Wednesday, October 29, 2014

ဘာကြောင့် အစိုးရ၀န်ထမ်းအလုပ် ရေပန်းမစားတော့တာလဲ



ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံ့အရေး၊ ပြည်သူဝန်ဆောင်မှုအရေးတို့ကို စီမံခန့်ခွဲရသည့် ရာထူးများ၌ မျိုးဆက်သစ်လူငယ်နှင့် လူလတ်ပိုင်းခေါင်းဆောင်များ၊ ခေတ်ပညာတတ်အရပ်သားပညာရှင်များ နေရာယူလာချိန် မြန်မာနိုင်ငံ၏ အစိုးရယန္တရားတွင်တော့ ခေတ်ပညာတတ်လူငယ်အများစုမှာ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူးရာခံများနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။ အထူးသဖြင့် အရည်အချင်းရှိသည့် ခေတ်ပညာတတ်မျိုးဆက်သစ်များက အစိုးရအလုပ်ကို ဘ၀အာမခံချက်အတွက် ရွေးချယ်လုပ်ကိုင်စရာအလုပ်တစ်ခုဟု မယူဆတော့ခြင်းပင်။

ပညာတတ်လူငယ်များ ကျောင်းပြီးဘွဲ့ရပါက တတ်နိုင်သူများက ပြည်ပထွက် ပညာဆက်သင်၊ အလုပ်လုပ်၊ ငွေကြေးအင်အားမပြည့်စုံသူတို့ကလည်း လုပ်ခလစာနှင့် ပံ့ပိုးမှုအားကောင်းသော ပြင်ပပုဂ္ဂလိကလုပ်ငန်းများတွင်သာ အလုပ်အကိုင်ရရေး ကြိုးစားသူအများစုဖြစ်ပြီး အစိုးရအလုပ်ကို အပူတပြင်း ရှာဖွေလုပ်ကိုင်မှု နည်းပါးနေသည်။ အရည်အချင်းရှိသော လူငယ်များထဲမှ ခံယူချက်ဖြင့် ရေရှည်ရည်မှန်းချက်အတွက် လုပ်ကိုင်သူအချို့တော့ရှိသည်။ သို့သော် အစိုးရအလုပ်မှာ ရေပန်းမစားပါ။

အဘယ်ကြောင့်နည်း။

အရည်အချင်းရှိသလောက် အစွမ်းအစပြခွင့်မရဘဲ အထက်လူကြီးညွှန်ကြားသမျှ တစ်သဝေမတိမ်းလိုက်နာရခြင်း၊ ဘ၀နောင်ရေးအတွက် ဆွေစဉ်မျိုးဆက် ပင်စင်ခံစားခွင့်ရှိသော်လည်း လတ်တလော စားဝတ်နေရေးအတွက် လုံလောက်သည့် လုပ်ခလစာမရခြင်းနှင့် အဓိကအကျဆုံးအချက်မှာ ရှေ့လူမရှိမှ ရာထူးတိုးမျှော်လင့်နိုင်သည့် အခွင့်အရေးနှင့် ဌာနတွင်းသို့ ဖြတ်လမ်းမှဝင်ရောက်လာသည့် တပ်ဖက်မှရွှေ့လာသော မိုးကျရွှေကိုယ်တို့ကြောင့်ဖြစ်ကြောင်း ယခုဆောင်းပါးအတွက် မေးမြန်းခဲ့သည့် အစိုးရဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် ပညာရှင်များက ဖြေကြားကြသည်။

ရာထူးကြီးများကို တပ်ဘက်မှ ပြောင်းလာသူများ၊ ဌာနတွင်းပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးသူများက အများစုနေရာရလေ့ရှိပြီး လုပ်ရဲကိုင်ရဲသူများကို နေရာမပေးခြင်း၊ အထက်လူကြီးနှင့် အဆင်မပြေပါက ချောင်ထိုးခြင်း၊ လုပ်ပိုင်ခွင့်များကို အတိအကျမသတ်မှတ်ပေးခြင်းနှင့် အထက်အမိန့်ရမှသာ တစ်သဝေမတိမ်းဆောင်ရွက်ရသည့် ကြိုးနီစနစ်မကုန်ဆုံးသေးခြင်းတို့ ကျင့်သုံးနေဆဲဖြစ်ကြောင်း ယခင် အစိုးရ၀န်ထမ်းဟောင်းတချို့က ဖြေကြားကြသည်။

