Wednesday, May 21, 2014

နိုင်ငံရေးလွန်ဆွဲမှုများနှင့် ထိုင်းနိုင်ငံအတွေ့အကြုံ



လွန်ခဲ့သော လေးနှစ်ဝန်းကျင်ကာလက မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် ပတ်သက်၍ မေးခွန်းများ စွာနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ပြည်သူလူထုတရပ်လုံးက ယုံကြည်ကိုးစားရသည့် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ဖြစ်လာမည့် သမ္မတဦးသိန်းစိန်တို့နှစ်ဦး အများအမြင်တွင် လက်ဆွဲနှုတ်ဆက် လိုက်ခြင်းက ခေါင်းဆောင်နှစ်ဦးအကြား နိုင်ငံရေးအင်အားစုနှစ်ခု မျှချေတစ်ခု၊ ကြားအဖြေတစ်ခုကို ရယူလိုက်ကြပြီဟု နားလည်ကာ မြန်မာနိုင်ငံ၏ အနာဂါတ် ရေရာသေချာမှုတစုံတရာကို နိုင်ငံတော်နှင့် ပြည်သူတရပ်လုံး က အပြုသဘောဆောင် ထင်မြင် ယူဆချက်များ ပေးခဲ့ကြသည်။ပဋိပက္ခများနှင့် ခေတ်အဆက်ဆက် ခေါင်းမထောင်နိုင်ခဲ့သော နိုင်ငံတစ်ခုအတွက် သြဇာကြီးမားသော အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်နှင့် စစ်ဘက်ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တို့ နှစ်ဦး၏ နိုင်ငံရေး အမြော်အမြင်နှင့် ၎င်းတို့နှစ်ဦး၏ မြန်မာပြည်သူလူထု တရပ်လုံး အပေါ်ထားရှိသော နိုင်ငံရေး စိတ်စေတနာ သည် မြန်မာနိုင်ငံတော် အသစ်ပြန်လည် ထုဆစ်နိုင်ရေးအတွက် အလွန်အဓိကကျသော ကိစ္စရပ်ဖြစ် ပါသည်။

ယနေ့အချိန်တွင် နိုင်ငံရေးလွန်ဆွဲမှုများ၊ တဘက်နှင့် တဘက်ဖယ်ထုတ်ခြင်း နည်းလမ်းများမှ အမှန်တကယ် ခွဲထွက်လာနေပြီဟု ယုံကြည်ရလောက်သည့် နိုင်ငံရေးပုံစံသစ်တစ်ခုကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင် မည့် Negotiated Government Model တစ်ခုကို ပုံဖော်လုပ်ဆောင်နိုင်ရန် အရေးတကြီး လိုအပ် လာပြီ ဖြစ်ပါသည်။

အသွင်မတူသော နိုင်ငံရေးအင်အားစုများ နှင့် ကွဲပြားခြားနားသော လိုအပ်ချက်များစွာ ရှိ နေသော မြန်မာ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန် နိုင်ငံရေးခေါင်းဆောင်များ အကြား မဟာဗျူဟာကျသော ရေရှည် တည်တံ့မည့် သဘောတူညီချက်များ ထားရှိရန် လိုအပ်သည်။ တည်ရှိပြီးသား နိုင်ငံရေးအခင်းအကျင်း တစ်ခု ကို လက်မခံနိုင်ပါက ထိုအခင်းအကျင်းကို အစားထိုးနိုင်မည့် ပိုမိုကောင်းမွန်သော နိုင်ငံရေးအဖြေတစ်ခုကို ရှာဖွေနိုင်ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အမှန်တကယ် ဆောင်ကြဉ်းနိုင်ရန် ရည်ရွယ်သော်လည်း နိုင်ငံရေး အင်အား စုများအကြား အပြန်အလှန် ဖိအားပေးခြင်းနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည် ပဋိပက္ခမှ ရုန်းထွက်ခါစ နိုင်ငံတစ်ခုကို ပဋိပက္ခများသို့ ပြန်လည်ဦးဆောင်သွားရန် တွန်းအားပေးသကဲ့သို့ ဖြစ်လာ မည် ဖြစ်သည်။

ကာလရှည်ကြာစွာ လူထုဆန္ဒပြပွဲများနှင့် ရင်ဆိုင်ခဲ့ရသော ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ယင်လတ် နှုတ်ထွက် အပြီး သူမနှင့် သူမ၏ ပါတီကို ထောက်ခံသော ကြီးမားလှသည့် ပြည်သူလူထု အုပ်စုကြီးသည် လူထု ဆန္ဒပြပွဲကြီးများ တန်ပြန်ဆင်နွှဲရန် တာဆူလျှက် ရှိနေပြီ ဖြစ်သည်။ ထိုအခြေအနေကို ထိန်းသိန်းနိုင်ရန် အတွက် တပ်မတော်မှ တနိုင်ငံလုံးအတိုင်းအတာ မာရှယ်လော ထုတ်ထားရသည်ကို တွေ့ရ သည်။

နိုင်ငံရေးအာဏာပြိုင်ဆိုင်မှုများ ပြင်းထန်လာသည့် ထိုင်းနိုင်ငံကို လေ့လာကြည့်ပြီး၊ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအဖြေကိုရှာတွေ့နိုင်ရေး၊ နိုင်ငံရေးအားပြိုင်မှု နှင့် ပြည်သူလူထု အထိနာမှု အနည်းဆုံးဖြစ်နိုင်မည့် အခြေအနေကို လက်ရှိနိုင်ငံရေး ခေါင်းဆောင်များမှ ဖန်တီးတည်ဆောက်နိုင်ရေးကို အားပြု လုပ်ဆောင်နိုင်ပါမည့် အကြောင်း မီးမောင်း ထိုးဖော်ပြလိုက်ရပါသည်။

http://myanmarpeacechronicle.blogspot.com/ မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment