မြ၀တီနှင့် ကျိုက်မရောတွင် ဖြစ်ပွားခဲ့သော ပြဿနာများနှင့် အတူ နာမည်ကြီးလာသော DKBA၊ KNU/KNLA –PC အဖွဲ့မှ စုန်းပြူးသုံးယောက်ကို သတိထားမိခဲ့ကြပါသည်။ အဖွဲ့အစည်းတစ်ခုတွင် အများဆန္ဒနှင့် ဆန့်ကျင်ပြီး ကိုယ်ထင်ရာ ကိုယ်လုပ်ကာ ပြဿနာကို မီးမွှေးရှာတတ်သူသည် စုန်းပြူးဟု အခေါ်ခံရပါသည်။ ထို့ကြောင့် DKBA မှ စုန်းပြူးများအဖြစ် စောကျော်သက်နှင့် စောဆန်းအောင်၊ KNU/KNLA – PC အဖွဲ့မှ စုန်းပြူးအဖြစ် စောတိုက်ဂါးတို့ ပေါ်ထွက်လာကြခြင်း ဖြစ်သည်။လူတစ်ယောက်အနေဖြင့် မိမိကျင်လည်ခဲ့သော ပတ်ဝန်းကျင်၊ မိမိအား ရာထူးပေးခဲ့သော အဖွဲ့အစည်းအပေါ် မကောင်းကြံ စည်နိုင်ရန် နောက်ကွယ်၌ ကြိုးကိုင်နေသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု ရှိနေသောကြောင့် ဖြစ်ပါသည်။ သို့ဆိုလျှင် စောတိုက်ဂါး၊ စောဆန်းအောင်နှင့် စောကျော်သက်တို့ သက်ဆိုင်ရာအဖွဲ့အစည်းများအပေါ် သစ္စာမဲ့ခဲ့ခြင်းသည် နောက်ကွယ်၌ ကြိုးကိုင်သူ ရှိနေသောကြောင့် ဖြစ်ပါသည်။
မြ၀တီမြို့တွင် ပြဿနာရှာခဲ့သော KNU/KNLA – PC အဖွဲ့က စောတိုက်ဂါးဆိုလျှင် သူ့သဘောနဲ့သူ ကြေညာချက်ထုတ်ခဲ့ သည်။ ဗဟိုဌာနချုပ်မှ ထိုကြေညာချက်သည် သူတို့နှင့် မသက်ဆိုင်ကြောင်း ကြေညာတော့မှ စောတိုက်ဂါး ခွေးပြေးဝက်ပြေး ပြေးရခြင်းဖြစ်သည်။ စောတိုက်ဂါး ခွဲထွက်မယ်ဆိုပြီး သတင်းထွက်ပေါ်ချိန် ဒေါက်တာ တင်မိုသီ ဆိုသူက လည်း KNU/KNLA – PC အဖွဲ့မှ နုတ်ထွက်ပါသည်ဟု လူစွာဝင်လုပ်သည်။ ထို့ကြောင့် စောတိုက်ဂါးကို အကြံဥာဏ်ပေးခဲ့သူမှာ ဒေါက်တာ တင်မိုသီ ဖြစ်ပြီး ကြိုးကိုင်နေသူဟု အားလုံးက ယူဆခဲ့ကြခြင်းဖြစ်သည်။
DKBA ကိုနှစ်ခြမ်းကွဲအောင် ကြံစည်နေသူများဖြစ်သော စောကျော်သက်နှင့် စောဆန်းအောင်တို့သည်လည်း အလားတူ ကြိုးကိုင်ခံနေရခြင်းဖြစ်သည်။ စောဆန်းအောင် ဆိုသူဟာ နွားကျောင်းသားဘ၀ကနေ DKBA အဖွဲ့တွင် ဗိုလ်မှူးကြီး အဆင့် ရောက်လာသူဖြစ်သည်။ နွားကျောင်းသားဘ၀က အကျင့်စရိုက်များမပျောက်ဘဲ လူမိုက် လူရမ်းကား လူနလ ပိန်းတုံးပီသစွာ မြ၀တီမြို့ထဲတွင် အစိုးရတပ် ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် စောဆန်းအောင် နောက်တွင် ကြိုးကိုင်စေခိုင်းသူသည် မည်သူဖြစ်မလဲ စဉ်းစားစရာ ဖြစ်ပါသည်။
