Tuesday, October 28, 2014

သင်းအုပ်ဆရာများကို နိုင်ငံရေးလက်နက်အဖြစ် KIA အဖွဲ့ အသုံးချနေ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၂)ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ၀တ်ပြုဆုတောင်းရန် တက်ရောက်လာသော ဒေသခံများအား အောက်တိုဘာ ၂၆ ရက်နေ့တွင် သင်းအုပ် ဆရာမှ ၀ါဒဖြန့်ချိရေးစကားများ ဟောပြောစည်းရုံးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါဝတ်ပြုဆုတောင်းပွဲသို့ ဖားကန့်မြို့ပေါ်နှင့် ဆိပ်မူကျေးရွာများမှ သင်းအုပ်/သင်းထောက် ဆရာများ၊ ခရစ်ယာန်နှစ်ခြင်းအသင်းဝင်များ စုစုပေါင်းအင်အား ၁၅၈ ဦးခန့်ဖြင့် နံနက် ၁၀ နာရီမှ ၁၀ နာရီခွဲချိန်ထိ ၀တ်ပြု ဆုတောင်းခဲ့ပြီးနောက် သင်းအုပ်ဆရာ ဦးရှောလမုန်မှ ဘာသာရေးနှင့် မသက်ဆိုင်သော စကားများပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

``ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေရာမှာ သမ္မာကျမ်းစာ အကြောင်းကိုပဲ ပြောသင့်တာပေါ့၊ အခုလို ဘာသာရေး လုပ်တဲ့အချိန်မှာ ဘာသာဝင်တွေကို အခြားနိုင်ငံရေး၊ လူမျိုးရေးဆန်တဲ့ စည်းရုံးဟောပြောမှုတွေ မလုပ်သင့်ဘူး လို့ မြင်ပါတယ်´´ ဟု ရက်ကွက်(၂)၌ နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ခန်းမဆောင်ထဲတွင် သင်းအုပ်ဆရာမှ ငြိမ်းချမ်းရေးသည် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် အရင်း အမြစ်များပေါင်းစည်းမှုကို အာမခံပေးမည့် စစ်မှန်သော ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးမှသာ ကချင် လူမျိုးများ၏အရေးကိစ္စအား ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ စစ်ပွဲများဖြစ်ပွားခြင်းမှာ ပြည်သူများ၏ အသက်အိုး အိမ်နှင့် စာဝတ်နေရေးအခြေအနေများအား ဖျက်ဆီးနေကြောင်း၊ များစွာသော လူငယ်များသည် အသက်မွေး ၀မ်းကျောင်း အခွင့်အလမ်းမရှိခြင်းမှာ အစိုးရကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း၊ ကိုယ့်ပြည်နယ်ကို ကာကွယ် ရန် KIA အဖွဲ့ထဲတွင် အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်သင့်ကြောင်း ပြောဆိုစည်းရုံးခဲ့သည်ဟု သိရသည်။

အလားတူ ဖားကန့်မြို့ မှော်ဝန်းရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ အောက်တို ဘာ ၁၉ ရက်နေ့တွင် ဘုရားကျောင်းလာတက်သော ဒေသခံကချင်လူငယ်များအား သင်းအုပ်ဆရာ ဦးဘရန် လတောင်မှ KIA အဖွဲ့ထဲသို့ဝင်ရန် ဖိအားပေးပြောဆိုခဲ့ကြောင်း သိရသည်။

``သင်းအုပ်ဆရာတွေက ဒေသခံတွေကို KIA အဖွဲ့ထဲဝင်ဖို့ စည်းရုံးတာ ဘာသာရေးရှု့ထောင့်ကကြည့်ရင် တော့ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စပေါ့၊ ဒါပေမယ့် KIA အဖွဲ့က သင်းအုပ်ဆရာတွေကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချနေတာလည်း ဖြစ်နိုင်ပါတယ်´´ ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ထွန်းနေအောင်(ဖားကန့်)

0 comments:

Post a Comment