‘‘အစိုးရလစာက အပြင်ပုဂ္ဂလိကနဲ့ယှဉ်ရင် အခုသိပ်အကွာကြီးမဟုတ်တော့ပါဘူး။ ဒါ့အပြင် ရှားပါးစရိတ်တွေ၊ ခံစားခွင့်တွေ၊ နောက် Daily Allowance တွေရှိတယ်။ ဆယ်နှစ်လုပ်သက်ရှိတာနဲ့ ပင်စင်အာမခံချက်ကရှိလာပြီ။ ဒါပေမယ့် အဓိကပြဿနာက ကိုယ်ဘယ်လောက်တော်တော် ကိုယ်ရှေ့ကလူ နေရာလွတ်မှ ရာထူးတိုးမယ်ဆိုတာပဲ။ ဒါကြောင့် လုပ်သက် ၁၁ နှစ်ကို ထွက်ပလိုက်တာ။ စိတ်မရှည်တော့ဘူး’’ဟု စွမ်းအင်ဝန်ကြီးဌာနတွင် ဌာနခွဲစာရေးမှ ဦးစီးအရာရှိအဆင့်ထိ ၁၁ နှစ် လုပ်ကိုင်ခဲ့ပြီး ပုဂ္ဂလိကရေနံကုမ္ပဏီတွင် လက်ထောက်မန်နေဂျာ လုပ်ကိုင်နေသူ ဒေါ်သက်ဝေစိုးက ပြောကြားသည်။

‘‘အဓိကစိန်ခေါ်မှုက စနစ်ပါ။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုစနစ်တွေက ပညာတတ်တွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အချိုးကျပေးဖို့ လိုပါတယ်။ ပညာရှင်ညွှန်ကြားရေးမှူးက မိုးကျရွှေကိုယ်ညွှန်ချုပ်ကို ကြောက်နေရတာမျိုး၊ လုပ်ပိုင်ခွင့်ပေးမထားတာမျိုးတွေ ပြုပြင်ဖို့လိုပါတယ်’’ဟု ဆရာဝန်ဘွဲ့ရသော်လည်း နိုင်ငံရေးလှုပ်ရှားမှုဖြင့်သာ ရပ်တည်နေသည့် ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

အစိုးရဌာနများတွင် စီမံခန့်ခွဲရသည့် (Executive Level) ညွှန်ကြားရေးမှူးရာထူးဆိုလျှင် အနိမ့်ဆုံး အသက်(၄၅) နှစ်ခန့်ရှိမှသာ စတင်တာဝန်ထမ်းဆောင်နိုင်လေ့ရှိသည်။ အသက်ကို တရားဝင်ကန့်သတ်မထားသော်လည်း ၀န်ထမ်းအကြီးအမှူး ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူးဖြစ်လိုလျှင် အောက်တစ်ဆင့်နိမ့်ရာထူးဖြစ်သည့် ဦးစီးအရာရှိ လုပ်သက်အနည်းဆုံးနှစ်နှစ်ရှိရမည့် ကန့်သတ်ချက်ကြောင့် ဖြစ်သည်။

ထို့ပြင် ညွှန်ကြားရေးမှူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ် စသည့် အရာထမ်းရာထူးများတွင် နေရာလပ်မရှိပါက အောက်ခြေ၀န်ထမ်း မည်မျှအရည်အချင်းရှိစေကာမူ ရာထူးတိုးတာဝန်ထမ်းဆောင်၍မရ။ ထိုလူများ သက်ပြည့်ပင်စင် ယူသွားမှသာ နေရာလွတ်ကို ၀င်ထမ်းဆောင်နိုင်သည်။ တချို့ဆိုလျှင် အရည်အချင်းရှိပြီး အင်မတန်တော်သော်လည်း ရှေ့လူများ ပင်စင်ယူသွားသည့်အထိ ဦးစီးအရာရှိ လက်ထောက်ညွှန်မှူးဘ၀တို့ဖြင့်သာ ပင်စင်ယူ အရိုးထုတ်သွားရကြောင်း သတ္ထုတွင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘၂၀၁၀ တုန်းကဆို ပိုဆိုးသေးတယ်။ သက်ပြည့်ပင်စင်သွားပြီးမှ သိပ်တော်လို့ဆိုပြီး ဌာနမှာ အဲဒီလူတွေကို အကြံပေးပြန်ခန့်တော့ သူက ညွှန်ကြားရေးမှူးရာထူးကိုလည်း လက်မလွှတ်တော့ တော်တော်ဂယက်ရိုက်သွားတယ်။ နောက်မှ အဲဒီအကြံပေးတွေကို မထားတော့တာ။ ဒါကြောင့်လည်း အရည်အချင်းရှိပြီး တော်တဲ့လူငယ်တွေ အစိုးရအလုပ်ကို မရွေးကြတာလို့ မြင်တယ်’’ဟု ၎င်းကပြောသည်။

