Sunday, July 13, 2014

ကလောင်ကောင်းမှ …..ပြည်ကောင်းမည်



မီဒီယာ ဖိနှိပ်မှု ….ရပ်…တဲ့
ယူနတီသတင်းသမားတွေကို နှစ်ရှည်ဖမ်းဆီးထောင်ချခံရမှုနဲ့ ပတ်သက်ပြီး ၀ါဆိုလပြည့်နေ့ကမီဒီယာသမားတွေ ဆန္ဒပြတဲ့ ဆောင်ပုဒ်လေးမြင်မိတော့ …….
ရဟန်းကြီး ရပ်လော့…
ငါ ရပ်နေ၏…အဂုင်္လိမာလ
သံသရာ၌ ငါပြေးစရာမလိုတော့၍ ရပ်သူမည်၏
သင်သာ ပြေးနေသူဖြစ်သည်..ဆိုတဲ့ အနက်အဓိပ္ပာယ်ကျယ်ဝန်းတဲ့ ဘုရားရှင်နဲ့ အဂုင်္လိမာလတို့ရဲ့ အချီအချ ပြောစကားလေး တွေးမြင်မိတယ်။
မနှိုင်းကောင်း၊ နှိုင်းကောင်းပေမယ့် အစိုးရနဲ့ မီဒီယာသမားတွေကြားက ပြဿနာမှာ ဘုရားသခင်စကားဟာ ဥပမာဖြစ်ကောင်းတစ်ခုဖြစ်မယ်လို့ ယူဆမိလို့ပါ။ဖိနှိပ်မှုတွေ ရပ်ခဲ့တာ ကြာပါပြီ။မီဒီယာဥပဒေ အသက်မ၀င်ခင်ကတည်းက သမ္မတကြီးက စတုတ္ထမဏ္ဍိုင်ဆိုတဲ့ တင့်စားခေါ်ဝေါ်မှုနဲ့အတူ လွတ်လပ်မှုတွေ တနင့်တပိုးပေးပြီး သူကိုယ်တိုင် ချီးမြောက်ခဲ့တာပါ။ မီဒီယာတွေရဲ့ အရေးပါမှုကို နားလည်လို့ ကြားခံကိုယ်စားလှယ်အဖွဲ့အဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ဆိုပြီး အဖွဲ့စည်းတစ်ခုကို ယုံကြည်စွာဖွဲ့စည်းပေးခဲ့တာပါ။စာပေစီစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး တင်-ထုတ်စနစ်ကနေ ထုတ်-တင်စနစ်ကို လျောလျောရူရူ ကူးပြောင်းပေးခဲ့တာပါ။
ဒီလိုလိုက်လျောအားပေးမှုနောက်မှာအားကစားသတင်းနဲ့အခြားနိုင်ငံရေးမနှီးနွယ်သောသတင်းတွေသာ ပါဝင်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေသာ ထုတ်ဝေခွင့်ရှိရာကနေ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အစရှိသမျှ ဖော်ပြခွင့်ရတဲ့ နေ့စဉ်/အပတ်စဉ်ထုတ် ဂျာနယ်တွေ မှိုလိုပေါက်လာပါတယ်။ဒီနောက်ကွယ်မှာ သတင်းသမား၊ ကွန်ပျူတာ၊စာစီ၊စာရိုက်တွေကအစ စာရေးဆရာ၊အယ်ဒီတာနဲ့ ထုတ်ဝေသူတွေအဆုံး ပတ်သက်ဆက်နွယ်သူတွေ အားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ အဆင့်အတန်းတစ်ခု နေ့ချင်းညချင်းရရှိခဲ့တာ မငြင်းသာတဲ့ အချက်ပါ။ ဒါဟာ ယခင်အစိုးရလက်ထက်က နှိပ်ကွပ်ခံ တံခါးတစ်ချပ် လှစ်လပ်လိုက်ခြင်း(သို့)ပွင့်လင်းမှန်ကန်စွာ ရေးသားပြောဆိုနိုင်တဲ့ ကလောင်မဏ္ဍိုင်ကြီးတစ်ခု ပြန်လည် ရှင်သန် ထမြောက်မှုလို့ ဆိုရမှာပါ။

