Monday, May 5, 2014

မျိုးစောင့်ဥပဒေကို အဖွဲ့အစည်း ၁၀၀ လောက်က ကန့်ကွက်

နိုင်ငံတော် သမ္မတကနေ မျိုးစောင့် ဥပဒေ မူကြမ်းရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြု ပြဌာန်းနိုင်ဖို့ ကော်မရှင်တစ်ရပ်ဖွဲ့စည်း တာဝန်ပေးခဲ့တဲ့အပေါ်မှာ ပြည်တွင်းမှာ ရှိနေတဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ လောက်က ကန့်ကွက်ခဲ့ကြပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ တန်းတူရေးအတွက် မျိုးစောင့်ဥပဒေအပေါ် ကန့်ကွက်ကြောင်း ပြောဆိုထားပြီး အမျိုးသမီးတွေရဲ့ ဘဝကို တကယ်မြှင့်တင်ပေးနိုင်မယ့် အကြံပြုချက်တွေအပါအဝင် အချက်ပေါင်း ၂၀ လောက်ပါဝင်တဲ့ ထုတ်ပြန်ချက် တစ်စောင်ကို အဖွဲ့အစည်းပေါင်း ၁၀၀ လောက်က အားလုံး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့အကြောင်း Peace Network က မမေစပယ်ဖြူက ပြောပြပါတယ်။

“အဓိကကတော့ အခုလက်ရှိမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးက ကျွန်မတို့ နိုင်ငံအတွက် အဓိက အရေးကြီးဆုံး ရှိပါတယ်။ အဲတော့ အခုလို အရေးကြီးတဲ့ အချိန်မှာ ဘာသာရေးကို အခြေခံပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအရ လှုပ်ရှားနေတဲ့ ဒီလှုံ့ဆော်မှုက အစွန်းရောက်အကြမ်းဖက်တဲ့ ပဋိပက္ခတွေကို ဖြစ်စေနိုင်တယ်။ အဲတော့ ကျွန်မတို့ ဒီငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူနဲ့လည်း ကိုက်ညီမှု လုံးဝမရှိဘူး။ နောက် ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ အာရုံလွှဲတဲ့ ကိစ္စတွေထဲက တစ်ခုလို့ ကျွန်မတို့က မြင်တယ်။ ကန့်ကွက်တာ ဖြစ်တယ်ပေါ့။”

မျိုးစောင့် ဥပဒေ ပြဌာန်းဖို့ ပြင်ဆင်တာဟာ အမျိုးသမီးတစ်ဦးရဲ့ မွေးရာပါ အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်မှု ပြုတာဖြစ်ပြီး အမျိုးဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကို အမျိုးသမီးတွေအပေါ် ပုံချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မျိုးစောင့် ဥပဒေကို ထောက်ခံသူ လူဦးရေ ၃ သန်းကျော်ရှိနေပြီး သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း မျိုးစောင့် ဥပဒေ မူကြမ်း ထွက်ရှိလာဖို့ ကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒါပေမယ့် မျိုးစောင့် ဥပဒေ ပြဌာန်းဖို့အပေါ် လွှတ်တော်တွင်းမှာလည်း အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး ပြစ်ဒဏ်တွေနဲ့ တားမြစ်ချက်တွေကလည်း ပြင်းထန်လွန်းတယ်ဆိုပြီး အငြင်းပွားနေကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

0 comments:

Post a Comment