းတဲ့ နိုင်ငံရေးဖြစ်စဉ် သမိုင်းမျိုး မရှိပေမယ့် တစ်နိုင်ငံ ရဲ့ နိုင်ငံရေးဟာ အခြားတစ်နိုင်ငံကို ရိုက်ခတ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွက် ပထမဆုံး ဆိုးကျိုးကတော့ မတည်ငြိမ်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပြီး နိုင်ငံသားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှု ရှိလာခဲ့ပါတယ်။ သက်ဆင်နောက်ပိုင်း နောက်ဆုံး ယင်းလတ် အပါအ၀င် ၀န်ကြီးချုပ်(၃)ယောက်ကို ဖြုတ်ချခဲ့တဲ့ နိုင်ငံရေးတင်းမာမှုကို ပြန်ပြီး ကြည့်လိုက်ရင် အာဏာရရှိရေးကို အခြေခံပြီး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် ဒီမိုကရေစီ ရေချိန် ပိုပြီး ရင့်ကျက်တာ၊ စီးပွားရေး အခွင့်အလမ်းတွေပိုကောင်းတာ၊ တစ်ဦးချင်းပညာရေးနဲ့ တစ်ဦးချင်း ၀င်ငွေ ပိုမြင့် တာ ဒီဟာတွေကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံရေးပြဿနာတွေကြားမှာ အခြေမပျက် ဟန်မပျက် နေနိုင် ပါတယ်။ ဒါပေမယ့် ရေရှည်ပြဿနာတွေ မထွေးနိုင်မအံနိုင် ဖြစ်နေရင်တော့ ဟန်ချက်ပျက် စီးပွားပျက် လာတော့မှာ ဖြစ်ပါတယ်။ ထိုင်းပြည်သူတွေက နိုင်ငံရေးသမားတွေရဲ့ ဆွဲဆောင် စည်းရုံးမှုတွေ မှာ မိန်းမောလိုက်ပါပြီး သဘောထားကွဲလွဲမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပြီး အနီတွေ၊ အ၀ါတွေ သေကြေ ဒဏ်ရာရ၊ ထောင်တန်းကျတဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။

အနီတွေ အုံနဲ့ကျင်းနဲ့ ဆန္ဒပြကာနီးဆဲဆဲ အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်တဲ့ အတွက် အနီနဲ့အ၀ါ ထိပ်တိုက်တိုးမိပြီး ပြည်သူတွေ သေကြေမယ့်အရေးကို ကြိုတင်ကာကွယ်လိုက်နိုင်တယ် လို့လည်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် အနီတွေ ဖိအားမပေးနိုင်အောင် ကြိုတင်တားဆီးလိုက်နိုင်တယ် လို့လည်း ပြောကြပါတယ်။ တစ်ကယ်တမ်းမှာတော့ ထိုင်းဒီမိုကရေစီဟာ (၁၉)ကြိမ်မြောက် စစ်တပ် အာဏာသိမ်းမှုအထိ ရောက်ခဲ့ပြီ ဖြစ်တဲ့အတွက် စစ်တပ်သာမက အခြားအင်စတီကျူးရှင်းတွေ၊ ပြည်သူ တွေကပါ ဒီမိုကရေစီကို ဘယ်လိုပုံဖော်ရမယ်ဆိုတာကို သိနေပါပြီ။ အခုနောက်ဆုံး ကြားဝင်သလိုမျိုး သွေးထွက်သံယိုမရှိတဲ့ အာဏာသိမ်းမှုတွေကို လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေအနေ ကို ပြန်ကြည့်လိုက်ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ စိုးရိမ်စရာကောင်းတဲ့၊ အန္တရာယ်များတဲ့ အခြေအနေ တစ်ခုကို အချိန်မရွေး ကူးပြောင်းရောက်ရှိသွားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဒီလိုမျိုး မရေ မရာ၊ မိုးကောင်းကင်တစ်ခွင်လုံး အုံ့မှိုင်းနေတဲ့အချိန်အခါမျိုးဟာ အစိုးရိမ်ရဆုံး အချိန်အခါ ဖြစ်နေပါ တယ်။

