နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင် များအား ယနေ့ နံနက် (၁၁) နာရီ မိနစ် (၂၀) တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီး ဦးအောင်သိမ်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ရုပ်ရှင်၊ သဘင်၊ ဂီတ ၀ါရင့်သက်ကြီး ပညာရှင်ကြီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
အစီအစဉ်အရ ရုပ်ရှင် လောကသားများကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ ဂီတ လောကသားများကိုယ်စား မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ သဘင် လောကသားများ ကိုယ်စား မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ပန်တျာ ဦးမြကြည်နှင့် ဇာတ်သဘင်ပညာရှင် ဦးချမ်းသာတို့က ရုပ်ရှင်၊ ဂီတ၊ သဘင် လောကတိုးတက်ရေး အတွက် လိုအပ်ချက်များနှင့် နိုင်ငံတော်အပိုင်းမှ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးရန် လိုအပ်သည့် အချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တင်ပြချက် တစ်ချက်ခြင်း အလိုက် ပြန်လည် ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး အမှာစကား ပြောကြားရာတွင် မိဘပြည်သူများ အား မိမိတတ်စွမ်းသည့် အနုပညာဖြင့် အလုပ်အကျွေးပြုနေကြသည့် ရုပ်ရှင် အနုပညာရှင် များနှင့် ယခုကဲ့သို့ ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီး တွေ့ဆုံခွင့်ရသည့်အတွက် ၀မ်းသာ ပါကြောင်း။
အနုပညာဆိုသည်မှာ အနည်းအများ ကွာဟသည်က လွဲ၍ လူသားတိုင်း၏ စိတ်နှလုံးကို လွှမ်းမိုးထားနိုင်သော ပင်ကိုယ်ဗီဇအခံ ပါရမီမရှိဘဲ လေ့ကျင့် သင်ကြား၍ မရနိုင်သည့် ပညာရပ် တစ်ရပ် ဖြစ်ပါကြောင်း၊ အနုပညာရှင်များ၏ သရုပ်ဆောင်မှု၊ ၀တ်စားဆင်ယင်မှု၊ ပြုမှုနေထိုင်မှုများသည် မိမိအပါအ၀င် ပြည်သူများအပေါ်တွင် သက်ရောက်မှုရှိခဲ့ပါကြောင်း။
မိမိတို့ ငယ်ငယ်ကလည်း ရုပ်ရှင်အနုပညာရှင် မင်းသားများကို ကြည့်ပြီး အားကျခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊ ယခုလည်း ရင်ထဲမှာစွဲပြီး လေ့လာနေတုန်းပင်ဖြစ်ပါကြောင်း၊ အမှတ်တရ ဖြစ်ခဲ့သည့် မင်းသားများထဲတွင် ဦးကျော်ဆွေနှင့် ဦးရွှေဘစသည့် မင်းသားကြီးများနှင့် ၎င်းတို့၏ သရုပ်ဆောင်မှုများ ဖြစ်ပါကြောင်း၊ ဂီတတွင်လည်း ဦးအံ့ကြီးနှင့် ဒေါ်မာမာအေး စသည့် ဂီတပညာရှင်များ၊ သဘင်တွင်လည်း ဦးရွှေမန်းတင်မောင်နှင့် ဦးစိန်အောင်မင်း စသည့် သဘင်ပညာရှင်ကြီးများကို ယနေ့အထိ အမှတ်ရနေဆဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများသည် မိမိချစ်ခင် လေးစားသည့် အနုပညာရှင်များ၏ သရုပ်ဆောင်မှု၊ သီဆို ဖျော်ဖြေမှုများ အပေါ်တွင် မသိမသာရော သိသိသာသာပါ အတုယူကြ၊ သင်ယူကြတာ ဖြစ်သည့်အတွက် အနုပညာရှင်ဆိုသည်မှာ တိုင်းပြည်နှင့် လူထုကို နှလုံးသားဖြင့် ခေါင်းဆောင် နေကြသူများဟုလည်း ဆိုရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ခေါင်းဆောင်နှင့်တူသော အနုပညာရှင်များသည် မိမိတို့ လူ့အဖွဲ့အစည်းကို မည်သည့် နေရာသို့ ဦးဆောင်ခေါ်ဆောင်သွားမလဲ၊ မည်ကဲ့သို့သော လူအဖွဲ့အစည်း တည်ဆောက်ကြရန် စည်းရုံးလမ်းပြမလဲ၊ မိမိတို့နိုင်ငံသားများကို မည်ကဲ့သို့သော နိုင်ငံသားများ ဖြစ်စေချင်သလဲ ဆိုသည့် ခေါင်းဆောင်မှု ဆိုင်ရာ စဉ်းစားတွေးခေါ်မှုများနှင့် တာဝန်ယူမှုများ ရှိကြရန် လိုအပ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။
မိမိတို့အစိုးရ တာဝန်ယူပြီးနောက်ပိုင်းတွင် ကြိုးပမ်းဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်၊ ဟောပြောခွင့်နှင့် တင်ဆက်ခွင့် များ ရရှိလာပြီး ရုပ်ရှင်ဆင်ဆာ စည်းမျဉ်းများကို များစွာ လျော့ပေါ့ပေးခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင် လောကသားများကိုယ်တိုင် ရွေးကောက် တင်မြှောက်ပြီး လွတ်လပ်သော အဖွဲ့ အစည်းတစ်ခုအဖြစ် ဖွဲ့စည်းနိုင်အောင် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အများပိုင် ကုမ္ပဏီထူထောင်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အကယ်ဒမီ ထူးချွန်ဆုများကို ရုပ်ရှင်အစည်းအရုံး အနေဖြင့် လွတ်လပ်စွာ ချီးမြှင့် နိုင်စေခဲ့ပါကြောင်း။
တစ်ဖက်တွင်လည်း ရုပ်ရှင်လုပ်ငန်းအတွက် နိုင်ငံတော်၏ ပံ့ပိုးမှုအနေဖြင့် ပြင်ဦးလွင်မြို့၌ ဧက (၂၀) ရှိသည့်နေရာကို ရုပ်ရှင်စတူဒီယို ဆောက်လုပ်နိုင်ရန် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင် အောင်ပန်းဆင်နိုင်ခဲ့ခြင်းသည် ထိုခေတ်က စတူဒီယိုကြီးများ၏ အရေးပါမှုကြောင့် ဖြစ်သည်ဟု စဉ်းစားမိသည့်အတွက် ယခုကဲ့သို့ ပံ့ပိုး ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ရုပ်ရှင် လုပ်ငန်းသည် တကယ်ကြိုးပမ်း လုပ်ဆောင်လျှင်၊ နိုင်ငံတကာ အဆင့်မီ ဖြန့်ချိနိုင်ခဲ့လျှင် တိုင်းပြည်၏ ၀င်ငွေကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေ ပေးသည့် စီးပွားရေး လုပ်ငန်း တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြား ရုပ်ရှင် ကုမ္ပဏီများနှင့် ဖက်စပ်ရိုက်ကူးနိုင်ရေး၊ ချေးငွေ ရရှိနိုင်ရေးတို့ကိုလည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည့် အတွက် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများနှင့် ကွဲပြားခြားနားသည့် ဘာသာ တရားများကို သေးသိမ်စေမည့်၊ နိုင်ငံသားများအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် တင်ပြမှုမျိုးများ ဖြစ်မလာအောင် အသိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်များဖြင့် ကာကွယ်တားဆီး ကြရမည် ဖြစ်ပါကြောင်း၊
ဂီတဆိုသည့် အနုပညာသည်လည်း သိမ်မွေ့နက်ရှိုင်းသည့်တိုင်၊ လူသားတိုင်း မဖန်တီး နိုင်သည့်တိုင်၊ အနည်းနှင့်အများ ခံစားနိုင်ကြသည်ဖြစ်ပါကြောင်း၊ ယနေ့တွင် ခိုးကူးခွေ ပြသနာကြောင့် ဂီတနှင့် အနုပညာရှင်များစွာ အခက်အခဲ ကြုံနေရသည်ကို ကြားသိ ရပါကြောင်း၊ မူပိုင်ခွင့် ဥပဒေများ၊ နည်းဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ပေးနိုင်ရန်၊ အနုပညာကို အကာအကွယ် ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်အောင် ကူညီပေးသွားမည် ဖြစ်ပါကြောင်း။
သဘင်ပညာရပ်သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု တစ်ရပ်ဖြစ်ပြီး ဖျော်ဖြေရေး သက်သက် ထက်ပိုသည့် ယဉ်ကျေးမှုရိုးရာ ကြန်အင်လက္ခဏာများကို ထိန်းသိမ်းနေသည့် လုပ်ငန်း တစ်ရပ်လည်း ဖြစ်သည့်အတွက် ဖျော်ဖြေရေး သက်သက်ထက်ပိုသည့် အနုပညာတစ်ရပ်ဟု လည်း ဆိုရမည်ဖြစ်ပါကြောင်း။
တိုင်းပြည်တစ်ပြည်၏ အောင်မြင်မှုကို တိုင်းတာသည့်အခါတွင် Gross National Happiness ဟုခေါ်သည့် တိုင်းသူပြည်သားများ၏ ပျော်ရွှင်ချမ်းမြေ့မှုသည်လည်း ပေတံတစ်ခု ဖြစ်ပါကြောင်း၊ အနုပညာရှင်များ အားလုံးက ဤကွက်လပ်တွင် ကြီးမားသည့် နေရာကနေ အားဖြည့် ပေးကြပါကြောင်း၊ ယနေ့ မိမိတို့အားလုံး မျှော်မှန်းတည်ဆောက်နေသည့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ကြီး ဖြစ်ရန်အတွက် တိုင်းရင်းသားများ နိုင်ငံသားများ အားလုံးနှင့် တန်းတူရည်တူ ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်ရန် အတွက် နိုင်ငံသားများအကြား စည်းလုံးညီညွတ်မှု အထူးလိုအပ်ပါကြောင်း။
မိမိပြောကြားခဲ့သကဲ့သို့ ရုပ်ရှင်၊ ဂီတနှင့် သဘင် အနုပညာရှင်အားလုံးသည် ပြည်သူများ၏ စံပြပုဂ္ဂိုလ်များ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားများ အားလုံးကို စည်းလုံးညီညွတ်ခြင်း၊ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစား လိုက်နာခြင်း၊ တိုင်းပြည်ကို ချစ်စိတ်ရှိခြင်း ဆိုသည် များကို ဦးဆောင်သင်ကြား ပြသမည့် အနုပညာရှင် လောကသားများ အနေဖြင့်လည်း စံပြ ဖြစ်စေမည့် အပြုအမူများကို ကျင့်သုံးပြုမူကြရမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဆပ်ကပ်၊ မျက်လှည့်ပါ မကျန် အနုပညာလောကသား အားလုံးအနေဖြင့် အချင်းချင်း အငြင်းပွားခြင်းမျိုး၊ မသင့်မြတ်ခြင်းမျိုးများကို ရှောင်ရှားပြီး စည်းလုံး ညီညွတ်သည့် အင်အားနှင့် ဖန်တီးနိုင်သည့် စွမ်းရည်များကို စုစည်းပြီး မိမိတို့ လူ့ အဖွဲ့အစည်း မျှော်မှန်း တည်ဆောက်နေသည့် နိုင်ငံတော်သစ်ကို ချီတက်ရေးတွင် မိမိတို့ စွမ်းပကားဖြင့် တတပ်တအား ပါဝင်တည်ဆောက်ကြရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရုပ်ရှင်၊ ဂီတ၊ သဘင် သက်ကြီး ပူဇော်ပွဲ အတွက် ထောက်ပံ့ငွေကျပ် ဆယ်သိန်းစီ စုစုပေါင်း ငွေကျပ်သိန်း သုံးဆယ်ကို ရုပ်ရှင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော် ဆုန်သင်းပါရ်နှင့် မင်းသမီး တင်ဇာမိုးဝင်း တို့ထံ ပေးအပ်သည်။
နိုင်ငံတော်သမ္မတသည် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင် လောကသားများနှင့်အတူ ကိုယ်တိုင်ယူစနစ် (ဘူဖေးလ်) ဖြင့် တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာ စားပွဲသို့ ရင်းရင်းနှီးနှီး အတူတကွ သုံးဆောင်ခဲ့သည်။
ယနေ့ အခမ်းအနားသို့ ရုပ်ရှင်၊ ဂီတ၊ သဘင်မှ ဖိတ်ကြားထားသည့် အနုပညာရှင် (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပြီး အနုပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်း
ရန်ကုန် ဇူလိုင် ၁၂
နိုင်ငံတစ်နိုင်ငံ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည် ပြည်သူလူထု၏ ပျော်ရွှင်မှုဖြစ်သည်။ ထို့အတူ နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြရသည့် ပြည်သူများအတွက် စိတ်အပန်းပြေပျော်ရွှင်စေနိုင်ပြီး အသိပညာဗဟုသုတ များကို ပေးစွမ်းနိုင်သည်မှာ ဖျော်ဖြေရေး ကဏ္ဍပင်ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်အကြာ ကတည်းကပင် အနုပညာရှင်များက တင်ပြထားခဲ့ပြီး မြန်မာနိုင်ငံ၏ အနုပညာကဏ္ဍအပေါ် နိုင်ငံတော်က ကူညီပံ့ပိုးပေးပါရန် တောင်းဆိုသည့် အချက်အလက်များနှင့် အနုပညာရှင် တို့၏ ခံစားချက်များကို နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြခွင့်အား ဇူလိုင် ၁၂ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (အမ်ပီစီ) ၌ ရရှိခဲ့ပြီဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ တွေ့ဆုံပွဲအတွင်း တက်ရောက် လာကြသော အနုပညာရှင်များ၏ ရင်တွင်းခံစားချက်နှင့် လက်ရှိနိုင်ငံတော်ပြုပြင် ပြောင်းလဲရေး ကဏ္ဍအတွင်း ဖျော်ဖြေမှုကဏ္ဍများမှ ဆောင်ရွက်မှုအနေအထားများ၊ အခက်အခဲများနှင့် သဘောထားများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
ပန်တျာဦးမြကြည် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံသဘင်အစည်းအရုံး
ရုပ်ရှင်၊ ဂီတ၊ သဘင် ညီအစ်ကို သုံးဦးဆိုရင် ကျွန်တော်တို့ သဘင် အနုပညာရှင်တွေက အချို့တဲ့ဆုံးပါ။ ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့ဖို့အတွက် ကျားကန်နေရတာနဲ့အပြိုင် တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ ဝင်ရောက်လာမှု၊ စားဝတ်နေရေး လတ်တလော ပြေလည်ဖို့အတွက် လုပ်ဆောင်နေရမှုတွေ ရှိပါတယ်။ သို့သော် ဇာတ်သဘင် အဆင့်အတန်း မြင့်မားရေးအတွက် ရှေ့မီနောက်မီ ပညာရှင်တွေနဲ့ တက်သစ်စ ပညာရှင်တွေ စုပေါင်းပြီး အဖြေရှာကြရပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုသည် လည်း အလွန်လိုအပ်နေပါတယ်။ နိုင်ငံတကာမှာ သူတို့ရဲ့ယဉ်ကျေးမှု အနု သုခုမတွေကို ထိန်းသိမ်းမြှင့်တင် ပေးနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ သဘင်အနုပညာရှင်တွေ အတွက်လည်း သမ္မတကြီး အပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကူညီ မြှင့်တင်ပေးမယ်ဆိုရင် အများကြီး အထောက်အကူဖြစ်မှာပါ။ အခု တွေ့ဆုံပွဲမှာ သမ္မတကြီးက ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့တာတွေအတွက်လည်း ကျေးဇူးတင်သလို ထပ်မံပြီးတော့လည်း ကူညီဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာနဲ့ အာဆီယံ ဒေသတွင်းမှာ ချပြနိုင်လောက်အောင် အဆင့်အတန်း မြင့်မားတဲ့ မြန်မာ့သဘင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပျောက်ကွယ်လုနီးပါး ဖြစ်နေရတဲ့ အနုသုခုမ တွေ ကိုလည်း ဖော်ထုတ်ပေးဖို့ မျှော်လင့် ပါတယ်။
