Tuesday, July 22, 2014

မသန်စွမ်းများခန့်ထားသည့် ကုမ္ပဏီကို အခွန်လျှော့ခြင်းနှင့်အခြား အခွင့်အရေးပေးမည်



ရွှေဂုံတိုင်ရှိ အိတ်ဇဲလ်ဟိုတယ်တွင် ပြုလုပ်ကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ်သို့ တက်ရောက်လာသော မသန်စွမ်းအမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- ဘိုဘို

မသန်စွမ်းသူများ ကာကွယ်ပေးရေး ဆိုင်ရာဥပဒေကြမ်းအရ ကုမ္ပဏီများက မသန်စွမ်းသူ တစ်ရာခိုင်နှုန်းကို မခန့်မနေရ ခန့်အပ်ရမည်ဖြစ်သည့်အတွက် အစိုးရက အခွန်လျှော့ချပေးခြင်းနှင့် အခြားအခွင့်အရေးများ ပေးအပ်သွားမည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ဇူလိုင် ၂၂ ရက်က ပြောကြားလိုက်သည်။ထိုပြဋ္ဌာန်းချက်ကို ဥပဒေအတည်မပြုမီအချိန်ကပင် စတင်ကျင့်သုံးရန်အတွက်လည်း အလုပ်သမားဝန်ကြီးဌာန၊ လုပ်ငန်းရှင်များ၊ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နှင့် အလုပ်သမားအရေးကူညီပေးနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် ILO တို့ဆွေးနွေးသွားကြမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မြန်မာပြည်ကိုယ်စားလှယ် Mr.Steve Marshall က “မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိနှုန်းဟာ အင်မတန်နည်းပါးနေပါတယ်။ ဒါကလည်း အစိုးရပံ့ပိုးပေးမှု အားနည်းနေလို့ပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှုနှင့် မသန်စွမ်းသူများ စီးပွားရေးနယ်ပယ်တွင် ပါဝင်နိုင်ရေးဆွေးနွေးပွဲတွင် ၎င်းက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိရေးဆွဲလျက်ရှိသော မသန်စွမ်းသူများကာကွယ်ပေးရေးဆိုင်ရာ ဥပဒေမူကြမ်းတွင် ကုမ္ပဏီတိုင်းက မသန်စွမ်းသူများကို တစ်ရာခိုင်နှုန်း အလုပ်ခန့်အပ်ရန် သတ်မှတ်ပြဋ္ဌာန်းထားရာ ထိုသို့ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်သည့် ကုမ္ပဏီများကို အစိုးရက ထောက်ပံ့ကူညီပေးရန် အခွန်လျှော့ချကောက်ခံမည့်အပြင် အခြားအခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရေးအတွက် ထိုဥပဒေကြမ်းအတည်မပြုမီ ကျင့်သုံးသွားမည်ဟု ညွှန်ကြားရေးမှူးချုပ်က အတိအလင်းပြောကြားခဲ့သည်။

“အလုပ်ခန့်ပေးမယ့် ကုမ္ပဏီတွေကို ကူညီပေးမှ မသန်စွမ်းသူတွေကို အလုပ်ခန့်ချင်မှာ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေ အလုပ်လုပ်ကိုင်နိုင်နှုန်းဟာ အရမ်းနည်းနေပါတယ်”ဟု ဦးယုလွင်အောင်က ပြောသည်။

၂၀၀၉ ခုနှစ် အမျိုးသားအဆင့် မသန်စွမ်းမှု လေ့လာစစ်တမ်းအရ မသန်စွမ်းသူ၏ ၈၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင် သို့မဟုတ် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း မရှိခြင်း၊ အိမ်ခြေမဲ့ မသန်စွမ်းသူများမှာ ၃၀ ရာခိုင်နှုန်း၊နည်းပညာအပေါ်ကိုင်တွယ် အသုံးပြုမှုအားနည်းသည့် မသန်စွမ်းသူစာရင်း ၇၄ ရာခိုင်နှုန်းနှင့် မသန်စွမ်းအခွင့်အရေး မသိသေးသူများမှာ ၈၀ ရာခိုင် နှုန်းခန့် ရှိနေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁၃ သိန်းဝန်းကျင် ရှိနေသည်။


7Day Daily

0 comments:

Post a Comment