Rule of Law လား၊ Out of Law လား

ဒီမိုကရေစီရောင်နီဦး ဆိုပြီး အားလုံးဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ Rule of Law ဆိုတာ လည်း နားမဆံ့အောင် ကြားခဲ့ကြပြီးပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ သပိတ်မှောက်ခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံရမယ်ဆိုတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဆိုင်ရာ ဥပဒေနဲ့အညီ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ခဲ့ကြပါတယ်။ ပြည်သူတွေလည်း ၀မ်းသာ၊ နိုင်ငံလည်း အခြေအနေကောင်း ဖြစ်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ လွှတ်တော်ထဲမှာ ကျမ်းကျိန် ရတော့မယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၀၈ အခြေခံဥပဒေ ပြဿနာကြုံခဲ့ပါတယ်။ ကျမ်းကျိန် တဲ့အခါမှာ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ် ဆိုပြီး ကျိန်ဆိုရမယ့် အနေ အထားဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းကာကွယ် စောင့်ရှောက် မယ် ဆိုပြီး လွှတ်တော်ရှေ့မှောက်မှာ၊ ရုပ်သံကတစ်ဆင့် ပြည်သူတွေအားလုံး ရှေ့မှာ ကျိန် ဆိုခဲ့ပါတယ်။ ပြည်သူတွေလည်း ၀မ်းသာ၊ နိုင်ငံလည်းအခြေအနေကောင်း ဖြစ်ခဲ့ရပါတယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူလာခဲ့ရပါတယ်။ အဲဒီအထိ အားလုံးဟာ ချောချောမွေ့မွေ့နဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ သမ်း ခဲ့ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ အခြေခံဥပဒေပြင်ဆင်ရေး စည်းရုံးမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး NLD ပါတီက နိုင်ငံတစ်ဝှမ်းမှာ ဆောင်ရွက်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ပုဒ်မ ၅၉ ပြင်ဆင် ရေးကို ကြွေးကြော်ခဲ့ပေမယ့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဆန့်ကျင်မှုတွေကို ပြင်းပြင်းထန် ထန် ကြုံတွေ့ခဲ့ရပြီး NLD ပါတီက ဦးမင်းသူ၊ ဦးကိုနီ အစရှိသည်ဖြင့် အထိနာခဲ့ရပါတယ်။ အကျဉ်း အကျပ် တစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ပူးပေါင်းပြီး မဟာဗျူဟာ ပြောင်းလိုက်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း ပုဒ်မ ၄၃၆ ကို ဦးတည်ပြီး ကြိုး ပမ်းလာခဲ့ပါတယ်။ ဒီ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အစပြုဆောင်ရွက်ခဲ့ကြတာက ၈၈ အဖွဲ့ မဟုတ်ပါဘူး။ ဦးဝင်းချိုနဲ့ ဦးနေမျိုးဇင်တို့ ဆန္ဒဖော်ထုတ်ခဲ့ပြီး အစပြုခဲ့တဲ့ လှုပ်ရှားမှုပါ။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဟာ တည်ဆဲအစိုးရနဲ့ တပ်မတော်ကို ပြင်းပြင်းထန်ထန် စိန်ခေါ်ပြောကြားတာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ “သိက္ခာရှိရှိ ထွက်သွား” ဆိုတာမျိုး၊ “အသုဘအိမ်မီးကွင်းပစ်” ဆိုတာမျိုး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောကြားတာတွေ ပါဝင်လာခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ရစရာ မရှိအောင် ရှုတ်ချခဲ့ကြတာတွေလည်း တွေ့ရှိရပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ အပြစ်အနာ အဆာ ရှိနေတယ်၊ ပြင်ဖို့လိုတယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နားလည်ထားဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတိုင်းရဲ့အချုပ်အခြာအာဏာကို ပြဌာန်းထားတဲ့ အထွဋ်အထိပ် ပဋိဥာဉ် ဖြစ်ပါတယ်။ ၁၉၅၀ ကျော်ကာလတွေမှာဆိုရင် အခြေခံ ဥပဒေကို ကာကွယ်ထားတဲ့ သီးခြားဥပဒေတွေတောင် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း လေးစားလိုက် နာရပါတယ်။ နိုင်ငံသားတိုင်း လေးစားလိုက်နာရမယ် လို့လည်း ပြဌာန်းထားပါတယ်။ ဒါဟာ အလကား မဟုတ်ပါဘူး။ အချုပ်အခြာအာဏာကို ဒီစာအုပ်ကြီးက ခွဲဝေပေးထားတာပါ။ နိုင်ငံသားတွေရဲ့ အခွင့် အရေးကို ဒီစာအုပ်ကြီးက အာမခံပေးထားတာပါ။

