Thursday, May 15, 2014

တရုတ်ရေတပ် သင်္ဘောတွေ မြန်မာနိုင်ငံလာမည်

တရုတ်နိုင်ငံ ရေတပ်က လေ့ကျင်ရေးသင်္ဘော တွေဖြစ်တဲ့ ZHENG HE နဲ့ ကာကွယ်ရေးသင်္ဘော WEI FANG အဖွဲ့တွေဟာ မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မေလ ၂၃ ရက်နေ့မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။



ဓာတ်ပုံ - Chinese Embassy in Myanmar Facebook
မြန်မာ-တရုတ် နှစ်နိုင်ငံရေတပ်တွေ အကြား စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေလုပ်ဆောင်မှာဖြစ်ပြီး နှစ်နိုင်ငံ
ရေတပ်တွေအကြား ချစ်ကြည်ရင်းနှီးစေရန် အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးတက် စေရန်နဲ့ ရေတပ် အချင်းချင်း ချစ်ကြည်ရင်းနှီးစေရန်ကို ရည်ရွယ် ကြောင်း တရုတ်သံရုံးရဲ့ ကြေညာချက်မှာ တွေ့ရပါတယ်။

ဒီခရီးစဉ်မှာ DA LIAN ရေကြောင်းကောလိပ်၊ ရေကြောင်းအင်ဂျင်နီယာတက္ကသိုလ်၊ ရေတပ်နဲ့ လေကြောင်း အင်ဂျင်နီယာ တက္ကသိုလ်တို့က ဗိုလ်လောင်း ၁၇၁ ယောက် အပါအဝင် တရုတ်နိုင်ငံက ရေတပ်အရာရှိ ၅၆၃ ဦး လိုက်ပါလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။



ဒါ့အပြင် သြစတြေးလျ၊ နယူးဇီလန်၊ စင်္ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ က
ရေကြောင်းကောလိပ်ကျောင်းသား ၁၁ ဦးလည်း လိုက်ပါလေ့လာကြမယ်လို့ ဆိုပါတယ်။

မြန်မာရေတပ်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး မြန်မာနိုင်ငံကနေ ၂၇ ရက်နေ့မှာ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီးနောက် အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နန် နိုင်ငံတွေကို ဆက်လက်ထွက်ခွာမှာဖြစ်တယ် လို့လည်းဖော်ပြထားပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းယူလိုကြတဲ့ မီဒီယာတွေအနေနဲ့ ကြိုတင်အကြောင်းကြားထားဖို့ လည်း ဖော်ပြထားပါတယ်။

ကျော်ခ
ဧရာဝတီ

0 comments:

Post a Comment