လက်ရှိ အီတလီဝန်ကြီးချုပ် မာတီယိုရန်ဇီမှာ အသက်(၃၉)နှစ်သာ ရှိသေးသည်။ ထိုင်းတွင် စစ်အာဏာသိမ်းမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ် ဖြုတ်ချခံရချိန်တွင် အသက်(၄၆)နှစ်သာ ရှိသေးသည်။ စင်ကာပူတွင် ၀န်ကြီးတာဝန်ထမ်းဆောင်သူများတွင် အသက်(၃၀)ကျော် လူငယ်များ ပါဝင်သည်။ ယခုနောက်ဆုံး ပြည်သူထောက်ခံမှုဖြင့် အင်ဒိုနီးရှားတွင် သမ္မတရွေးကောက်ခံရသော ဂျိုကိုဝီဒိုဒိုမှာ အသက်(၅၃)နှစ်ဖြစ်သည်။ အိမ်နီးချင်းနှင့် ကမ္ဘာ့နိုင်ငံများတွင် မျိုးဆက်သစ်များက အစိုးရခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသည့်အပြင် အစိုးရယန္တရားများတွင်လည်း လူငယ်ပညာတတ်များစွာ ပါဝင်လုပ်ကိုင်နေသည်။

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကျရောက်စဉ်က နိုင်ငံဝန်ထမ်းတာဝန်ထမ်းဆောင်လိုသူများမှာ အရာရှိအရာခံ အိုင်စီအက်စ် စာမေးပွဲဖြေဆိုအောင်မြင်ပြီးမှသာ အရာထမ်းလုပ်ကိုင်ခွင့်ရကြသည်။ ထိုစဉ်က အိုင်စီအက်အောင်မြင်လျှင် ရာဇ၀တ်အုပ်၊ တရားသူကြီး၊ မြို့ဝန်၊ အတွင်းဝန်တို့ ဖြစ်နိုင်သည်။

လွတ်လပ်ရေးရပြီးနောက် BCS အောင်မြင်သူများက ပြည်သူ့ဝန်ထမ်းများဖြစ်လာကြပြီး တော်လှန်ရေးကောင်စီမတက်မီ ၀န်ကြီးဌာနများတွင် အရေးပါဆုံး အမြဲတမ်းအတွင်းဝန်ရာထူးများကို ထမ်းဆောင်ကြသည်။ အများစုမှာ အရပ်သားပညာတတ်များဖြစ်ပြီး ၀န်ကြီးဌာန မူဝါဒများကို အစိုးရအကြီးအကဲတို့နှင့် ညှိနှိုင်းစီမံရသည်။

မြန်မာတွင် အစိုးရ၀န်ထမ်းများ အရည်အသွေးမပြည့်မီခြင်းက နိုင်ငံပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေပြီး အစိုးရသစ်ပြောင်းတိုင်းမူဝါဒများ ကမောက်ကမဖြစ်လေ့ရှိသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ၁၉ ကြိမ် ဖြစ်ပွားသော်လည်း စီးပွားရေးအပါအ၀င် ကဏ္ဍအားလုံးတွင် ပုံမှန်လည်ပတ်နေပြီး မြန်မာတွင်တော့ အရေးအခင်းတစ်ခုခုဖြစ်ပါက ဌာနဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းလေ့ရှိတတ်သည်။ ၀န်ကြီးတစ်ဦးတက်လာသည်နှင့် ဌာနဦးစားပေးလုပ်ငန်းများလည်း လိုက်ပါပြောင်းလဲသွားတော့သည်။