၂၀၀၈ အခြေခံဥပဒေကြောင့်လည်း ဒီလို ဟောပြောပွဲတွေ လုပ်ပြီး ပြောခွင့် ရလာခဲ့တာပါ။ ၈၈ မျိုးဆက် တစ်အုပ်စုလုံး နိုင်ငံရေးလောကကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီအခြေခံဥပဒေနဲ့ပဲ ကျမ်းကျိန်ထားသူတစ်ယောက်ပါ။ ပါတီဥက္ကဌတစ်ယောက်အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ လေးစားလိုက်နာဖို့ ကတိပြုထားသူ ဖြစ်တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့လည်း ၂၀၀၈ အခြေခံဥပဒေစာအုပ်ကြီးကို ကိုင်ပြီး ကျမ်း ကျိန်ဆိုထားသူပါ။ “နိုင်ငံရေးသမားတို့ရဲ့ ကတိဆိုတာ အလိမ်အညာမုသား ဖြစ်သည်” ဆိုတဲ့ ရောမ စကားပုံတစ်ရပ် ရှိပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုနိုင်ငံရေးခေါင်းဆောင်မျိုး ဖြစ်လို့ မရပါဘူး။ နောက် Rule of Law ကို ဦးဆောင်မယ့် ကော်မတီဥက္ကဌတစ်ယောက်အနေနဲ့ Out of Law မဖြစ်အောင် ပညာရှိ သတိဖြစ်ခဲ အနေအထားမျိုး ရောက်ရှိလာနေပါပြီ။

လက်ဝဲသူငယ်နာ

ဒီကနေ့ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံလိုမျိုး အင်စတီကျူးရှင်းတွေ ဘယ်လောက်ရှိနေပြီလဲ ပြန်ကြည့် ဖို့ လိုပါတယ်။ နိုင်ငံရေးပြဿနာတွေ ဘယ်လောက်ပြင်းထန်ပြင်းထန် စီးပွားရေးယိုင်လဲမသွားအောင် ထိန်းမတ်ပေးနိုင်တဲ့ အင်စတီကျူးရှင်းတွေ ထိုင်းနိုင်ငံမှာ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ ဖြစ်လာရင် လူထုလမ်းပေါ်ထွက်တဲ့ နည်းလမ်းနဲ့ အရာအားလုံး ဖြေရှင်းနိုင်ဖို့ လမ်းမမြင်နိုင်ပါဘူး။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို လျှောက်တော့မှာလား ဆိုတာကိုလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့က အစိုးရနဲ့ တပ်မတော်ကို စိန်ခေါ်လိုက်ပြီ ဆိုတာမျိုး မီဒီယာတွေမှာ ပြူးတူးပြဲတဲ ဖော်ပြနေကြတာ ကလည်း ထိပ်တိုက်ရင်ဆိုင်မှုကို တွန်းပို့နေသလိုမျိုး ခံစားမိပါတယ်။ ပြောသင့်ပြောထိုက်တဲ့စကားကို ဒီကနေ့ ပြော ဖို့ လိုပါတယ်။ ရှစ်လေးလုံးအရေးအခင်းမှာ အုံကြွလာပြီး သွေးဆူလာတဲ့ လူထုကို ဘယ်သူတွေ ထိန်းနိုင် ခဲ့ပါသလဲ။ ယနေ့အချိန်အထိ ဘောလုံးပွဲ အရှုံးဒဏ်ကြောင့် ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ အကြမ်းဖက်တာ တွေ လုပ်ဆောင်နေဆဲဖြစ်တဲ့ မြန်မာလူထုကြီးဟာ စနစ်တကျ စည်းကမ်းရှိရှိ လမ်းပေါ်ထွက်ကြမယ် လို့ ယူဆထားရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ မကြာသေးခင်ကပဲ ကွန်ရက်တွေရဲ့ အသုံးချခံပြည်သူတွေ က နိုင်ငံခြားသား(၂)ယောက်ကို သူပုန်ဆန်ဆန် ပြန်ပေးဆွဲသလိုမျိုး လုပ်ဆောင်ခဲ့တဲ့သတင်းတွေကို လည်း ကြားမိပါလိမ့်မယ်။

