Tuesday, October 28, 2014

KIA ဖမ်းဆီးခံ မှော်လုပ်သား(၅၀)ကျော် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာ


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီး သွားသော မှော်လုပ်သား(၅၀)ကျော်သည် အောက်တိုဘာ ၂၇ ရက်နေ့တွင် ဒဏ်ငွေပေးဆောင်ပြီး ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

အဆိုပါမှော်ဒေသတွင် ပယင်းမှော်၊ ချမ်းသာကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ ပိန်းနွဲကုန်းမှော်၊ နဂါးအိုင်မှော်၊ လဘူခမှော်စသဖြင့် ပယင်းကျောက်နှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့မှ မှော်လုပ်သားများ အား အချိန်မရွေး ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။``ဖမ်းသွားတာကတော့ ကြာပါပြီ၊ အခုမှ ပြန်လွတ်လာတာ၊ အစတုန်းကတော့ လူသစ်လုပ်ဖို့ ဖမ်းသွားတာပါ၊ အစိုးရတပ်တွေ ၀င်လာတာနဲ့ Online ပေါ်မှာ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်´´ ဟု တနိုင်းမြို့ခံတစ်ဦးက ပြောသည်။

KIA ဖမ်းဆီးခံ မှော်လုပ်သားများသည် တောထဲတောင်ထဲတွင် သွားလာခဲ့ရပြီး KIA အဖွဲ့ လှုပ်ရှားနေထိုင်ရာ စခန်းများ၌ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရကြောင်း၊ ညပိုင်းတွင် ကြိုးတုပ်ချုပ်နှောင်ထားကြောင်း၊ ထိုသို့ ဖမ်းဆီး ထားစဉ် ထမင်းပင် ၀လင်အောင်မစားရကြောင်း ပြန်လည်လွတ်မြောက်လာသော မှော်လုပ်သားတစ်ဦးက ပြော သည်။

``သူတို့စစ်သားတွေလဲ အနေအထိုင်ဆင်းရဲပါတယ်၊ ထမင်းဟင်းတောင် ၀အောင် မစားရဘူး၊ တွေ့တဲ့ရွာတွေ ကို ၀င်ပြီး ဆန်တောင်း၊ ဆီတောင်း စားနေရတာ၊ ကျွန်တော်တို့ကိုလည်း ကြာကြာ ကျွေးမထားနိုင်တော့လို့ ငွေ တောင်းပြီး ပြန်လွှတ်ပေးတဲ့ သဘောပါ´´ ဟု တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်လုပ်သား ကိုဝင်းရွှေက ပြောသည်။

KIA ဖမ်းဆီးခံရသော မှော်လုပ်သား(၅၀)တွင် အရွယ်မရောက်သေးသော လူငယ်များလည်း ပါဝင်နေပြီး မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း၊ မှော်လုပ်သားတစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေ(၅၀၀၀၀)ကျပ်စီ ပေးခဲ့ရကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)
Kachin Daily News

0 comments:

Post a Comment