‘‘ထိုင်းက ၁၉ ကြိမ် အာဏာသိမ်းပေမယ့် အမြဲတမ်း အရပ်သားအစိုးရကို ပြန်အာဏာလွှဲပေးတယ်။ အာဏာသိမ်းတဲ့အချိန်က သိပ်မကြာတတ်ဘူး။ အစိုးရယန္တရားက ဘာမှထိခိုက်ပွန်းပဲ့တာမရှိဘူး။ ကျွန်တော်တို့ဆီမှာက အာဏာသိမ်းတာသုံးကြိမ်။ ပထမတစ်ကြိမ်က ၂ နှစ်၊ ဒုတိယတစ်ကြိမ်က ၁၉၆၂ ကနေ ၂၀၁၀ အထိပဲ။ အဲဒီလို အာဏာသိမ်းတဲ့ နေရာမှာအစိုးရဌာနတွေ၊ ၀န်ကြီးဌာနတွေမှာပါ တပ်မတော်က ၀င်နေရာယူပြီး၊ အာဏာသိမ်းတာမျိုးဖြစ်ခဲ့တာပါ။ အဲဒီစနစ်ကြောင့် ခေတ်ပညာတတ်တွေက အစိုးရအလုပ်ကို မရွေးကြတာကလည်း တစ်ကြောင်းပါတယ်’’ ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

အစိုးရဌာနများတွင် လုပ်ကိုင်သူများ အရည်အချင်းရှိရန်နှင့် ၎င်းတို့၏ မူလတာဝန်ဖြစ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရန် တိုင်းပြည်အတွက် အရေးကြီးသည့်အကြောင်းမှာ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ခံအစိုးရများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်လာမည်ဖြစ်သော်လည်း အုပ်ချုပ်ရေးယန္တရား၏ အဓိကမောင်းနှင်အားဖြစ်သော ဌာန၀န်ထမ်းများက ဘယ်အစိုးရတက်တက် ဆက်လက်လုပ်ကိုင်နေရမည့်သူများ ဖြစ်သောကြောင့် ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတတစ်ဦးတက်လာပါက နိုင်ငံရေးအရ အသစ်ခန့်အပ်ရသည့် ရာထူးပေါင်း နှစ်ထောင်ကျော်ရှိသည်။ အိုဘားမားလက်ထက်တွင် အထက်လွှတ်တော်က ခွင့်မပြု၍ ရာထူးပေါင်း ၆၀ ကျော် မခန့်အပ်နိုင်သေးပေ။ လက်ရှိခန့်အပ်ထားမှုများအနက် မြန်မာနိုင်ငံတွင် ညွှန်ကြားရေးမှူးချုပ်ရာထူးနှင့် အဆင့်တူသည့် Assistant Secretary (လက်ထောက်နိုင်ငံခြားရေးဝန်ကြီး)အများစုမှာ ပြင်ပအရပ်သားပညာရှင်အများစုဖြစ်သည်။

မြန်မာနိုင်ငံသို့ ယခုနှစ်တွင် လာရောက်သွားကြသည့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလီနောစကီးဆိုလျှင် ၀န်ကြီးအဖြစ် ခန့်အပ်မခံရမီက ၀ါရှင်တန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများအဖွဲ့ (Human Right Watch)တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အရှေ့အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒယ်နီရယ်ရပ်ဆဲလ်ဆိုလျှင် အရှေ့အာရှတစ်လွှားနှင့် အမေရိကန်ပြည်ထောင်စုကြား သံတမန်ရေးရာများကို ဆယ်စုနှစ်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် အိုဘားမားက လက်ထောက်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သူ ဖြစ်သည်။

‘‘တခြားနိုင်ငံအစိုးရတွေက ထူးချွန်သူတွေ၊ အရည်အချင်းရှိသူတွေဆို ဘယ်ကပဲဖြစ်ဖြစ် ပါဝင်ဖို့ဖိတ်ခေါ်တယ်။ ဒီမှာက လူထုအခြေပြုအဖွဲ့ဆိုရင် အစိုးရက ရန်သူလို့ မြင်တယ်။ သူတို့ယန္တရားမှာ ခေါ်ထည့်ဖို့မပြောနဲ့ လုပ်ပြနေတာတွေကိုတောင် အသိအမှတ်မပြုဘူး။ ဒီတော့ အရပ်ဘက်အဖွဲ့အစည်းကလူတွေ မြန်မာအစိုးရယန္တရားထဲပါဖို့ မလွယ်ဘူး’’ဟု တန်းတူညီမျှမှုကွန်ရက်မှ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောကြားသည်။