DKBA ကို ခုတုံးလုပ်ပြီး မကြံအပ်မစည်ရာ စစ်ဦးစီးချုပ် ရာထူးရူးနေသူ စောကျော်သက်ကိုလည်း မြေလှန်ရှာရမည် ဖြစ်ပါသည်။ KNU တပ်မဟာ (၆) မှာ နေစဉ်က ဒုတပ်ရင်းမှူးကို ပစ်သတ်ပြီး DKBA ဘက်ကို ပြေးဝင်လာသူဖြစ်သည်။ ကိုယ့်အထက် အရာရှိကို သတ်ပြီး ဘက်ပြောင်းလာတဲ့သူက အခုဆိုရင် ဗိုလ်မှူးချုပ်တောင်ဖြစ်နေချေပြီ။ စောမူရှေးနှင့် အပြိုင် စစ်ဦးစီးချုပ် စောလားဖွယ်နေရာကို လုခဲ့သူ ဖြစ်သည်။ စောလားဖွယ်နေရာကို စောမူရှေး ဆက်ခံရန် အလားအလာ ကောင်းနေ၍ စောကျော်သက် အခြေအနေမဟန်တော့ဘဲ DKBA မှ ခွဲထွက်ကာ တစ်စင်ထောင်ရန် ကြံစည်နေခြင်းဖြစ် သည်။
နောက်ဆုံးသတင်းများအရ တိမ်းရှောင်နေသော စောတိုက်ဂါးက စောကျော်သက်ဆီရောက်နေပြီဟု သတင်းများ ထွက်ပေါ် လာသည်။ စောဆန်းအောင် ၀ရမ်းပြေးကလည်း သူတို့နှင့် လာရောက် ပူးပေါင်းမည်။ ထို့နောက် ဟက်ကြီးက ဖားမီးဆီ သွားကြမည်။ ပြီးလျှင် မဲသဝေါနားက မောင်ကြာထံသွားရောက် ဆက်သွယ်မည်။ အားလုံးတစ်စုတစ်စည်းတည်း တပ်မဟာ (၅) တွင် စုကြမည်။ ကရင်လွတ်မြောက်နယ်မြေဆိုပြီး ကရင်တပ်မတော်သစ် တည်ထောင်မည်။ ပြီးလျှင် အစိုးရအား ပြန်လည်တိုက်ခိုက်မည်။ KNU အမည်ခံနဲ့ UNFC မှာ ပါဝင်မည်။ သူတို့က မဲစောက်မှာ အခြေချနေထိုင်ပြီး တကယ်တိုက်ရ မှာ အောက်ခြေ ကရင်ရဲဘော်များ ဖြစ်ကြပါသည်။ ထိုသို့ DKBA မှ ခွဲထွက်ဖို့ ကြံနေသော စောကျော်သက်နှင့် စောဆန်းအောင်၊ KNU/KNLA – PC အဖွဲ့က ပယ်သီး စောတိုက်ဂါးတို့ကြောင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်မိသလို သူတို့ နောက်ကွယ်တွင် ကြိုးကိုင်နေသူကတော့ အစိုးရကို မသေမချင်း တော်လှန်မယ်ဆိုပြီး ကြိမ်းဝါးထားသော နော်စီဖိုးရာစိန် ပင်ဖြစ်ပါကြောင်း KNU အတွင်းပိုင်း သတင်းများအရ သိရှိရပါသည်။
စောအက်သာထူး
နေ့စဉ်သတင်း
0 comments:
Post a Comment