Wednesday, July 23, 2014

လွှတ်တော်ပေါ်တွင် မူတည်နေသော မြန်မာ့ပညာရေးအနာဂတ်


အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားလေးများ ကျောင်းဆင်းလာစဉ် [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေသည် ပြည်ထောင်စုလွှတ်တော်တွင် လာမည့်တစ်ပတ်အတွင်း အကျေအလည် ဆွေးနွေးမှုများဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ရန် အသင့်ဖြစ်နေလေပြီ။ ယခုနှစ် မတ်လက တင်သွင်းခဲ့သော အမျိုးသားပညာရေး ဥပဒေကြမ်းကို လေးလကျော်ကာလအတွင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးပြင်ဆင်ပြီးနောက် အတည်ပြုနိုင်မည့် အခြေအနေသို့ ရောက်ရှိလာသည်။နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်ရောက်ရှိ၍ ပညာရေးအဆင့်အတန်း နိမ့်ကျသွားခဲ့ရသော မြန်မာနိုင်ငံအနာဂတ်အတွက်၊ ပြည်သူများ၏ မျှော်လင့်ချက်အတွက် အမျိုးသားပညာရေးဥပဒေသည် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်။

‘‘အများကြီးမျှော်လင့်ထားတယ်။ ကျွန်တော်တို့က အာဏာရှင်စနစ်အောက်မှာ ပညာရေးအမွေဆိုးနဲ့ မွေးဖွားလာတော့ ကလေးတွေအတွက် ပညာရေးစနစ်ကို ပြောင်းလဲစေချင်တယ်။ အမျိုးသားပညာရေး ဥပဒေအတွက် လွှတ်တော်မှာ ဆွေးနွေးနေကြတာကိုလည်း ကြားတယ်။ ဘာပဲပြောပြော အရင်ကထက်တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်တယ်’’ဟု အခြေခံပညာသင်ယူနေသော ကလေးနှစ်ဦး၏ဖခင် ဦးမင်းသန့်ကပြောသည်။

ဥပဒေကြမ်း စတင်တင်သွင်းချိန်က အစိုးရနှင့် လွှတ်တော်တို့၏ ဥပဒေကြမ်းနှစ်ခု တိုက်ဆိုင်နေ၍ ပူးပေါင်းလိုက်သောကြောင့် အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ် ဆရာ၊ ဆရာမအသင်းတို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၇၁ ချက်ဖြင့် အတည်ပြုလိုက်ပြီးနောက် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ရောက်ရှိနေသည်။

အမျိုးသားပညာရေးဥပဒေ အတည်ပြုနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ သဘောထားကွဲလွဲချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး လွှတ်တော်ကျင်းပရက် ကာလတိုးမြှင့်ရဖွယ် ရှိနေသည်။

‘‘ပြည်ထောင်စုလွှတ်တော်ကို တင်ဖို့ရည်ရွယ်ထားတယ်။ လကုန်ရက်ထိ ရောက်နိုင်တယ်။ ဒီလွှတ်တော်အမီပြီးဖို့ ဦးတည်ဆောင်ရွက်နေပါတယ်’’ဟု ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးကပြောသည်။

မူလက ဇူလိုင် ၂၅ ရက်တွင် လွှတ်တော်ခေတ္တရပ်နားရန် စီစဉ်ထားရာမှ အမျိုးသားပညာရေးဥပဒေကြမ်း သဘောထားကွဲလွဲမှုများအပေါ် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန် ဇူလိုင်လကုန်အထိ တိုးမြှင့်ရဖွယ်ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