ကျွန်တော်တို့သဘင် အနုပညာရှင်တွေက ဂီတ၊ ရုပ်ရှင်နဲ့ မတူတာတွေ အများကြီး ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကို လှည့်လည်ဖျော်ဖြေကြရတာ ဖြစ်တာမို့ အဓိကကြုံတွေ့နေရတာက အဆင့်မြင့်ဇာတ်စင်တွေ တည်ဆောက်ဖို့ နေနေ သာသာ ပွဲခွင့်ပြုမိန့်ရဖို့အတွက်တောင် နှစ်ပတ်ကနေ တစ်လအထိ အချိန်ပေး တင်ပြရတယ်။ မြေတင်ဒါရရှိအောင် စီစဉ်ရတယ်။ ဇာတ်ကပြဖို့နေရာ အခက်အခဲတွေကြောင့် အရှုံးတွေကို ထပ်ကာထပ်ကာ ရင်ဆိုင်လာကြရတဲ့အခါ ဇာတ်အရည်အသွေးတွေလည်း ကျဆင်း လာတယ်။ လူဝင်များအောင် ပရိသတ်အကြိုက် ခေတ်ရေစီးကြောင်းကို လိုက်လာ နေတာကို ဝမ်းနည်းစွာ မြင်တွေ့ရတယ်။
အဆိုးရွားဆုံးကတော့ မြို့ကြီးတွေမှာ ပြဇာတ်ရုံကြီးတွေ မရှိတဲ့အတွက်အဆင့်အတန်းမီတဲ့ ဖျော်ဖြေတင်ဆက်မှုမျိုးနဲ့ အလှမ်းဝေးနေ ကြရတာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သဘင်အနုပညာရှင်အင်အား ၃၅၀၁၅ ဦးရှိရာမှ လောကကြီး တစ်ခုလုံး ရေရှည်တည်တံ့ ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်နေကြရတာကို သမ္မတကြီးကို တင်ပြခွင့်ရခဲ့ပါတယ်။
ဦးလူမင်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
နိုင်ငံတော်သမ္မတကြီးနဲ့ တိုက်ရိုက်တွေ့ဆုံတင်ပြခွင့်ရလို့ အလွန်ဝမ်းသာပါတယ်။ အခု တွေ့ဆုံခြင်းကနေအစပြုလို့ ကျွန်တော်တို့ အနုပညာရှင်တွေကို သမ္မတကြီး အပါအဝင် နိုင်ငံတော်ရဲ့တာဝန်ရှိသူတွေက အသိအမှတ်ပြုပြီး ကျွန်တော်တို့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ်လို့လည်း ယုံကြည်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ကတော့ အရေးကြီးတဲ့အချက်တွေကို တင်ပြခဲ့ပါတယ်။ မြန်မာ့ ရုပ်ရှင်အဆင့်အတန်းက အားလုံးသိကြတဲ့ အတိုင်း ကျဆင်းနေတာပါ။ သရုပ်ဆောင်မှု အပိုင်း၊ တင်ဆက်မှုအပိုင်း၊ အသံပိုင်း စတာတွေမှာ အားနည်းချက်တွေရှိသလို ရုံတင် ပြသမှုအပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ရုပ်ရှင်ရုံ ၂၉ ရုံသာ ရှိပါတယ်။
ဇာတ်ကားကောင်းတွေအတွက် နှစ်ပေါက်အောင် ရုံတင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြရတယ်။ အဲဒီအတွက်အဆင့်မြင့် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံတွေ ပေါ်ထွက်လာဖို့နဲ့ ခိုးကူးခွေတွေကို ထိရောက်စွာ အရေးယူပေးဖို့၊ အခွန်အခတွေ လျှော့ပေါ့ပေးဖို့၊ ရိုက်ကူးရေး စတူဒီယိုတွေ တည်ဆောက်ပေးဖို့ စတာတွေကို တင်ပြခဲ့ပါတယ်။
