Wednesday, October 29, 2014

ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရန် KNU ဆုံးဖြတ်


ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ ပူးပေါင်း ဖွဲ့စည်း ထားသည့် ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရောက်ရန် ယမန်နေ့က ကျင်းပ ပြီးစီးခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် KNU ကွန်ကရက် တွင်သာ အတည်ပြု ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း KNU မှ သတင်း ရရှိသည်။ ယခု လ (၂၃) ရက်နေ့မှ စတင်၍ ကရင် အမျိုးအစည်း အရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးကို KNU ဌာနချုပ် ရှိရာ လေးဝါးတွင် ပြုလုပ် ခဲ့ပြီး၊ ယင်း အစည်းအဝေး ပွဲတွင် KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ဆက်လက် ပါဝင် သင့်ကြောင်းနှင့် ကော်သူးလေ တပ်မတော်ထဲသို့ ၀င်ရောက်သင့် မ၀င်ရောက်သင့် အဓိကထား ဆွေးနွေးခဲ့ကြောင်း KNU ထံမှ သိရသည်။ကော်သူးလေ တပ်မတော်ကို မ၀င်ရောက်ဖို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ မဖြစ်ဖို့ ဗိုလ်ချုပ်ကြီး ဂျော်နီ ဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူ သွားမယ် ဟု KNU ဗဟို အလုပ်မှုဆောင် တစ်ဦးက The Messenger Media သို့ ပြောသည်။ ယခုလ (၂၈)ရက် နေ့က ပြုလုပ်သော KNU ဗဟို ကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်မှ ယာယီ ထပ်မံ နုတ်ထွက်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း KNU မှ သိရသည်။

ကျွန်တော်တို့ ကတော့ ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်စေ ချင်တယ်။ တစ်ပေါင်းတည်း ဖြစ်စေ ချင်တယ်။ ကရင် ပြည်နယ် အကျိုးအတွက် ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေ စည်းလုံးစေ ချင်တယ်။ ဗိုလ်ချုပ်ကြီး ဂျော်နီ ခေါင်းဆောင်တဲ့ အဖွဲ့ကိုလည်း ကြိုဆို တယ်။ ကရင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေရင် လူကြားလို့ ဘယ်ကောင်းမလဲ ဟု KNU/KNLA-PC ဗဟို တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောနဂါးလေးက The Messenger Media သို့ ပြောသည်။

ကော်သူးလေ တပ်မတော်အား ယခုလ (၁၃) ရက်နေ့တွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA-PC တို့မှ ထိပ်ပိုင်း ခေါင်းဆောင်များက ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့က ကော်သူးလေ တပ်မတော် အဖြစ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ကချင် အမျိုးသား အစည်းအရုံး (KKNO) က လေးစား ဂုဏ်ယူမိကြောင်း ယခုလ (၁၅) ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန် ကြေညာခဲ့ပြီး၊ ကရင်လူမှု အဖွဲ့ အစည်းများ ကလည်း ကြိုဆိုကြောင်း ဖော်ပြခဲ့ ကြသည်။ သို့ရာတွင် KNLA နှင့်KNDO တို့မှ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်ဦးစီးချုပ် တို့၏ သဘောထားမှာ ၎င်းတို့၏ ကိုယ်ပိုင် သဘောထားများ ဖြစ်ပြီး၊ KNU တစ်ဖွဲ့လုံး၏ သဘောထား မဟုတ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။


Messenger News Journal

0 comments:

Post a Comment