Tuesday, July 22, 2014

“ ပြေးလို့ လွတ်မလား သတင်းသမား ”

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အက်စ်ဘီလို့ ခေါ်တဲ့ မှုခင်း သတင်းရဲတပ်ဖွဲ့ဟာ ဘိုင် မွန်းတည့်နေဂျာနယ်က သတင်းထောက်နဲ့ အယ်ဒီတာ (၄) ယောက်ကို ဖမ်းဆီးပြီး ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အမှုဖွင့်ထားပါတယ်။ ဂျာနယ် ထုတ်ဝေသူကတော့ ဒေါ်ကြူကြူဝင်း ဖြစ်ပါတယ်။ ဒေါ်ကြူကြူဝင်းကိုတော့ ဖမ်းဆီးတာ မရှိပါဘူး။ သူ့ခင်ပွန်း အသက် ၇၀ ကျော် ဦးစံတင်ကိုပဲ အက်စ်ဘီက ခေါ်ယူ စစ်ဆေးတာ ရှိပါတယ်။ အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဂျာနယ်ကို ငွေကြေးစိုက်ထုတ် လုပ်ကိုင်သူ ဦးစံတင်နဲ့ ဒေါ်ကြူကြူဝင်း တို့ရဲ့ သားမက် ကိုကျော်မင်း၊ သူ့ဇနီး ဒေါက်တာ အိအိစံ နဲ့ ဂျာနယ်ရုံးလုပ်ငန်း လုပ်ကိုင်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပေးပြီး မြန်မာအာဏာပိုင်တွေ လက်ထဲ လွှဲပေးခဲ့လို့ ခုဆို ဖမ်းဆီးခံနေရပါပြီ။ အခုနောက်ဆုံး မဲဆောက်မှာ ဖမ်းလိုက်တဲ့ ဘိုင်မွန်းတည့်နေ ငွေကြေးစိုက်ထုတ် လုပ်ကိုင်သူတွေကို ဘယ်လို ဖမ်းဆီးလိုက်တာလဲ၊ သူတို့ဟာ အက်စ်ဘီ က ဖမ်းဆီး စစ်ဆေးနေတဲ့ အမှုနဲ့ ဘယ်လို ပါတ်သက်နေလဲ၊ သူတို့ကံကြမ္မာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။