‘‘ပေးတဲ့လစာချင်း ယှဉ်ရင်တော့ အပြင်အလုပ်ကိုပဲ ဦးစားပေးလုပ်ချင်ကြတာပေါ့။ ဒါပေမဲ့လည်း အစိုးရအလုပ်ကို လူငယ်တွေ ၀င်လုပ်ချင်လာအောင်က သူတို့ရဲ့ Mind Set ကို ပြောင်းလဲဖို့လိုတယ်။ ဥပမာ အစိုးရက ဆရာဝန်တွေခေါ်တယ်။ အားလုံးကို ရန်ကုန်၊ မန္တလေးမှာပဲထားလို့ မဖြစ်နိုင်ဘူး။ တီးတိန်တို့၊ ဟားခါးတို့ကျတော့လည်း တချို့ကမသွားချင်ဘူး။ အစိုးရမှာလည်း ဒီပြဿနာရှိတယ်။ တစ်ဖက်မှာလည်း ဒီဝန်ထမ်းမျိုးဆက်သစ်တွေ အရည်အချင်းမြှင့်ဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရနဲ့ ၀န်ကြီးဌာနတွေပေါင်းပြီး နယ်တွေက အစိုးရ၀န်ထမ်းတွေကိုပါ အရည်အသွေးမြှင့် သင်တန်းတွေပေးတယ်။ ပြည်တွင်းရော ပြည်ပက UNDP လို ကုလသမဂ္ဂအဖွဲ့တွေလည်း လာပြီးပံ့ပိုးတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကလည်း သင်တန်းတွေပေးတယ်။ လူငယ်တွေကို နေရာပိုပေးဖို့၊ လုပ်ပိုင်ခွင့်ပိုပေးဖို့က ဘယ်သူမဆို Skillful ဖြစ်ရင်တော့ အသုံးဝင်မှာပါပဲ’’ဟု သမ္မတရုံးအမှတ် (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ အစိုးရ၀န်ထမ်းအများစုမှာတော့ စွမ်းဆောင်ရည်ချို့ယွင်းချက်များရှိကြောင်း သမ္မတနှင့် အစိုးရအဖွဲ့ကိုယ်တိုင် ၀န်ခံထားပြီး လုပ်ငန်းစွမ်းဆောင်ရည်သင်တန်းများ (Capacity Building) ကို ယခုအစိုးရသစ်လက်တွင် ၀န်ကြီးဌာနအချို့က အပူတပြင်းလုပ်ဆောင်လာကြသည်။ ထိုကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံခြားပညာသင်ဌာန ၁၀၅ ခုက ကမ်းလှမ်းသည့် ပညာတော်သင်ဆု ၃၆၄ ဆုအတွက် ၀န်ကြီးဌာနအသီးသီးမှ သင်တန်းသားတစ်ထောင်ကျော်ကို ယခုနှစ်အတွင်း ပညာတော်သင်စေလွှတ်ခဲ့သည်။

‘‘မြန်မာပြည်ပြန်လာပြီးရင် ဘာတွေလုပ်ရမလဲ။ တကယ် ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာလုပ်ပိုင်ခွင့်ကို အသုံးချမယ့်နေရာကို သူတို့ကပေးဦးမှ။ နိုင်ငံခြားက မြန်မာပညာတတ်တွေပြန်ချင်ပေမယ့် အားလုံးနီးပါးက ဒါကို အရမ်းစိုးရိမ်တယ်။ အကပ်မရှိရင် ဘာမှလုပ်လို့မရဘူးဆိုတာကိုလည်း ကြောက်ကြတယ်။ ဘယ်သူမဆို ကိုယ့်နိုင်ငံပဲ ကိုယ်ပြန်ချင်တာပေါ့။ ဒါပေမဲ့ အစိုးရအလုပ်ကိုတော့ စိတ်မကူးဝံ့ဘူး’’ဟု စင်ကာပူအစိုးရအခွန်ရုံးတွင် အခွန်အရာရှိအဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

၎င်းမှာ စင်ကာပူတွင် လစာလေးထောင်ကျော်ရသူဖြစ်ပြီး၊ မြန်မာပြည်ပြန်လာပါက ထိုလစာမရနိုင်သလို ဌာနတွင်းလုပ်ပိုင်ခွင့် ယခုကဲ့သို့ ရမည်မဟုတ်၍ အစိုးရအလုပ်လုပ်ဖြစ်မည်မဟုတ်ဟု ပြောပါသည်။

ယခုဆောင်းပါးအတွက် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများတွင် အလုပ်လုပ်နေသူများသို့ မေးမြန်းရာ အားလုံးက လုပ်ခလစာနည်း၍၊ ဌာန၏ ကြိုးနီစနစ်ကို သဘောမကျ၍၊ အခွင့်အလမ်းနည်း၍ အစိုးရဌာနတွင် မလုပ်လိုကြဟု ဖြေကြသည်။

နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေသော အရည်အချင်းရှိလူငယ်များကို နေရာမပေးသလို ဖြစ်ခဲ့သည့် ၀န်ထမ်းဖွဲ့စည်းပုံနှင့် ပညာရေးစနစ်အရည်အသွေးမပြည့်မီခြင်းတို့ကို ၀န်ထမ်းများ ပညာတော်သင်လွှတ်ရုံဖြင့် ချက်ချင်းအကျိုးမသက်ရောက်နိုင်သေးပါ။ တကယ်တော်သည့်သူများ အစိုးရအလုပ်လုပ်ချင်လာအောင် ဦးသိန်းစိန်အစိုးရက လစာကို နှစ်ကြိမ်တိုးပေးရုံဖြင့်လည်း မလုံလောက်ပါ။ အဓိကအချက်မှာ ရာထူးနှင့် လိုက်ဖက်သည့် လုပ်ပိုင်ခွင့်ကိုပေးရန်ဖြစ်ကြောင်း ဆောင်းပါးရှင်အောင်အောင်(IR)က သူ၏ ‘‘၀န်ထမ်းစွမ်းဆောင်ရည်နှင့် အစိုးရယန္တရား’’ဆောင်းပါးတွင် ရေးသားထားသည်။

‘‘အစိုးရအလုပ်က အခုထိ ဗျူရိုကရေစီဆန်တယ်။ လစာကလည်း မက်လောက်စရာမရှိ။ တက်လမ်းကလည်းကြာ။ အထက်ဖား အောက်ဖိ၊ အောက်ကလည်း မလုပ်မရှုပ်မပြုတ်၊ ဒီတော့ အားလုံးဟာ လှေကြီးထိုးရိုးရိုးပဲ။ ဘာမှ ပြုပြင်ဖန်တီးလို့လည်းမရ။ အထက်ကပြောတဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်လို့ ရိုက်သွင်းခံထားရတော့ စွန့်ဦးတီထွင်ချင်သူတွေ၊ အစွမ်းအစဖော်ထုတ်ချင်သူတွေက ဘယ်လုပ်ချင်မလဲ။ အခုခေတ် ပညာတတ်လူငယ်တွေက အဓိက အဲဒါတွေကိုတွေးကြတာ’’ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို လွတ်လပ်သည့် ရွေးကောက်ပွဲဖြင့် ပြင်ပအရပ်သားများလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အဆိုပါရွေးကောက်ပွဲသို့ တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားပညာတတ်များနှင့် အမျိုးသမီးအရေးလှုပ်ရှားသူများ၊ အငြိမ်းစားအစိုးရ၀န်ထမ်းများ စသည်ဖြင့် ကိုယ်စားလှယ်လောင်း ၀င်ရောက်လျှောက်ထားကြသည်။ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာမည့် စည်ပင်သာယာရေးကော်မတီနှင့် မြို့တော်ဝန် မည်သူဖြစ်မလဲဆိုတာ မကြာမီအဖြေပေါ်မည် ဖြစ်သည်။

ရန်ကုန်စည်ပင်ကဲ့သို့ပင် အခြားအစိုးရဌာနများတွင်လည်း အရည်အချင်းရှိသည့် ပြည်သူ့ဝန်ထမ်းများကို ပြည်သူထဲမှပင် ပြန်လည်ရွေးကောက်ခန့်ထားဖို့ အချိန်တန်ပါပြီ။ ခေတ်ပညာတတ်ပြီး အရည်အချင်းရှိသော လူငယ်မျိုးဆက်သစ်များ အစိုးရယန္တရားများတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်များ ပိုမိုခွဲဝေပေးရန်လိုကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၎င်း၏အမြင်ကိုပြောသည်။

‘‘လက်ရှိဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူတွေ အထူးသဖြင့် လူငယ်တွေကို အရည်အသွေးမြှင့်ပေး၊ လုပ်ပိုင်ခွင့်တွေ ပိုမိုခွဲဝေပေးရမှာပေါ့။ နိုင်ငံ့ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်ပေးနိုင်စွမ်းတွေကို အပြင်ကလူတွေ အားကျလာရင် အစိုးရအလုပ်ကို ရွေးချယ်တဲ့သူတွေ ပိုများလာမှာပေါ့။ လူငယ်တွေရဲ့ ဘ၀ရွေးချယ်မှုဟာ လစာငွေကြေးမြင့်မားမှု တစ်ခုတည်းအပေါ် မူတည်တယ်လို့ ကျွန်တော်မမြင်ဘူး’’။ ။


Popular Myanmar News Journal

0 comments:

Post a Comment