Friday, October 24, 2014

KIA အတွက်ဒေသခံ ပလောင်တိုင်းရင်းသူ(၅၀)ဦးအား လူသစ်အဖြစ် TNLA အဖွဲ့စုဆောင်း


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်နှင့် တာမိုးညဲမြို့နယ်အတွင်း၌ နေထိုင်သောဒေသခံ ပလောင် တိုင်းရင်းသူ (၅၀)ဦးအား အောက်တိုဘာ ပထမပတ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)အဖွဲ့မှ လူသစ် အဖြစ် စုဆောင်းသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။``ရှမ်းမြောက်ကနေ ကချင်ပြည်နယ်ထဲကို ခေါ်သွားတာဆိုတော့ KIA အဖွဲ့အတွက်စုဆောင်းပေးတာနေမှာပေါ့၊ ကိုယ့်အမျိုးအချင်းချင်းကို မငဲ့ဘူး၊ KIA ကိုမျက်နှာလိုမျက်နှာရနဲ့သွားပေးနေတာဖြစ်မှာပေါ့´´ ဟု တာမိုးညဲမြို့ခံ တစ်ဦးက ပြောသည်။

TNLA အဖွဲ့သည်ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် တာမိုးညဲမြို့နယ်များအတွင်း လှုပ်ရှားနေသော်လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကာကွယ်ပေးမှုမရှိသည့်အပြင် ဗဟိုဌာနချုပ်ပင် အထည်တကျ မရှိသော အဖွဲ့ငယ်သာဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ဒေသခံတိုင်းရင်းသားတစ်ဦးက ``ဂျေလိယန်မှာ စစ်သင်တန်းတက်နေတဲ့ ပလောင် အမျိုးသမီး (၅၀)ရှိတယ်၊ ဒီလ ၁၀ ရက်နေ့ လောက်ကမှစပြီး ဖွင့်တာလို့တော့သိရတယ်၊ သူတို့ KIA စစ်သားတွေဈေးဝယ် လာရင်း ပြောနေကြတာကြားတယ်၊ ပြီးရင်လိုင်ဇာမှာ ထာမယ်လို့ပြောတယ်´´ဟုဆိုသည်။

TNLA အဖွဲ့သည် ယခုကဲ့သို့ လုပ်ရပ်များကြောင့် KIA လက်အောက်ခံတပ်ဖွဲ့တစ်ဖွဲ့အဖြစ် ဝေဖန်ခံနေရပြီး ဒေသခံ ပလောင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ခြင်းက ပိုမိုသံသယဖြစ်စရာ ကောင်းနေကြောင်း နမ့်ခမ်းမြို့ခံ ကျောင်းဆရာတစ်ဦးကပြောသည်။

အဆိုပါအဖွဲ့သည် အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ပြီး ဖြစ်သော်လည်း KIA နှင့်အတူ ယနေ့အချိန်အထိ အပစ်မရပ်နိုင်သေးသော လက်နက်ကိုင်အဖွဲ့ငယ် တစ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

ကောင်းစံ(ရှမ်း/မြောက်)
Kachin Daily News

0 comments:

Post a Comment