ဒါကို အစိုးရအပါအ၀င် ပြည်သူအားလုံး လိုလိုလားလားကြိုဆိုခဲ့ကြပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ချိန်မှာ မီဒီယာတွေဟာ အမုန်းတရားနဲ့ အာဃာတတွေ ချေဖျက်ပြီး တိုင်းပြည်အတွက် မောင်းနှင်းအား ကောင်းကောင်းနဲ့ အဓိကဒေါက်တိုင်တစ်ချောင်းအဖြစ် ထောက်ကူကျားကန် ပေးနိုင်မလား ရယ်လို့ မျှော်လင့် စောင့်ကြိုခဲ့ကြပါတယ်။ မီဒီယာအသိပညာရှင်၊အတတ်ပညာရှင်များရဲ့ အကူအညီနဲ့ တိုင်းကျိုးပြည်ပြု ညီညာမှုတွေ ရရှိလေမလားရယ်လို့ ယုံကြည်ကိုးစားခဲ့ကြပါတယ်။ သမ္မတကြီး မျှော်မှန်းတဲ့ ကောင်းမွန်သောအစိုးရ၊သန့်ရှင်းသောအစိုးရ၊ဖြောင့်မတ်သောအစိုးရတစ်ရပ်ပေါ်ထွက်လာရေးနဲ့ အေးချမ်း ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ အခရာများ ကျလေမလား တင်ကြိုကိုးစားခဲ့ကြပါတယ်။

မျှော်လင့်ထားသလို Third person မီဒီသမားတွေ တစ်ချို့တစ်လေ ပေါ်ထွက်လာခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်တော့ မကိုက်ခဲ့ဘူးဆိုရမှာပါ။ အထင်နဲ့အမြင် ပါစင်အောင် လွဲတဲ့နေရာလွဲခဲ့ပြီး တစ်ချို့ တစ်ချို့သော သတင်းမီဒီယာများက စလုံးရေစလာပါတော့တယ်။ဖိနှိပ်ခံ ပေဘ၀ကနေ တူဖြစ်တုန်းနှံလိုက်ဦးမှဆိုတဲ့ ကျဉ်းမြောင်းသောအယူအဆတွေနဲ့အတူ မီဒီယာကောင်းကင်မှာ မီးခိုးတအူအူတက်လာတော့တာပါပဲ။ သတင်းမီဒီယာခေတ်လို့ ဆိုရမယ့် မျက်မှောက်ကာလမှာ သတင်းပျံနှံ့မှုဟာ တမဟုတ်ချင်း ပျံ့နှံ့လာပါတယ်။ ပျံနှံ့လာတဲ့ သတင်းတွေထဲမှာ အဆိပ်ခိုးအဆိပ်ငွေ့ ပြည့်နှက်နေတဲ့ ၀ါဒမှိုင်းတွေက အများဆုံးလို့ဆိုရမှာပါ။

အစိုးရကို အပြုသဘောထောက်ပြဝေဖန် အကြံပြုရမယ့်အစား အပြစ်အမျိုးမျိုးနဲ့ မှိုချိုးမျှစ်ချိုး ထိုးနှက်လို့ ထိုးနှက်၊တပ်မတော်ကို လှည့်ပုတ်ခတ်လို့ ပုတ်ခတ်၊ပုဂ္ဂိုလ်ရေး တိုက်ခိုက်လို့ တိုက်ခိုက်နဲ့ (တစ်လက်ကိုင် မီဒီယာသမားတွေလား/အတိုက်အခံ တစ်ပါတီသမားတွေလား)လို့ ထင်မှတ်မှားရလောက်အောင် ရေးလိုက် သားလိုက် ဝေဖန်လိုက်ကြတာ ရစရာမရှိအောင်ပါပဲ။ကောင်းကွက်ဟူ၍ တစ်ကွက်မှ မမြင်ရလောက်အောင် ဖုံးကွယ်ထားကြပြီး မဲမဲမြင် (အစိုးရနဲ့ တပ်မတော်ကို )ဆဲချင်တာလား/ပြည်သူနဲ့ ရန်တိုက်ပေးနေတာလား တစ်ဘက်ကတွေးရင် တစ်ပါတီအရေး နှပ်ကြောင်းပေးနေတာလား မကွဲပြားတော့အောင်ပါပဲ။ဒါထက်ပိုတွေးရရင် အစိုးရပြုတ်ကျရေး ၀ိုင်းဖိအားပေးနေတာလားတောင် ထင်ရလောက်အောင်ပါပဲ။