လက်ရှိ ရပ်ဆိုင်းနေတဲ့ ဘိုင်မွန်းတည့်နေနဲ့ မွန်းတည့်နေ ဂျာနယ် နှစ်စောင်ဟာ စီးပွားရေး လုပ်ငန်း တစ်ခုထဲဖြစ်ပါတယ်။ လိုင်စင်ပိုင်ရှင်တွေကတော့ ဦးစံတင်နဲ့ ဒေါ်ကြူကြူဝင်း ဖြစ်ပါတယ်။ စီးပွားရေး အရ ထုတ်လုပ်ရေး ဖြန့်ချီရေး လုပ်ကိုင်သူကတော့ ဦးကျော်မင်းနဲ့ သူ့ဇနီး ဒေါက်တာအိအိစံ တို့ဖြစ်ပါတယ်။ ဂျာနယ် နှစ်စောင်လုံးမှာ သီးခြား အယ်ဒီတာချုပ်နဲ့ အယ်ဒီတာတွေ ရှိကြပါတယ်။ လက်ရှိ သူတို့ကို ဖမ်းဆီး အရေးယူလိုက်ရတာဟာ
ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ကို “ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့် လို့ အာဏာပိုင်တွေ ဘက်က ဆိုပါတယ်။ ဒီ ကြေငြာချက်ကို သတင်းအဖြစ် အခြား သတင်းစာ ဂျာနယ်တွေကလည်း ပုံနှိပ်ဖော်ပြခဲ့ကြပေမယ့် ဘိုင်မွန်းတည့်နေဂျာနယ်ဟာ အချိန် တစ်ရက်စောပြီး ဖော်ပြခဲ့တယ်။ အာဏာပိုင်တွေကတော့ ဒါဟာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး မတည်မငြိမ်ဖြစ်အောင် လုပ်တယ်လို့ စွတ်စွဲပြီး အခြား ဘယ် သတင်းစာ ဂျာနယ်တွေကိုမှ အရေးမယူပဲ ဘိုင်မွန်းတည့်နေ ဂျာနယ် တစ်ခုတည်းကို အရေးယူ ဖမ်းဆီးခဲ့တာပါ။
ဒါပေမယ့် ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတာတွေဟာ MDCF ရဲ့ ထုတ်ပြန်ကြေငြာချက် သတင်းဖော်ပြခဲ့မှု ဆိုတာထက် နိုင်ငံတကာ အစ္စလာမ်မစ် အဖွဲ့အစည်းတွေ ရဲ့ ထောက်ပံ့ကြေး ယူနေသလား၊ နိုင်ငံခြား ဘဏ်တွေကနေ ငွေတွေ လက်ခံနေသလား၊ ပြည်တွင်းက အစ္စလာမ် ဘာသာဝင် စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေး ထောက်ပံ့နေသလား စတဲ့ မေးခွန်းတွေချည်းပဲ မေးခဲ့တယ်လို့ ကိုယ်တိုင် အစစ်ခံရတဲ့ ဦးစံတင်က သူ့ရဲ့ ယာယီစာနယ်ဇင်း ကောင်စီဆီ အကူအညီတောင်းထားတဲ့ စာမှာ ဖော်ပြထားပါတယ်။ အလားတူ ဂျာနယ်တိုက် ဒီဇိုင်နာ ကိုဇွဲကို စစ်ဆေးရာမှာလည်း ဒီအတိုင်း စစ်ဆေးခဲ့တယ်လို့ အဲဒီ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
နောက်တစ်ချက်က ဂျာနယ်ထဲမှာ MDCF ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် ဖော်ပြခဲ့ချိန် ထုတ်ဝေသူ ဦးကျော်မင်း ရန်ကုန်မှာ ရှိမနေဘူး ဆိုတဲ့ မိသားစုဝင်တွေနဲ့ ဂျာနယ်တိုက် ၀န်ထမ်းတွေရဲ့ ပြောပြချက်ပါ။ အခု အက်စ်ဘီက တရားဝင်ကြေငြာ ဖော်ထုတ် စစ်ဆေးနေသလို ဆိုရင် MDCF သတင်းကို ဘယ်ကရခဲ့သလဲ၊ ဘယ်သူက ရေးသလဲ၊ ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ ဖော်ပြသလဲ၊ အဲဒီလူတွေဟာ MDCF ရဲ့ ကြားဖြတ်အစိုးရ ဖွဲ့ရေးဆိုတဲ့ နိုင်ငံရေး ကိစ္စမှာ ပါဝင်နေကြသူတွေလား စသဖြင့် စစ်ဆေးမေးမြန်းရမယ် ဖြစ်ပါတယ်။ ဒီလို ဥပဒေ အတိုင်း အရေးယူဆောင်ရွက်တယ် ဆိုရင် သတင်းဖော်ပြမှု ကိစ္စ၊ နိုင်ငံရေး ဆိုင်ရာ ကိစ္စနဲ့ ပါတ်သက်ဆက်နွှယ်မှု မရှိသူတွေကို ဖမ်းဆီးဖို့ မလိုပါဘူး။ ဒါပေမယ့် ဒီကိစ္စ ဒီလောက် မရိုးရှင်းခဲ့ပါဘူး။ ဒီ့မတိုင်ခင် အချိန်ကတည်းက သတင်းရဲတပ်ဖွဲ့ဟာ အခြား သတင်းစာ ဂျာနယ် တာဝန်ရှိသူတွေကို ခေါ်ယူပြီး မေးမြန်းခဲ့စဉ်တုန်းကလည်း မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေကို နောက်ကွယ်ကနေ အစ္စလာမ်မစ် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု ရှိသလား ဆိုတာမျိုး စစ်မေးခဲ့ဖူးပြီးပါပြီ။ ပြောရရင် သတင်းရဲတပ်ဖွဲ့ဟာ ထိုင်းနယ်မြေထဲ ရောက်နေပြီဖြစ်တဲ့ ကိုကျော်မင်း၊ ဒေါက်တာ အိအိစံ နဲ့ ကိုယဉ်မင်းထွန်းတို့ကို ရအောင် ဖမ်းခိုင်းတာဟာ MDCF အဖွဲ့ ထုတ်ပြန်ချက် ဖော်ပြတဲ့ ကိစ္စ စစ်ဆေးချင်လို့ ဟုတ်ပုံ မရပါဘူး။ အခြား ကိစ္စ ဖြစ်ဖို့ပဲ ရှိပါတယ်။ ဒီနေရာမှာ အက်စ်ဘီလို့ ခေါ်တဲ့ ရဲသတင်းတပ်ဖွဲ့နဲ့ မြန်မာအာဏာပိုင်တွေကို အရမ်းချီးကျူးဖို့ ကောင်းပါတယ်။ ထိုင်းနယ်မြေထဲ ရောက်သွားတဲ့ ဂျာနယ်လုပ်ငန်း လုပ်ကိုင်တဲ့ အဲဒီ မိသားစု တစ်စုနဲ့ လူတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ငါတို့ ဖမ်းချင်ရင် ထိုင်းနယ်မြေထဲမှာလည်း ဖမ်းလို့ ရတယ် ဆိုတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာမှာ သမ္မတ အကြံပေး နေဇင်လတ် ရဲ့ စတုတ္တမဏ္ဍိုင် အခြေခိုင်ဖို့ လိုသည် ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြပါရှိပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ “ OIC အပါအ၀င် ပြည်ပ အဖွဲ့အစည်းများဇ။် အထောက်အပံ့ရယူထားသည့် မီဒီယာများ ရှိနေသည်ဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့က ဆိုထားပြီး အရေအတွက်အားဖြင့် ငါးခုခန့်ရှိကာ ၄င်းတို့အား ဖော်ထုတ် အရေးယူပေးသွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ထိုအဖွဲ့ ကြေငြာခဲ့သည်” ဆိုပြီး ကိုးကား ဖော်ပြထားပါတယ်။ သမ္မတ ရဲ့ နိုင်ငံရေးအကြံပေး ပုဂိုလ် တစ်ယောက်ဟာ အဲဒီ မခိုင်မာတဲ့ စွတ်စွဲချက် တစ်ခုကို အတည်ယူပြီး တစ်စုံတစ်ခုကို ကြံစည်တော့မယ် ဆိုတာ တွေ့လိုက်ရတော့ ရိုးသားပါတယ် ဆိုတဲ့ သမ္မတ ကိုတောင် သံသယ ဖြစ်စရာ ရှိလာပါတယ်။ ဆက်ရေးထားတာ ကြည့်ပါဦး။
“ ယခုအခါ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး မကြာမီမှာပင် အံ့သြဖွယ်ဖြစ်နိုင်သည့် ဖြစ်ရပ်မှန်ကို တာဝန်ရှိသူများက ချပြနိုင်လိမ့်မည်ဟု မျှော်လင့်ရသည် ” လို့ ဆိုထားပါတယ်။ ဘိုင်မွန်းတည့်နေဂျာနယ် ပြသနာကို သမ္မတ အကြံပေးက အဲဒီအတိုင်း ဇတ်လမ်းဆင်သွားတာပါ။ တဆက်တည်းပဲ ဆောင်းပါးမှာ နေဇင်လတ်က “ ယခု ထိုဂျာနယ်မှ တာဝန်ရှိသူများကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေကြလေပြီ။ အလောင်းအစားကြီးသည့် စွန့်စားမှုဖြစ်၍ တန်ရာတန်ကြေး နည်းပါးမည်ဟုတော့ မမြင်ပါ” လို့ ဖော်ပြထားပါတယ်။ အလွန်ကြောက်စရာ ကောင်းတဲ့ မှတ်ချက်ပါ။

ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ဘိုင်မွန်းတည့်ဂျာနယ်ကို အရေးယူတဲ့ ကိစ္စမှာ MDCF ထုတ်ပြန်ချက်ကို ဖော်ပြခဲ့လို့ အရေးယူတယ် ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ အပေါ်ယံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ဂျာနယ် လုပ်ကိုင်နေသူတွေကို ဘယ်ရောက်ရောက် ဖမ်းပြခဲ့ပါတယ်။ တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေ၊ အစွန်းရောက်သူတွေကို ကာလကြာရှည် အရေးမယူ မွေးမြူထားပေမယ့် သတင်းလုပ်ငန်း လုပ်ကိုင်နေသူတွေကိုတော့ အချိန်မဆိုင်း ဘယ်နေရာ ဘယ်ကိုရောက်ရောက် ဖမ်းနိုင်တဲ့ စွမ်းရည် ပြလိုက်တာပဲဖြစ်ပါတယ်။ အခု အက်စ်ဘီရဲ့ စစ်ဆေးချက်၊ အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့ရဲ့ စွတ်စွဲချက်၊ သမ္မတရဲ့ နိုင်ငံရေး အကြံပေး နေဇင်လတ်ရဲ့ ရေးသားဖော်ပြချက်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင်တော့ ဘိုင်မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ၊ သတင်းထောက်၊ ထုတ်ဝေသူတွေ အပေါ် အလွန်ဆိုးရွားတဲ့ ကံကြမ္မာကြီး တစ်ခု ကျရောက်လာတော့မှာ အသေအခြာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။
မြန်မာပို့စ် ဂျာနယ်၊ ၂၂-၇-၁၄။

0 comments:

Post a Comment