‘‘တော်တော်ဆွေးနွေးကြပါတယ်။ အငြင်းအခုံတွေနဲ့ တွန်းတွန်းတိုက်တိုက် ပြောဆိုကြတယ်။ ဝေဖန်မှုတွေနဲ့ ဖြတ်သန်းခဲ့ပြီး လွှတ်တော်ရောက်တဲ့အခါမှာလည်း ပြန်ပြင်ပြီး ပြန်ကျလာတယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီဆန်ပေမယ့် တစ်ဖက်ကလည်း လွှတ်တော်ရောက်တဲ့အခါမှ အပိုဒ်လိုက်ဖြုတ်လိုက်၊ စကားလုံးတွေ ပြင်လိုက်နဲ့ဆိုတော့ အခုမှပြန်စသလို ဖြစ်သွားတယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အပေါ် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်၊ ပယ်ဖျက်ချက်နှင့် အသစ်ဖြည့်စွက်ချက် အများအပြားဖြင့် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လွှတ်တော်နှစ်ရပ်၏ ကွဲလွဲချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရဖွယ် ရှိနေသည်။

ပြည်သူ့လွှတ်တော်က အမျိုးသားပညာရေးကောင်စီကို ဖွဲ့စည်း၍ ဒုသမ္မတတစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရှင်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရန် အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်က ဥပဒေတွင် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းရာ၌ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရေးနှင့် သက်ဆိုင်သည့် ရေးရာကော်မတီများမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပညာရှင်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရန် ပြင်ဆင်အတည်ပြုလိုက်သည်။

အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းတို့က ဒုသမ္မတတစ်ဦး ဥက္ကဋ္ဌတာဝန်ယူထားသော ပြည်သူ့လွှတ်တော်၏ အမျိုးသားပညာရေးကောင်စီကို ကန့်ကွက်ထားခဲ့ကြသည်။

လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာအာကာမိုးသူက ‘‘ထူးထူးခြားခြားကွဲပြားပြီး ပြောင်းလဲတာတော့ မရှိပါဘူး။ ပညာရေးလွတ်လပ်ခွင့်ကို ပီပီပြင်ပြင် မတွေ့ရသေးဘူး။ ဗဟိုချုပ်ကိုင်မှုတွေ များနေသေးတယ်’’ဟု ဝေဖန်သုံးသပ်သည်။

ပြည်သူ့လွှတ်တော်က အမျိုးသားပညာရေးဆိုသည်မှာ နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့များ၏ အနှစ်သာရများကို တန်ဖိုးထား၍ ခေတ်စနစ်၏ လိုအပ်ချက်များနှင့်အညီ တိုင်းရင်းသားအားလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကို စဉ်ဆက်မပြတ် ခေတ်မီတိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင်နိုင်စွမ်းရှိသည့် ပညာရေးဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ထည့်သွင်းသည်။

အမျိုးသားပညာရေးဆိုသည်မှာ နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထားမြှင့်တင်ပြီး ဘက်စုံအတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးသည့် နိုင်ငံတော်၏ ပညာရေးစနစ်ကို ဆိုလိုကြောင်း အမျိုးသားလွှတ်တော်က ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အမျိုးသားပညာရေး အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်ခြင်းမရှိသော အားကစားစကားရပ်ကို ဖြည့်စွက်ထည့်သွင်းမည်ဖြစ်ပြီး ဥပဒေအတည်ပြုပြီးက လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ဖြစ်၍ ဆွေးနွေးထည့်သွင်းချက်များက အရေးကြီးကြောင်းလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)မှ ဒေါ်သူသူမာက အမျိုးသားလွှတ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ‘ဘက်စုံ အတွေးအခေါ်မှန်ကန်၍’ဟူသော စကားရပ်အပေါ် ကန့်ကွက်ကြောင်းဆိုသည်။

‘‘အတွေးအခေါ်လွတ်လပ်တဲ့ ပညာရေးဖြစ်ဖို့လိုတယ်။ ဘယ်လိုအတွေးအခေါ်မျိုးကို မှန်ကန်တယ်လို့ ပြောမလဲ။ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့ နိုင်ငံသားတွေ ဖြစ်ဖို့လိုတယ်။ ဘယ်သူ့အယူအဆမှ လွှမ်းမိုးမှုမရှိဘဲနဲ့ လွတ်လပ်တဲ့ အတွေးအခေါ်မျိုး ဖြစ်သင့်ပါတယ်’’ဟု ဒေါ်သူသူမာက ပြောသည်။