ဒီမိုကရေစီစံနှုန်းတွေထဲမှာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိပါတယ်။တရားဝင်မှတ်ပုံတင်ထားတဲ့ မီဒီယာတွေ အနေနဲ့ ပြည်သူ့ကိုယ်စား ပိုပြီးပြောကြားခွင့် ရှိရမှာပါ။သမ္မတကြီး ချီးမြောက်ပြောဆိုထားသလို သတင်း မီဒီယာဟာ check&balanceဆိုတဲ့ အပြန်အလှန်ထိန်းကျောင်းရေး မဏ္ဍိုင်ထဲမှာလည်း ပါကို ပါဝင်သင့်ပါတယ်။ဒါပေမယ့် ပြည်သူလူထုနဲ့ နေ့စဉ်/အပတ်စဉ် ထိတွေ့နေရတဲ့ မီဒီယာတွေအနေနဲ့ လွတ်လပ်မှုရဲ့နောက်မှာ တာဝန်သိမှုဆိုတာ ရှိသင့်တဲ့အရာပါ။ သမ္မတကြီး ခဏခဏပြောပြီး သတိအတန်တန်ပေးနေတဲ့အချက်ဟာ ဒီအချက်ပါ။

ဒါပေမယ့် မီဒီယာ တစ်ချို့ကတော့ ဒီအချက်ကို မျက်ကွယ်ပြုခဲ့ပါတယ်။ ဂတိ(၄)ပါး ကင်းလွတ်ရမယ့်အစား အဂတိတရား တစ်ပါးပါးနဲ့ ငြိစွန်းပြီး ထုတ်ဝေဖြန့်နေတာကို တွေ့လာရပါတယ်။ကြားနေဘက်မလိုက် ဖြောင့်မတ်စွာ ကျင့်ကြံရမယ့်အစား ချစ်သူကိုတော့ သာစေ၊မုန်းသူကိုတော့ နာစေဆိုတဲ့သဘောမျိုးနဲ့ လိုရာဆွဲ ရေးသားလာကြပါတယ်။သတင်းရင်းမြစ်နဲ့ အချက်အလက်တိကျမှုကို ဦးစားပေးရမယ့်အစား စောင်ရေတိုးတက် စီးပွားသွက်ရေး ဦးစားပေးလာတာတွေ့လာရပါတယ်။အဆိုးဆုံးကတော့ တစ်ချို့သော စုံလုံးကန်း လမ်းမမြင် နိုင်တော့တဲ့ သတင်းမီဒီယာတွေဟာ ကြမ်းပိုးကို လိပ်လုပ်ပြီး အောက်လမ်းနည်းသုံးလို့သုံး၊ လိုသလောက်ကိုသာ ဖြတ်ညှပ်ကပ်ပြီး မလှိမ့်တစ်ပတ် ဖော်ပြလို့ ဖော်ပြနဲ့ သြချစရာကောင်းလောက်တဲ့ အဆင့်ထိရောက်အောင် လုပ်ဆောင်လာတာတွေ့ရပါတယ်။အမျိုးသားရေးအခန်းကဏ္ဍတွေမှာလည်း သေးသိမ် မှေးမှိန်စွာနဲ့ ချိုးချိုးဖဲ့ဖဲ့၊သစ္စာမဲ့စွာ သူခိုးကိုဓားရိုးကမ်း လုပ်ကိုင်ဆောင်ရွက်လာကြတာကိုလည်း စိတ်မကောင်း ကြီးစွာ တွေ့လာရပါတယ်။