သမ္မတကြီးဘက်ကလည်း လက်ရှိမှာ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာတွေကို ပြန်ကြား ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပြီး လက်တွေ့ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ စုပေါင်းရေးဆွဲထားတဲ့ မြန်မာ့ရုပ်ရှင် ဥပဒေမူကြမ်းကို တင်ပြပြီးတဲ့အခါ အမြန်ဆုံး ခွင့်ပြုနိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်။
ကိုရီးယားနိုင်ငံကို လေ့လာကြည့်မယ်ဆိုရင် ရုပ်ရှင်လုပ်ငန်းဟာ အမျိုးသားစီးပွားရေး အသွင်ကို ဆောင်နေတာ ဖြစ်ပါတယ်။ အဓိကကတော့ လူသားတိုင်း နေ့စဉ်ဖြတ်သန်းနေကြရတဲ့ ဘ၀အမောတွေကို ပြေပျောက်စေနိုင်တဲ့ အနုပညာဟာ မရှိမဖြစ် လိုအပ်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံတော်က ဖော်ဆောင်ပေးတာနဲ့ အပြိုင် အနုပညာ အဆင့်အတန်း ကိုလည်း အကောင်းဆုံး မြှင့်တင်ဖို့လိုအပ်မှာပါ။
ဦးတင်ဦးလေး
ဥက္ကဋ္ဌ
မြန်မာနိုင်ငံဂီတအစည်းအရုံး
ကျွန်တော်တို့ ဂီတလောကသားတွေအားလုံး သမ္မတကြီးက တွေ့ဆုံခွင့်ပေးတဲ့အပေါ် ကျေနပ်ဝမ်းမြောက်မှု ရှိပါတယ်။ ဂီတအစည်း အရုံးကို လုပ်ငန်းအဖွဲ့တွေခွဲပြီး ဆောင်ရွက် နေတာဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံပွဲမှာ ဂီတလောကသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲအချို့ကို တင်ပြခဲ့ပါတယ်။
အနုပညာမူပိုင်ခွင့်ဆိုင်ရာ ဥပဒေ အမြန်ဆုံး အတည်ပြုနိုင်ရေးအတွက် မျှော်လင့်ပါတယ်။ ဒါ့အပြင် ဥပဒေကြောင်းအရ ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့ရတဲ့ ဂီတအစည်းအရုံးဗဟို အဆောက်အအုံ အောက်ထပ်ကို တရားဝင်ရရှိဖို့အတွက် တင်ပြခဲ့ပါတယ်။ သမ္မတကြီးက တရားစီရင်ရေးဘက်ကို သတင်းပေးပို့သွားပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ဗဟိုကနေ မြို့နယ်အထိ အဆင့်ဆင့်မှာ ဂီတပညာရှင်တွေ၊ မျိုးဆက်သစ် ဂီတပညာရှင် တွေရှိပါတယ်။ အုပ်ချုပ်ရေး အဆင့်ဆင့်က တာဝန်ရှိသူတွေ အနေနဲ့ အသိအမှတ်ပြုပေးဖို့ကိုလည်း သမ္မတကြီးက ညွှန်ကြားပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် မဟာဂီတနဲ့ မြန်မာဂီတ ထုတ်ဖော်မှုများအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာမှု ဂီတအတွက် နေရာ ပြန်လည်ပေးလိုတာကို တင်ပြခဲ့ပြီး ခိုးကူးခွေကိစ္စကိုလည်း သမ္မတကို တင်ပြခဲ့ပါတယ်။ လက်ရှိတွေ့ဆုံမှုဟာ ပထမဆုံး ခြေလှမ်းလို့ သဘောထားပါတယ်။ ကျွန်တော်တို့ လောကကြီး တစ်ခုလုံး နိုင်ငံတကာမှာ ရင်ပေါင်တန်းနိုင်ဖို့အတွက် ပြင်ဆင် စရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့ ဂီတလောကသားတွေ အားလုံးမှာ တာဝန်ရှိတဲ့အပြင် နိုင်ငံတော်ရဲ့ အကူအညီနဲ့ အထောက်အပံ့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။
ဦးချမ်းသာ
ဇာတ်သဘင်ပညာရှင်
မြန်မာနိုင်ငံ သဘင်အစည်းအရုံး