‘ဘက်စုံအတွေးအခေါ် မှန်ကန်၍’ဟုဆိုရာတွင် အာဏာပိုင်များ၏ အတွေးအခေါ်ကို အမှန်ဟုယူဆ၍ ကျောင်းသားများအား လိုက်နာသင်ယူကျင့်သုံးစေခြင်းမျိုး ဖြစ်လာမည်ကို စိုးရိမ်ပူပန်ကြောင်း ပညာရေးလွတ်လပ်ခွင့်ရရှိရေး ကြိုးပမ်းနေသော အထက်ပါအမျိုးသမီးကဆိုသည်။

အမျိုးသားပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများအတွက် အဓိကအပြောင်းအလဲတစ်ချက်အနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သောစနစ်ကို ပြောင်းလဲကျင့်သုံးရန် လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်သည်။ သို့သော် စကားရပ်သုံးစွဲမှုတွင် သဘောထားကွဲလွဲမှု ရှိနေသေးသည်။ ပြည်သူ့လွှတ်တော်က ‘သင်ယူလိုသူ၏ အရည်အချင်းနှင့် ဆန္ဒကို အခြေခံပြီး ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးခြင်း’ဟူသော စကားရပ်ကို အသုံးပြုသည်။ အမျိုးသားလွှတ်တော်က ‘သင်ယူလိုသူ၏ဆန္ဒကို အခြေခံပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ၏ သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးခြင်း’ဟူသော စကားရပ်ကို အသုံးပြုထားသည်။

ထို့ကြောင့် လွှတ်တော်နှစ်ရပ်လုံးက လက်ရှိကျင့်သုံးနေသော တက္ကသိုလ်ဝင်စာမေးပွဲရလဒ်ဖြင့် တက္ကသိုလ်ဝင်ခွင့်ပြုနေသော စနစ်အစား ကျောင်းသားများ၏ အရည်အချင်းနှင့် ဆန္ဒကို အခြေခံသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ပြောင်းလဲရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ကတော့ လွတ်လပ်စွာရွေးချယ်ခွင့်ပေးရင် ပိုပြီးသဘောကျပါတယ်။ ဘယ်ဘာသာရပ်ကိုမှ နိမ့်တယ်၊ မြင့်တယ်လို့ သဘောမထားသင့်ပါဘူး။ အခုက အမှတ်နိမ့်လို့ သမိုင်းတို့၊ ပထဝီဝင်တို့ ရောက်သွားတာ ရှိနေတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး’’ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောသည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုတွင် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ တိုင်းရင်းသားဘာသာစကား သင်ကြားရေး စသည့် ကဏ္ဍအသီးသီးတို့ ပါဝင်နေပြီး ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံ၍ အကြိတ်အနယ် ဆွေးနွေးရဖွယ်ရှိနေခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် လာမည့်တစ်ပတ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးငြင်းခုံကြမည့် အမျိုးသားပညာရေးဥပဒေကြမ်းသည် တိုင်းပြည်၏ နိမ့်ကျနေသော ပညာရေးအဆင့်အတန်း ပြန်လည်မြင့်မားလာစေရန် များစွာအရေးပါနေသည်။

ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အဘက်ဘက်က သိသာဆိုးရွားစွာ နိမ့်ကျနေသော ပညာရေးစနစ်ကြောင့် စိတ်မသက်မသာ ဖြစ်နေသော မိဘပြည်သူများအတွက် မကြာမီ အတည်ပြုနိုင်ဖွယ်ရှိနေသော အမျိုးသားပညာရေးဥပဒေက မျှော်လင့်ချက်ကောက်ရိုးတစ်မျှင် ဖြစ်သည်။ ။


7Day Daily

0 comments:

Post a Comment