ဒီလို လူစွဲ၊ပါတီစွဲ၊ပုဂ္ဂိုလ်စွဲတွေနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်မထိန်းဘဲ စောင်ရေတက်ရေးကိုသာ စောင့်ထိန်းတဲ့ မိုးလုံးဟိန်း မီဒီယာတွေရဲ့ အစွန်းရောက်အတွေးအခေါ်နဲ့ အယူအဆများကို အသားပေးဖော်ပြမှုတွေ နောက်မှာ နိုင်ငံတော်လုံခြုံရေးကို ထိပါးစေတဲ့အချက်တွေ၊တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေ၊ ပုဂ္ဂိုလ်ရေး အသရေဖျက်မှုတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ဖောက်ဖျက် တာတွေကအစ အညှီအဟောက် စာပေတွေရေးသားဖြန့်ချိတာအဆုံး ဖုန်လုံးသဲလုံးခဲလုံးများစွာ တသောသောတိုက်ခတ်လာပါတယ်။ ဒါဟာ သတင်းသမားကနေ အတင်းသမား (paparazz)ဘက်ကို ကူးပြောင်းသွားပြီဆိုတာကို သူတို့ သတိမမူမိတာလား၊ဒါမှမဟုတ် ဂရုစိုက်ဖို့ မလိုဘူးလို့ တွေးထင်မိလေသလား မစဉ်းစားတတ်အောင်ပါပဲ။တစ်ချို့သောမီဒီယာတွေ စည်းလွတ်ဘောင်လွတ်ရှုပ်ခဲ့လုပ်ခဲ့သမျှသာဓကပြရရင် ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။နောက်ကွယ်က ဘယ်သူ့အားကိုးနဲ့ ဒီလိုမိုးမမြင်လေမမြင်အချိုးတွေ ချိုးနေသလဲ တွေးရမတတ်ပါပဲ။(တကယ်လည်း နိုင်ငံခြားတိုင်းပြည်အချို၊ NGOအချို့နဲ့ အဖွဲ့စည်းတစ်ချို့ရဲ့ သြဇာနဲ့ အထောက်အပံ့မကင်းတာတွေ ရှိနေပါတယ်)

ဒီလို သူတစ်ပါးအပေါ်မှာ ဝေဖန်ရေးနဲ့ လေကန်ရေးတွေ မိုးမွှန်အောင်ပြောဆိုရေးသားနေပေမယ့် သူတို့ကို ဝေဖန်လာခဲ့ရင် ဆတ်ဆတ်ထိ မခံမရပ်နိုင်ဖြစ်ကြတာကိုလည်း ရယ်ချင်ပက်ကျိ တွေ့မိကြုံမိဖူးပါတယ်။ အွန်လိုင်းမီဒီယာပေါ်က နာမည်ကျော်မီဒီယာကြီးများနဲ့ နာမည်ကျော်မီဒီယာသမားတွေရဲ့ pageတွေ postတွေမှာ(ဝေဖန်ပါဝေဖန်ပါဆိုပေမယ့် တကယ်ကြားချင်တာ ချီးကျူးစကားပါဆိုတဲ့အတိုင်း) အယူအဆမတူလို့/လုပ်နည်းလုပ်ဟန်မမှန်လို့ဝေဖန်ထောက်ပြလာရင်(ဆဲရေးတိုင်းထွာမှုမပြုတာတောင်မှ) ဘလော့ခ်လိုက်တာဟာ သူတို့လက်သုံး လုပ်နည်းလုပ်ဟန်တစ်ခုပဲ ဖြစ်ပါတယ်။ဒါတင်မက ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးမှာတော့ အမှန်တကယ်ဆိတ်သုဉ်းနေတာ အထက်တင်ပြပါ မီဒီယာတွေနဲ့ မီဒီယာသမားတွေပဲ ဖြစ်ပါတယ်။ ဒီလို စုန်းပြူးတွေဟာ မီဒီယာသမားတစ်ယောက် ကျင့်ကြံစောင့်ထိန်းအပ်တဲ့ မီဒီယာကျင့်ဝတ်တွေ၊ နိုင်ငံသားတစ်ယောက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းဥပဒေတွေ၊ လူသားမျိုးနွယ်တစ်ခုမှာ ထိန်းသိမ်းအပ်တဲ့ သစ္စာတရားတွေ မိုးခေါင်ရေရှားခဲ့တာအမှန်ပါ။ဒါတွေကို ဆန့်ကျင်ပြီး သွေဖီလုပ်နေတာက လူညီရင် ဤကို ကျွဲဖတ်ခြင်းနဲ့ မီဒီယာသမားတွေအပေါ် တစ်စုံတစ်ရာ ထိပါးလာပါက အမှားအမှန် ပိုင်းခြားဝေဖန်ခြင်းမရှိဘဲ ကြက်ခေါင်းဆိတ်မခံ စုပေါင်းတုန့်ပြန်ခြင်းပဲ ဖြစ်ပါတယ်။

အဖွဲ့အစည်းကို ချစ်တယ်ဆိုတာ မင်္ဂလာတစ်ပါးပါ။လူမှန်သမျှ ကိုယ့်ပတ်ဝန်းကျင်အဖွဲ့အစည်းကို ချစ်တတ်ကြပါတယ်။ဒါပေမယ့် မျက်ကန်းမျိုးချစ်ခြင်းမျိုးကတော့ မိမိကိုယ်ရော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း အပေါ်မှာပါ ဆိုကျိုးတွေ ပေးလာစရာရှိပါတယ်။မိမိအဖွဲ့အစည်းကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ ငါးခုံမတွေကို တစ်လှေလုံးမပုပ်ခင် ရှင်းထုတ်သင့်က ရှင်းထုတ်ရပါမယ်။မိမိကိုယ်တိုင် ရှင်းမထုတ်နိုင်ပါက ရှင်းထုတ် နိုင်သူတွေရဲ့ ရှင်းလင်းဖယ်ရှားခြင်းကိုလည်း ယထာဘူတကျကျ လက်ခံနိုင်ရပါမယ်။နားလည်နိုင်ရပါမယ်။

ယူနတီဂျာနယ်အဖွဲ့ဝင်တွေရဲ့ အမှုဟာ ဒီသဘောကို ဆောင်ပါတယ်။မွန်းတည့်နေဂျာနယ်အဖွဲ့ဝင်များရဲ့ အမှုဟာ ဒီသဘောသာဖြစ်ပါတယ်။မီဒီယာတစ်ခုလုံးကို ဖိနှိပ်ခြင်းမဟုတ်ပါ။ မီဒီယာသမားအားလုံးကို အရေးယူခြင်း မဟုတ်ပါ။ လူ့စည်းဘီလူးစည်းမခြားတဲ့( နယ်စည်းမခြား/နယ်စည်းမထား) မီဒီယာများကိုသာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံစေခြင်းပဲ ဖြစ်ပါတယ်။ ဂျာနယ်တစ်စောင်ထုတ်ဝေမှုမှာ မထုတ်ဝေခင် သုတ်သင်တည်းဖြတ် လို့ရပေမယ့် အဆင့်ဆင့်အာမခံပြီး ထုတ်ဝေလိုက်ပြီဆိုရင်တော့ တာဝန်ယူရမယ့်အပိုင်းနဲ့ တာဝန်ခံရမယ့် အပိုင်းကို ရောက်ရှိသွားပါပြီ။ ဒါကြောင့်လည်း ထုတ်/တင်စနစ်နဲ့ လွတ်လပ်ခွင့်ပေးထားခြင်းအပေါ် မလျှော်မကန် ပြုကျင့်တဲ့ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူရတာဖြစ်ပါတယ်။ ဘယ်နိုင်ငံ ဘယ်အစိုးရမှာမဆို သူ့အမျိုးသားရေး အကျိုးစီးပွားကို ထိပါးလာရင်၊နိုင်ငံတော်လျို့ဝှက်ချက်ကို ဖောက်ဖျက်ဖော်ပြလာရင်၊ လုံခြုံရေးကို ထိခိုက်လာရင်၊တည်ငြိမ်မှုကို ပျက်ပြားစေမယ်ထင်ရင် မဆိုင်းမတွ အရေးယူကြတာပါပဲ။ ဥပဒေသမား မဟုတ်လို့ ဥပဒေကြောင်းရာတွေနဲ့ ချမှတ်ပြစ်ဒဏ် ပြင်း/မပြင်းကို ထုတ်နှုတ်မတင်ပြတော့ပါဘူး။ နိုင်ငံတကာစံနှုန်းတွေနဲ့လည်း နှိုင်းယှဉ် မသုံးသပ်တော့ပါဘူး။ နိုင်ငံသားတစ်ဦး အနေနဲ့ ဥပဒေနဲ့ပတ်သက်ပြီး သိသလောက်ကတော့ ဥပဒေဆိုတာ လူတိုင်း/အဖွဲ့အစည်းတိုင်းက တိကျစွာ လိုက်နာစောင့်ထိန်းရမယ့် ဘောင်တစ်ခုပါပဲ။ဘောင်ကို ကျော်ရင်တော့ ချော်ကာကျမှာ မလွဲပါ။

