Friday, October 31, 2014

IS အုပ်စုများကို တိုက်ခိုက်ရန် အီရတ်ကာ့ဒ်တပ်ဖွဲ့များ ဆီးရီးယားသို့ ပထမဆုံး ဝင်ရောက်


ဆီးရီးယားနိုင်ငံ၏ မဟာဗျူဟာကျသော နယ်စပ်ဒေသမြို့ ဖြစ်သည့် ကိုဘာနီရှိ အစ္စလာမ္မစ် အစွန်းရောက် IS အုပ်စုများကို တိုက်ခိုက်ချေမှုန်းရန် အီရတ်နိုင်ငံမှ ကာ့ဒ်တပ်ဖွဲ့ဝင်များ ပထမဆုံးအဖြစ် ယင်းနိုင်ငံထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ ကိုဘာနီမြို့ကို အစွန်းရောက် IS အုပ်စုများ ဝိုင်းရံထားသည်မှာ ရက်ပေါင်း ၄၀ ခန့် ကြာမြင့်သွားပြီ ဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်တို့က လေကြောင်းမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အမာခံစခန်းများကို ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။

အဆိုပါမြို့ကို တိုက်ခိုက်သိမ်းပိုက်ရေး ဟူသည်မှာ အမေရိကန် ဦးဆောင်သော IS အုပ်စု တိုက်ခိုက်နှိမ်နင်းရေးအတွက် ကြီးမားသော စမ်းသပ်မှုကြီးတစ်ခု ဖြစ်လာကြောင်း၊ အီရတ်မှာ ကာ့ဒ်တပ်ဖွဲ့ဝင်များသာမက တူရကီမှ ပက်ရှ်မာဂါ တိုက်ခိုက်ရေးသမားများလည်း ယင်းကိုဘာနီမြို့ကို ဝိုင်းရံထားသည့် IS အုပ်စုများကို ချေမှုန်းရန် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆီးရီးယားနှင့် အီရတ် နယ်စပ်ဒေသသို့ ရောက်ရှိနေသော နိုင်ငံတကာ သတင်းထောက်များက ပြောကြားသည်။

IS အုပ်စုများသည် ပက်ရှ်မာဂါတပ်ဖွဲ့များ တူရကီဘက်မှ ရောက်ရှိလာသည် ဟူသော သတင်းကြားသည့် အချိန်မှစ၍ တိုက်ခိုက်မှုများကို တိုးမြှင့်လာခဲ့ကြသည်။

“IS အကြမ်းဖက်အုပ်စုတွေက ကိုဘာနီကို တူရကီဘက်က တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးကတည်းက နယ်စပ်ဒေသ ဂိတ်ပေါက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြတယ်။ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ကြတာ။ ဒါပေမဲ့ ထိရောက်မှုတော့ သိပ်မရှိလှဘူး” ဟု ကိုဘာနီခရိုင်မှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဒရစ်နာဆန်က ပြောကြားသည်။

ကိုဘာနီကို ရောက်နှင့်နေပြီး ဖြစ်သော ပက်ရှ်မာဂါတပ်ဖွဲ့များသည် တူရကီမှ ရောက်ရှိလာမည့် လက်နက်ထောက်ပံ့ရေး ယာဉ်တန်းများနှင့် တပ်ဖွဲ့ဝင်များအတွက် လုံခြုံရေးပေးလျက် ရှိသည်။

“IS တွေက အမြောက်ကြီးတွေနဲ့ပစ်တယ်။ ဒီဘက်ကလည်း ပြန်ပစ်တယ်။ အချိန်အများကြီးယူပြီး တိုက်ခိုက်ရလိမ့်မယ်” ဟု ၎င်းကပြောသည်။

အမေရိကန် စစ်ဘက်ကွပ်ကဲရေး ဌာန၏ အဆိုအရ အမေရိကန် လေယာဉ်များသည် ဗုဒ္ခဟူးနေ့မှ စတင်ကာ ကိုဘာနီ အနီးတစ်ဝိုက်ရှိ အစွန်းရောက်အုပ်စုများကို လေကြောင်းထိုးစစ်ဆင်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုးစစ်ကြောင့် အကြမ်းဖက်သမားတို့၏ စစ်စခန်းငယ်များနှင့် အဆောက်အအုံ ငါးခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

ဆီးရီးယားတွင် ဖြစ်ပေါ်နေသော IS နှိမ်နင်းရေး စစ်ပွဲအပါအဝင် အာဏာရှင်သမ္မတ ဘာရှာအာဆတ် ဆန့်ကျင်ရေး စစ်ပွဲများကြောင့် လူပေါင်း ၂ သိန်းကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

The Voice Weekly

0 comments:

Post a Comment