တစ်ချိန်က အလုံးစုံဆန့်ကျင်ရေးလမ်းကြောင်းမှာ NLD ရဲ့ ဦးဆောင်မှုနဲ့ လျှောက်ခဲ့ကြတဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ဒီမိုကရေစီရေချိန် မသိပါဘဲ ဘေးကို ရောက်နေခဲ့ကြပါပြီ။ ဒီလိုမျိုး တက်ကြွ လှုပ်ရှားသူတွေဟာ NLD ဦးဆောင်ခဲ့တဲ့ ဆန့်ကျင်ရေးကန်ပိန်းတွေကိုပဲ အားသန်နေကြတာ ကိုယ်တိုင် ကြုံတွေ့ဘူးကြမယ် ထင်ပါတယ်။ နိုင်ငံရေးဆရာကြီးတွေရဲ့ စကားနဲ့ပြောရရင် လက်ဝဲသူငယ်နာ မကင်း စင်သေးတဲ့ အခြေအနေပါ။ “လမ်းတွေပေါ်မှာ လူတွေအပြည့်ဖြစ်အောင် လုပ်ပြနိုင်တယ်၊ လုပ်လည်းလုပ် ပြခဲ့ပြီးပြီ” ဆိုတာမျိုးက နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပြည်သူတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ နောက် ပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ “အဲဒီလမ်းပေါ်မှာ လူတွေတစ်ယောက်မှ မရှိအောင် လုပ်ပြနိုင် တယ်၊ လုပ်လည်းလုပ်ပြခဲ့ပြီးပြီ” ဆိုတဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနေရာမှာ အတော်များ များရဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာပြီးတော့ NLD နဲ့ ၈၈ နောက်ကြောင်းပြန်တော့မှာလား မေးလာနေ ပါပြီ။

ယခုအချိန်အထိ ဖြစ်ပေါ်တိုးတက်မှုတွေကို ကြည့်ရင် အားလုံးဟာ အကောင်းဘက်ကို ဦးတည် နေတယ် ဆိုတာ အများစုက သဘောတူ လက်ခံထားပြီး ဖြစ်ပါတယ်။ NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တွေကနေ ဒီလောက်အထိ ဖြစ်လာနိုင်တယ် ဆိုရင် NLD ပါတဲ့ ၂၀၁၅ ရွေးကောက်ပွဲက ဒီ့ထက်ပိုပြီး ကောင်းလာ စေမယ် ဆိုတာကိုလည်း မျှော်လင့်ထားကြပြီး ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးအခင်းကာလမှာ ပြည်သူ တွေ ကျီးလန့်စာစား အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရပြီးတော့ အစွန်အဖျားဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကိုလည်း ပြန်ပြီးသတိရဖို့ လိုပါတယ်။ ဒီကနေ့ ငြိမ်းချမ်းရေး မရသေးတဲ့နယ်မြေ ဒေသ တွေမှာ ဒီလိုမျိုး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရပါ ပြီ။ တပ်မတော်အစိုးရရဲ့ လမ်းပြမြေပုံ(၇)ချက်ကြောင့် ဒီကနေ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲ လိုမျိုး လုပ်လာနိုင်တာကို သေသေချာချာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။