အနုပညာရှင်တွေအပေါ် မအားလပ်တဲ့ကြားက တွေ့ဆုံခွင့်ပေးခဲ့လို့ သမ္မတကြီးကို အလွန် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ မိဘဘိုးဘွားတွေခေတ်က သဘင်ပညာ အရှိန်အဟုန် မြင့်မားစွာနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ ယနေ့ခေတ်အခါမှာ ရှက်ဖွယ် ကောင်းလောက်အောင် အဆင့်အတန်း ကျဆင်းနေရပါပြီ။ ကျွန်တော့်အဖေ လက်ထက် ရွှေမန်းဦးတင်မောင်ခေတ်က ဆိုရင် ဇာတ်အဖွဲ့ကားတွေ လာပြီဆိုဒေသခံတွေ အံ့ဩဘနန်း ဖြစ်ခဲ့ရတယ်။ ကားအစီးရေ ၁၅ စီးလောက်နဲ့ သွားကြ လာကြရတာ ပျော်စရာ လည်း ကောင်းပါတယ်။ ဘဘဦးဖိုးစိန်တို့၊ ဘဘစိန်အောင်မင်းတို့ သူတို့တွေဆိုလည်း ခေတ်အလိုက် သဘင်လောကရဲ့ ရွှေခေတ်တွေ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ သဘင်လောက မောင်နှမတွေလက်ထက်မှာတော့ ကုန်ကျစရိတ် မတတ်နိုင်လို့ ဇာတ်ကား သုံးစီးလောက်မှာ လူရော၊ ပစ္စည်းတွေပါ အပြည့်အကျပ်တင်ပြီး သွားလာနေကြရတယ်။ လမ်းပန်း ဆက်သွယ်ရေး မှာလည်း အခွန်အခတွေ၊ ဇာတ်တစ်ဇာတ်သွင်းဖို့အတွက် ဆိုတာကလည်း ကုန်ကျစရိတ်နဲ့ ပွဲကပြလို့ရမယ့်ငွေကြေးက မကာမိတော့ပါဘူး။
ဒါ့အပြင် အဆင့်မီဇာတ်ရုံတွေမရှိတဲ့ ပြဿနာကြောင့် ကပြဖို့များစွာ ခက်ခဲရတာပါ။ သမ္မတကြီးကဇာတ်ရုံတွေ တည်ဆောက်ပေးဖို့ အစီအစဉ်ရှိတဲ့အတွက် အလွန်ဝမ်းမြောက် ပါတယ်။ အမှန်တကယ်ဖြစ်ခွင့်ရလာရင်တော့ ကျွန်တော်တို့အနေနဲ့ အတိုင်းထက် အလွန်ပဲပေါ့။
ဒါ့အပြင် သဘင်နေ့အဖြစ် သတ်မှတ်ပေးဖို့နဲ့ အနုပညာရှင်တွေကို လူမှုရေးအကူအညီတွေ ပေးဖို့လည်း မျှော်လင့်ပါတယ်။ ဒါ့အပြင် သမ္မတကြီးက ဖောင်ဒေးရှင်း ထူထောင်ပေးမယ် ဆိုတဲ့အတွက် အလွန်ကို ကျေးဇူးတင်မိပါတယ်။ သမ္မတကြီးနဲ့တွေ့ဆုံပွဲမှာ တင်ပြခွင့်ရတဲ့ အချက်အလက်တွေက သဘင်လောကကြီးတစ်ခုလုံးအတွက် လိုအပ်ချက်တွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါသေးတယ်။ ဒါပေမယ့်ကျွန်တော်တို့အတွက် အခုလို တွေ့ဆုံ တင်ပြခွင့်ရတာကတော့ အခွင့်အရေး တစ်ရပ်ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း အနုပညာရှင်တွေရဲ့ ခံစားချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်။
အိန္ဒြာကျော်ဇင်
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်
ကျွန်မတို့အနုပညာရှင်တွေကို လက်ခံတွေ့ဆုံပေးတဲ့ အတွက်ရော၊ လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးတဲ့အတွက်ပါ ဝမ်းသာပါတယ်။ သမ္မတကြီးနဲ့ တွေ့ဆုံပွဲမှာ အနုပညာ ရှင်တွေ အနေနဲ့ အခြားတင်ပြစရာတွေ အများကြီးရှိနေပါသေးတယ်။
လက်ရှိ ရုပ်ရှင်နဲ့ ဗီဒီယိုလောက တစ်ခုလုံးက လိုအပ်ချက်တွေအများ ကြီးရှိနေတာပါ။ သရုပ်ဆောင်တွေသာမက အသံပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ အားလုံး လိုအပ် နေတာဖြစ်ပါတယ်။ ဈေးကွက်အနေအထားမှာလည်း စီးပွားရေးတစ်ရပ်အနေနဲ့ ရပ်တည် အောင်မြင်နေတာက လူနည်းစုသာ ရှိပါတယ်။ နိုင်ငံတော်ကပံ့ပိုးမှုတွေ အများကြီးလည်း လိုအပ်နေပါတယ်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားဖို့အတွက် ကျွန်မတို့ လောကသားတွေ အားလုံးမှာတာဝန်ရှိသလို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုအပေါ်မှာလည်း အများကြီး မူတည်နေတဲ့အတွက် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးဇာဂနာ
ရုပ်ရှင်နှင့် သဘင်အနုပညာရှင်
ကျွန်တော်တို့အတွက် အခုလို သမ္မတကြီးနဲ့ တွေ့ဆုံခွင့်ရတာ အခွင့်အရေးတစ်ရပ်ပါ။ ပထမဆုံး ခြေလှမ်းလို့ ထင်မြင်မိပါတယ်။ ထပ်မံပြီးတော့လည်း အနုပညာလောကကြီး တစ်ခုလုံး မြင့်မားရေးအတွက် ကြိုးစားပြီးတောင်းဆိုနေကြမယ့်အကြောင်း အရာတွေ ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ကတည်းက ကျွန်တော်တို့အခုလို ပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့တာပါ။ အကြောင်းကြောင်းကြောင့် မတွေ့ဖြစ်ခဲ့ဖူး။ သက်ဆိုင်ရာ အစည်းအရုံး တာဝန်ရှိသူတွေက တင်ပြခဲ့ကြတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း လုပ်ပေးနိုင်တာတွေ လုပ်ပေးတယ်။ မလုပ်ပေးနိုင်သေးတာတွေကို ပြောတယ်။ အလွန်အကျိုးရှိတဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်။ သို့သော် လိုအပ်ချက်တွေ အားလုံးကိုတော့ ဖြည့်ဆည်းမပေးနိုင်သေးပါဘူး။ အနုပညာလောကအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဦးဆောင်နေတာရှိပါတယ်။ မြန်မာ့ အနုပညာမြင့်မားရေးကတော့ အာဆီယံဒေသတွင်း မပြောနဲ့ ပြည်တွင်းမှာတောင် ကိုယ့်ရဲ့ ဈေးကွက်ကို ကိုရီးယား ဇာတ်ကားတွေ အပါအဝင် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား အများစုနဲ့ နိုင်ငံခြား တေးဂီတတွေအတွက် ဝေစုများများ ခွဲပေးနေရတုန်း ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးနှင့် အနုပညာရှင်များ၏ ပထမအကြိမ် တွေ့ဆုံပွဲမှာ အောင်မြင်စွာ ပြီးစီးခဲ့သည်။ နိုင်ငံတော်သမ္မတကြီး အမှာစကား၌ ပါဝင်ခဲ့သလိုပင် အနုပညာသည် အသွေးအသားထဲမှ ဖြစ်ပေါ်လာသည့် ဗီဇပေါ်တွင် အခြေခံကာ ပေါက်ဖွား လာကြခြင်းဖြစ်ပြီး အနုပညာရှင်များသည် ပြည်သူလူထု၏ ရှေ့ဆောင်များဖြစ်သည်။ အနုပညာရှင်များ၏ အမူအကျင့်များ၊ အလေ့အထများ၊ လှုပ်ရှားမှုများနှင့် ဝတ်စားဆင်ယင်မှုများသည် ပြည်သူများ အတွက် နမူနာတစ်ရပ်ပင်ဖြစ်သည်။ အနုပညာဖြင့် မိမိတို့ကို ချစ်မြတ်နိုးကြသော ပြည်သူများအား မည်သို့သော နည်းလမ်းဖြင့် ဦးဆောင်ခေါ်ယူသွားမလဲ၊ မည်သည့် အရာများအား သင်ကြားပြသမလဲဆိုသည်ကို သေချာစွာစဉ်းစားကာ ပြည်သူလူထု၏ ပျော်ရွှင်မှု၊စိတ် အပန်းပြေမှုနှင့် ဗဟုသုတအတွက် ဖြည့်ဆည်းပေးမည်ဆိုပါက မြန်မာ့ရုပ်ရှင်၊ ဂီတနှင့် သဘင်လောကကြီးများ၏ ရွှေခေတ်များဆီသို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
president-office.gov.mm
Monday, July 14, 2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာရှင်များအား တွေ့ဆုံ
12:24 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment