Sunday, May 18, 2014

တပ်မတော်က အာဏာနှင့်အခွင့်အရေးကို မမက်မောဘဲ တိုင်းပြည်ကိုချစ်လျှင် အခြေခံဥပဒေကိုပြင်၍ သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်စိန်ခေါ်


မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကွင်းလုံးပြည့်လူထုပရိသတ်ကို မေလ ၁၈ ရက်က တွေ့ရစဉ် (Photo- The 88 Generation Peace and Open Society)

အာဏာနှင့် အထူးအခွင့်အရေးများကို မက်မောနေ၍ မဟုတ်ဘဲ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်ခင်အလေးထားသည်ဆိုလျှင် သတ္တိရှိရှိဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်၍ သက်သေပြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့တပ်မတော်အား စိန်ခေါ်စကား ပြောကြားသည်။မေလ ၁၈ ရက် နံနက်က မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်သည့် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ (၄၃၆) ပြင်ဆင် ရေးဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဖွဲ့စည်းပုံပြင်ကာ အမှန်တရားကို ရင်ဆိုင်ဖို့ စိန်ခေါ်ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အာဏာမက်မောလို့ အထူးအခွင့်အရေး မက်မောလို့ နေရာမက်မောလို့လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျွန်မကတိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတာထက် တစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်။ တကယ်ပဲတိုင်းပြည်ကို ချစ်တယ်၊ တကယ်ပဲ ပြည်သူလူထုကို လေးစားတယ်။ တကယ်ပဲ သတ္တိရှိတယ်။ တကယ်ပဲ တိုင်း ပြည်အနာဂတ်အတွက် အမြော် အမြင်ရှိတယ်ဆိုလို့ဆိုရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒီနှစ်အ တွင်းမှာ လွှတ်တော်အတွင်းကနေ ပြီးတော့ ပြုပြင်နိုင်အောင်လို့ တပ်မတော်သားများ အားလုံးဝိုင်းဝန်းလုပ်ကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


(ဓာတ်ပုံ − ညီညီဇော်)

တပ်မတော်အနေဖြင့် နိုင်ငံကို အုပ်ချုပ်နေရန်မလိုဘဲ တိုင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်ရန်သာ တာဝန်ရှိကြောင်း၊ ကိုယ်မပိုင်သည့်အရာအား ရယူထားခြင်းကြောင့် သိက္ခာမဲ့သလို တိုင်းပြည်အတွက်လည်း နစ်နာသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ၁၉၉၀ ရွေး ကောက်ပွဲနောက်ပိုင်း အာဏာလွှဲ မပေးမှုနှင့် လက်ရှိတွင် သမ္မတ အရည်အချင်း သတ်မှတ်ချက် ကန့်သတ်ထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရောက်ရှိနေပြီး ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ခက်ခဲနေမှုများနှင့် ပတ်သက်၍ ဝေဖန် ပြောကြားသည်။

‘‘ဘယ်လောက်အထိ တိုင်းပြည်အတွက် စွန့်လွှတ်ရဲသလဲဆိုတာကိုလည်း တစ်ကမ္ဘာလုံးသိအောင် ပြလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ ကိုယ် မပိုင်တဲ့အရာကို မယူထားပါနဲ့။ မယူချင်ပါနဲ့။ အရသာလည်း မရှိပါဘူး။ ကိုယ့်သိက္ခာလည်း ကျပါတယ်။ ကိုယ့်တိုင်းပြည်လည်း နာပါတယ်။ ကိုယ့်သိက္ခာလည်းကျ၊ ကိုယ့်တိုင်းပြည်လည်း နာမယ့် ကိစ္စမျိုးကို ဘာဖြစ်လို့ လုပ်ချင်တာလဲဆိုတာ ကျွန်မကတော့ မေးကြည့်ချင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

မေလ ၁၅ ရက်တွင်မန္တလေး မြို့သို့ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲကိစ္စများကြောင့် တိုင်းပြည်ဆူပူမှုဖြစ်နိုင်သည်ဟု ပြောကြားခဲ့မှုအပေါ်လည်း တုံ့ပြန်ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား ဥပဒေဘောင်အတွင်းမှ အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ် လုပ်ဆောင်လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘ကျွန်မတို့ မြင်တာကတော့ တပ်မတော်ရဲ့ တာဝန်ဆိုတာဟာ ပြည်သူကို ကာကွယ်ဖို့ တိုင်းပြည်ကို ကာကွယ်ဖို့ ပြည်သူကို အုပ်ချုပ်ဖို့လို့ ဘယ်တုန်းကမှ ကျွန်မမကြားဖူးပါဘူး။ ဒီတော့ ကျွန်မကပြောချင်တယ်။ တပ်မတော်သားတွေကို သတ္တိရှိရှိနဲ့ စစ်သားတွေပဲ ဒီလောက်တော့ သတ္တိရှိရမှာပေါ့။ သတ္တိရှိရှိနှင့် အမှန်တရားကို ရင်ဆိုင်ပါ။ သေနတ်ကို ကိုင်ပြီးတော့ သေနတ်မရှိတဲ့သူတွေကို ရင်ဆိုင်တာထက် အများကြီး ပိုအရေးကြီးပြီးတော့ သိက္ခာရှိပြီးတော့ သတ္တိရှိတဲ့ကိစ္စဟာ အမှန်တရားကို ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်’’ ဟု ဆက်လက်ပြောကြားသည်။


(ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

တပ်မတော်သားများသည် ပြည်သူများကြားမှ ပေါက်ဖွားလာ ခြင်းဖြစ်သည့်အတွက် ပြည်သူနှင့် တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်သင့်ကြောင်း၊ ပြည်သူကို ပေး သည့် ကတိမတည်သူများအား ခေါင်းဆောင်နေရာတွင် မထား ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား အမြန်ဆုံး ဆောင်ရွက်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတမှုရှိရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မဖြစ်မနေပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟုလည်း ပြောကြားသွားခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် လူထုဟောပြောပွဲအပြီး နောက်နေ့တွင် ရက်ဆက်ပြုလုပ်ခဲ့သည်။ မန္တလေးမြို့ အောင်ပင်လယ်ကွင်း တွင်လည်း လူဦးရေသောင်းနှင့်ချီ တက်ရောက်ခဲ့သည်။ နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ၁ နာရီခွဲကြာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့က ဟောပြောခဲ့ကြသည်


7Day Daily

0 comments:

Post a Comment