ကနဦးစကားနဲ့ ပြန်ဆက်စပ်ရရင် အစိုးရကသည် လိုက်ရောတန်သရွေ့လိုက်ရော၊သည်းခံတန်သရွေ့သည်းခံပြီး အပွန်းအပဲ့မခံနိုင်သော ကိစ္စရပ်များမှာတော့ ဥပဒေမျဉ်းပေါ်မှာ မားမားမတ်မတ်ရပ်နေပါတယ်။ မီဒီယာ သမားတွေ ဘက်ကတော့ ဘယ်သို့လှမ်းမည် မသိရပါ။ရပ်မည်လား ပြေးမည်လား ခုထိတိုင် မကွဲပြားပါ။ ဘယ်သို့ပင်ရှိစေ ဒီနိုင်ငံမှာနေရင် ဒီဥပဒေကို သမ္မတကအစနိုင်ငံသားအားလုံး လေးစားလိုက်နာ ရပါမယ်။ဖောက်ဖျက်ကျူးလွန်ရင် ပြစ်ဒဏ်ကျခံရပါမယ်။ဖောက်ဖျက်မှုနဲ့ ပြစ်ဒဏ် တန်/မတန်၊ အယူခံ အောင်/မအောင်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ/မရကတော့ ဥပဒေစံနဲ့ မိမိရဲ့ကံလို့သာ မှတ်ယူရမှာပါ။ လုပ်ရဲရင် ခံရဲရမည်…ခံရဲရင်လုပ်ဆိုတဲ့ တပ်ဆောင်ပုဒ်ထဲကလို ၊ဘယ်သူမပြု မိမိမှုပါပဲ။လူသားချင်းအနေနဲ့ စာနာသနားမိ ပေမယ့် နိုင်ငံသားတစ်ယောက်အနေနဲ့ကတော့ ဥပဒေအား မသိနားမလည် ဆိုရုံမျှနှင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည် မဟုတ်ဆိုတဲ့ အတိုင်းလေးနက်စွာ ခံယူပါတယ်။

ပြည်သူတွေရဲ့ နားမျက်စိဘ၀ကို အမှန်တကယ် ရောက်ရှိကြပါစေ။ကလောင်ကောင်းမှ ပြည်ကောင်းမည်ဟု ခံယူလျက် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း မားမတ်စွာ ရှေ့ဆောင် လမ်းပြနိုင်ကြပါစေ …………………………….။
သမာသမတ်ကျပြီး စစ်မှန်သော မီဒီယာသမားများကို ယုံကြည်လေးစားလျက်

တစ်ခြားသူတွေရဲ့ မီဒီယာတွေအပေါ်ထင်မြင်ယူဆချက်တွေကိုပါ ဖတ်လို့ရအောင် လင့်ခ်ချိတ်လိုက်ပါတယ်။

www.prod.facebook.com/photo.php?fbid=585542864890159&set=a.289874261123689.64462.100003033530972&type=1

https://www.prod.facebook.com/photo.php?fbid=322499831259118&set=a.115166145325822.20976.100004973111518&type=1

https://www.prod.facebook.com/photo.php?fbid=581122408667325&set=a.127107237402180.24229.100003087144846&type=1&relevant_count=1

https://www.prod.facebook.com/photo.php?fbid=359588034188969&set=pcb.359591484188624&ty

Aung Zay

0 comments:

Post a Comment