Wednesday, May 7, 2014

နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှု၊ ဖိဖိစီးစီးလုပ်ရန် အစိုးရကို ဆန္ဒပြ

နိုင်ဂျီးရီးယားနိုင်ငံမှာ အထက်တန်းကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရအနေနဲ့ ပိုပြီး ဖိဖိစီးစီးလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မြို့တော်အဘူဂျာမှာ ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသူတွေ ပြန်ပေးဆွဲခံခဲ့ရတာဟာ အခုဆို ရက်သတ္တပတ် ၃ ပတ်ရှိပြီ ဖြစ်ပြီး အဘူဂျာမြို့ရဲ့ အခြားနေရာတွေမှာလည်း အစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။


ဆန္ဒပြပွဲတွေကို အရင် နိုင်ဂျီးရီးယားပညာရေးဝန်ကြီးဟောင်း အိုဘီ အက်ဇီကွာဆီလီက ဦးဆောင်နေပြီး ကျောင်းသူတွေအရေးနဲ့ ပတ်သက်ပြီး အဖမ်းခံထားရတဲ့ အခွင့်အရေးလှုပ်ရှားသူ နာအိုမီမူတာကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အဘူဂျာမြို့က ရပ်ရွာခေါင်းဆောင်တဦးကလည်း အစိုးရက ဒီကျောင်းသူတွေအရေးကိစ္စမှာ အရင်က အလေးမထားခဲ့ပေမယ့် အခုတော့ ပိုပြီး အာရုံစိုက်လာပြီး သူတို့နဲ့ တွေ့ဆုံဆွေးနွေးတာ၊ စုံစမ်းရေးကော်မတီ ဖွဲ့တာနဲ့ ကတိ က၀တ်ပေးတာတွေ လုပ်လာပြီလို့ ပြောဆိုခဲ့ပါတယ်။ဧပြီ ၁၄ ရက်နေ့က ဘိုကိုဟာရမ် မွတ်စလင်သူပုန်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းက ချီဘောက်ရွာ အမျိုးသမီးအထက်တန်းကျောင်းကို ရောက်ရှိလာပြီး ကျောင်းသူ ၂၀၀ ကျော်ကို ကုန်တင်ကားတွေနဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။

အမျိုးသမီးခေါင်းဆောင်တဦးဖြစ်တဲ့ အာအီရှာ ဆာဒ့် (Aisha Sa’ad) ကလည်း အစိုးရရဲ့ အားစိုက် လုပ်ဆောင်မှု ပိုလိုအပ်တယ်လို့ ပြောဆိုပြီး သမီးပျောက်မိခင်တဦးအနေနဲ့ ဒီအချိန်တွေကို ဖြတ်သန်းရတာ အတော်ကို ပင်ပန်းခက်ခဲလှပြီလို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံက စစ်ဘက်၊ အရပ်ဘက်ကျွမ်းကျင်သူတွေနဲ့ ကျောင်းသူတွေကို ကူညီရှာဖွေပေးဖို့ ဒီ ၁ ပတ်ထဲမှာပဲ ကမ်းလှမ်းခဲ့ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတို့ကလည်း အကူအညီတွေ ကမ်းလှမ်းခဲ့ကြပါတယ်။

နိုင်ဂျီးရီးယားအစိုးရရဲ့ ပျော့ညံ့မှုကို နိုင်ဂျီးရီးယားပြည်သူတွေ မကျေမနပ်ဖြစ်နေချိန်မှာ နိုင်ဂျီးရီးယားအစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေကိုလည်း နိုင်ငံတကာက အထူး အာရုံစိုက်နေကြပြီလည်း ဖြစ်ပါတယ်။

မေ ၇ ရက်နေ့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို နိုင်ဂျီးရီးယားနိုင်ငံမှာ စတင်ကျင်းပနေခဲ့ပါတယ်။ ကျောင်းသူပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၃ သိန်း ဆုကြေးပေးမယ်လို့ နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က မနေ့က ကြေညာခဲ့ပါတယ်။

DVB

0 comments:

Post a Comment