စစ်တပ်ကို တစ်ကယ် မောင်းထုတ်နိုင်ပြီလား

စစ်တပ်ကို ချက်ချင်းထွက်သွား ဆိုတဲ့ သဘောမျိုး ပြောနေတာဟာ လက်တွေ့ကျရဲ့လား စဉ်းစား ကြဖို့ လိုပါတယ်။ စစ်တပ်ကို အပြုတ်တိုက်လို့ ရနိုင်မလား စဉ်းစားစေလိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် ဟာ နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍ ရှိခဲ့တယ် ဆိုတာကိုလည်း အသိခေါက်ခက် အ၀င်မနက်စေလိုပါ။ ၂၀၀၈ အခြေခံဥပဒေကစလို့ စစ်တပ်သဘောမတူရင် နောက်ကြောင်းပြန်ဖို့ပဲ ရှိပါတယ်။ နောက်အရေး ကြီးတဲ့တစ်ချက်က အခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်မှာပဲ တာဝန်ရှိပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ယုံကြည်မှုကို ဦးစွာ ရယူနိုင်ဖို့ လိုပါတယ်။ သူတို့ရဲ့ ယုံ ကြည်မှုကတစ်ဆင့် တပ်မတော်ကို စိတ်ချရတဲ့ အာမခံချက်တစ်ရပ် ပေးနိုင်တဲ့ သတင်းစကားကို တပ်မတော်ခေါင်းဆောင်တွေဆီ ပေးပို့ဖို့ လိုပါတယ်။ အခုအချိန်အထိ တပ်မတော်နဲ့ အတိုက်အခံတွေ ဟာ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။ တပ်မတော်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ လုံခြုံမှုကို ရယူထားတာဆိုရင် မမှားပါဘူး။ ဒါဟာလည်း ကလဲ့စားချေ နိုင်ငံရေးအငြိုးအာဃာတတွေ ကြီးမားပြင်း ထန်လှတဲ့ နိုင်ငံရေး သမိုင်းကြောင်းတွေအရ ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။ အခုလို တပ်မတော်ကို ရစရာ မရှိအောင် ဝေဖန်တိုက်ခိုက်ခဲ့ခြင်းရဲ့ အကျိုးဆက်အနေနဲ့ တပ်မတော်ရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့ အလှမ်းကွာ ဝေးသွားပြီ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင် ပြောသလို လူတွေ လမ်းပေါ်ပြည့်သွားအောင် လုပ်နိုင်ရင် လိုချင်တာ အားလုံး ရလာမယ် ဆိုတာ မှန်ပါရဲ့လား။ ပြည်သူတွေကရော အကုန်လုံး NLD နဲ့ ၈၈ ခေါ်ဆောင်ရာ လမ်းတွေပေါ် ကို လိုက်ကြမှာ သေချာပါပြီလား။ အကုန်လုံးလမ်းပေါ်ထွက်သည့်တိုင်အောင် လိုချင်တာအားလုံးရလာမယ် လို့ အာမခံနိုင်ပါသလား။ ရရှိထားတဲ့ အခြေအနေကောင်းတွေ အကုန်လုံး ဆုံးရှုံးရတော့မယ့် အခြေ အနေကို ပြည်သူတွေဆီ ပေးပို့ဖို့ သင့်လျော်ပါသလား။ မေးခွန်းတွေကတော့ အများကြီး ရှိပါတယ်။ နောက် တစ်ချက်ပြောရရင် ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းရဲ့ နောက်တစ်ဆင့်ဟာ ပုဒ်မ ၅၉(စ)ပဲ ဖြစ်တယ် ဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတွေ သိရှိထားကြပါတယ်။ ပုဒ် ၅၉(စ)ဆိုတဲ့ ဒီဘူတာကို တိုက်ရိုက် မသွားဘဲ ကြားဘူတာဖြစ်တဲ့ ပုဒ်မ ၄၃၆ တစ်ဆင့်ခံပြီး သွားတာဟာလည်း နောက်ဆုံးမှာတော့ အမျိုး သားရေးနိုးကြားသူတွေနဲ့ ထိပ်တိုက်တွေ့လာဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ စစ်တပ်ကို မောင်းထုတ်ပြီး လျှောက်လှမ်းမယ့် လမ်းကြောင်းဟာ ကောင်းမွန် တဲ့လမ်းကြောင်း ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ စစ်တပ်ကို ပြည်သူလူထုနဲ့ ရန်တိုက် ပေးနေတာဟာ မတည်ငြိမ်သေးတဲ့ ဒီလိုနိုင်ငံမျိုးအတွက် အရမ်းကို အန္တရာယ်များတယ်လို့ ပြောချင် ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်ပဋိပက္ခတွေမှာ စစ်တပ်ရဲ့ ကူညီပံ့ပိုးမှု မရှိရင် ဘာတွေ ဖြစ်လာမလဲ တွေးကြည့်ကြစေလိုပါတယ်။ အချိန်မရွေး သွေးချောင်းစီးမယ့် အခြေအနေတွေမှာ ရှိနေတုန်းပါပဲ။ အခု နောက်ဆုံး ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာ RSO တွေ ၀င်ရောက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ တစ်နိုင်ငံလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ NLD နဲ့ ၈၈ တွေရဲ့ လူထု အင်အားနဲ့ ဒီအန္တရာယ်ကို တားဆီးကာကွယ်နိုင်မှာတဲ့လား။ ပြည်တွင်း နေရာအနှံ့အပြားမှာ လူမျိုးရေး ပဋိပက္ခတွေ ပြန်ပြီး ဖြစ်ပေါ်လာမယ်ဆိုရင်လည်း NLD နဲ့ ၈၈ တွေ ကြားဝင်ဖျန်ဖြေဖို့၊ ကြားဝင်ထိန်း သိမ်းဖို့ ရနိုင်မယ် လို့ ယုံကြည်ထားပါသလား။ စစ်တပ်ဟာ တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ် သုံး နေရဦးမှာပဲ ဖြစ်ပါတယ်။ စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် ဒီလိုမျိုး ပဋိပက္ခတွေ ဖြစ်လာခဲ့မယ် ဆိုရင် စစ်တပ်ရဲ့ ထောက်ခံမှု၊ ကူညီမှု မရှိဘဲ ထိန်းသိမ်းဖြေရှင်းနိုင် မယ် လို့ ယူဆပါသလား။

ထိုင်းနိုင်ငံမှာ ရင်းလတ် ပြုတ်ကျသွားခဲ့တာ စစ်တပ်ရဲ့ ထောက်ခံမှု မရခဲ့လို့ ဖြစ်ပါတယ်။ အ၀ါတွေကို ထိထိရောက်ရောက် မဖယ်ရှားခဲ့တာ စစ်တပ်ရဲ့ ပံ့ပိုးကူညီမှု မရခဲ့လို့ ဖြစ်ပါတယ်။ ဒီကနေ့ ယူကရိန်း စစ်တပ် သွေးကွဲသွားတဲ့အချိန်မှာ ဘာတွေ ဖြစ်လာသလဲ ဆိုတာကို သတိပြုစေလိုပါတယ်။ ဒီမိုကရေစီ အပြည့်အ၀ ရရှိရေး အရေးကြီးသလို တိုင်းပြည် မပြိုကွဲဖို့၊ ပြည်သူတွေ ဒုက္ခမရောက်ဖို့ကလည်း အရေးကြီးတယ် ဆိုတာကို သတိပြုစေလိုပါတယ်။ ချောက်ထဲကျဖို့ လက်တစ်လုံးအလို ဆိုတဲ့ စကားနဲ့ ကယ်တင်ဖို့ စောင့်နေတယ် ဆိုတဲ့စကားကို ကိုမင်းကိုနိုင် မိတ္ထီလာမှာ ပြောခဲ့ဘူးပါတယ်။ ဒီကနေ့ ပြုပြင် ပြောင်းလဲနေပြီ ဖြစ်တဲ့ ပညာရေးစနစ်ကို ခံစားရတော့မယ့် ကျောင်းသားလူငယ်တွေ တောရောက် တောင်ရောက် မဖြစ်စေချင်တော့ပါဘူး။ ဒီကနေ့ ရရှိနေတဲ့ အခွင့်အရေးတွေ အကုန်လုံး ပြန်ပြီး ဆုံးရှုံး သွားတာတွေကို မမြင်တွေ့လိုတော့ပါဘူး။ တစ်ကယ်တမ်းကျတော့ မြန်မာပြည်သူတွေဟာ သနားစရာ သိပ်ကိုကောင်းပါတယ်။ ပြည်သူအများစုဟာ ပုဒ် ၄၃၆ ပြင်ရင် ကောင်းသွားမယ် ဆိုတာပဲ နားဝင် နေပြီးတော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားမိကြပါဘူး။ မပြင်ရင် ဘာတွေ ပိုပြီး ဆိုးလာမလဲ ဆိုတာကိုလည်း တိတိကျကျ သိကြတဲ့သူတွေ မဟုတ်ပါဘူး။ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ ပညာတတ်တွေ၊ မြို့နေလူတန်းစားတွေ ဒီလိုလူတွေကသာ စိတ်ဝင်စားနေကြတာပါ။ အခုလို ကောင်းလာ တော့မလိုလို မျှော်လင့်ချက်တွေ ပေါ်လာပြီးမှ နိုင်ငံရေး တိုက်ပွဲတွေကြောင့် အနာဂတ်ပျောက်ဆုံးသွား မှာကိုလည်း မလိုလားပါဘူး။ လက်ရှိမြန်မာ့နိုင်ငံရေး "ဂ ငယ်ကွေ့" ပြန်ပြီး ကွေ့သွားမယ် ဆိုရင် ဘယ်သူမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြမှာ မဟုတ်ပါဘူး။ နိုင်ငံတကာက ဖယ်ကြဉ်ခံရမယ့် နိုင်ငံသားတွေ အဖြစ် မျက်နှာငယ်ငယ်နဲ့ နေခဲ့ရတဲ့ အတိတ်ကာလက အခြေအနေမျိုးကို ပြန်မရောက်ချင်ကြတော့ ပါဘူး။

NLD ရော ၈၈ ပါ အချိန်မီ သတိတရား ၀င်စေချင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးရင် ဘယ်လို အခြေအနေ ရောက်လာမလဲ ဆိုတာ အားလုံး သိပြီး ဖြစ်မှာပါ။ ဘာဖြစ်လို့ အခုလို အတင်းအကျပ် လုပ် နေကြပါသလဲ။ မတည်ငြိမ်ဘူး၊ ပြဿနာတွေ ဖြစ်နေပြီ ဆိုတဲ့ သတင်းစကားဟာ ပြည်သူတွေရဲ့ စီးပွား ရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။ ၁၉၈၈ ခုနှစ်ကလည်း စစ်တပ်ကို အပြုတ်ဖယ်ရှားရေးနဲ့ လှုပ်ရှားခဲ့ကြ တာပါပဲ။ ဘယ်လိုဖြစ်ခဲ့သလဲ အားလုံး သိပါတယ်။ စစ်တပ်နဲ့ ပြည်သူ သွေးခွဲနေတာကြောင့် စစ်တပ်ကို ပြည်သူက ရန်သူလို မြင်သွားရင်၊ စစ်တပ်ကလည်း ပြည်သူကို ရန်သူလို မြင်သွားရင် ဒီနိုင်ငံ ဒုက္ခတွင်းထဲ ရောက်ပြီ လို့သာ အောက်မေ့ပါတော့။ သေချာတာတစ်ခုကတော့ NLD နဲ့ ၈၈ တွေဟာ မဖြစ်မနေ လိုအပ်နေတဲ့ စစ်တပ်ရဲ့ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့ အခက်ခဲဆုံးအနေအထားကို ရောက် ရှိသွားပြီ ဆိုတာပါပဲ။

ဘုန်းအောင်
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၅၂) မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment