Wednesday, October 29, 2014

မြတ်ဗုဒ္ဓ ဟောကြားသော ဒါနအကျိုးငါးမျိုး

ဗဝသာလီပြည်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ဆည်း ကပ်၍ ဤသို့လျှောက်လေ၏။

''မြတ်စွာဘုရား၊ ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်ပါမည်လားဘုရား''

ဤသို့မေးလျှောက်သော အခါ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူသည်။

''သီဟ၊ ဒါန၏ မျက်မှောက်ခံစားရသောအကျိုးကို ပြဆိုနိုင်၏။
(၁) ပေးလှူသောသူသည် လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကိုခံရ၏။
(၂) ပေးလှူသောသူကို သူတော်ကောင်းများ ဆည်းကပ်ကြ၏။
(၃) ပေးလှူသောသူသည် ကောင်းသောဂုဏ်သတင်း ကျော်စောခြင်းရှိ၏။
(၄) ပေးလှူသောသူသည် မည်သည့်ပရိသတ်သို့မဆို ဝင်ရောက်လျှင် ရဲဝံ့ရွှင်ပျစွာ ဝင်ရောက်၏။
(၅) ပေးလှူသောသူသည် သေလွန်သောအခါ နတ်ရွာဂတိသို့ လားရ၏။''ဤသို့မိန့်တော်မူသောအခါ သီဟစစ်သူကြီးက-


''မြတ်စွာဘုရား၊ မြတ်စွာဘုရားမိန့်ကြားတော်မူသည့် ဒါန၏ မျက်မှောက်အကျိုးငါးမျိုးအနက် ရှေ့ လေးမျိုးကို တပည့်တော်ယုံကြည်လက်ခံခြင်းမှာ မြတ်စွာဘုရားကို ယုံကြည်သောကြောင့် မဟုတ်ပါ။ တပည့်တော်သိသောကြောင့်ဖြစ်ပါ၏။ တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင်တစ်ယောက် ဖြစ်ပါသည်။ လူအများသည် တပည့်တော်ကို ချစ်ခင်မြတ်နိုးကြပါသည်။ သူတော်ကောင်းတို့သည် တပည့်တော်ထံ ဆည်းကပ်ကြပါသည်။ တပည့်တော်သည် ကောင်းသောဂုဏ်သတင်း ကျော်စောသူ ဖြစ်ပါသည်။ မည်သည့်ပရိသတ်သို့မဆို ဝင်လျှင် ရဲဝံ့ရွှင်ပျစွာဝင်ရပါသည်။

(ပဉ္စကအင်္ဂုတ္တိုရ်၊ သီဟသေနာပတိသုတ်)

ဤလောက၌ လူအမျိုးမျိုးစိတ်အထွေထွေ စရိုက်အဖုံဖုံရှိပါသည်။ သူ တစ်ပါးအား ပေးကမ်းထောက်ပံ့လိုသော သဒ္ဓါတရားအားကောင်းသူတွေရှိသလို သဒ္ဓါတရားအားနည်းသူတွေလည်းရှိပါ၏။ အချို့သူတွေက သူတို့၏လက်တွေကို အမြဲ ''ဆုပ်''ထား၏။ ဘယ်တော့မှမဖြေ။ အစဉ်သဖြင့် သူတို့အတွက် ရယူဖို့ သိမ်း ပိုက်ဖို့ချည်း အားထုတ်၏။ သူတစ်ပါးအပေါ် လူသားချင်း ငဲ့ညှာထောက်ထားစိတ်ဖြင့် စွန့်လွှတ်ဖို့ ပေးကမ်းဖို့ စိတ်မကူး။ သည်လိုလူတွေက သဲကန္တာရနှင့် ပမာတူပါသည်။ သဲကန္တာရတို့မည်သည် သူနှင့်ထိစပ်ရာအရည်မှန်သမျှကို တစ်စက်မျှမချန် စုပ်ယူ မျိုချသည်။ သူ့ထံမှမူ မည်သည့်အရာမျှ ပြန်မထွက်။ အမြဲ ပူပြင်းခြောက်သွေ့နေ သည်။ ထိစပ်ပတ်သက်သော လူနှင့် သက်ရှိသတ္တဝါအားလုံးအား အပူဓာတ်ကိုသာ ပေးပြီး မောပန်းနွမ်းနယ်စေသည်။ ဝိသမလောဘအားကြီးပြီး သဒ္ဓါတရားအား နည်းလွန်းသူတို့သည်လည်း ရှာဖွေရရှိထားသောဥစ္စာပစ္စည်းတို့ကို မက်မောကြီးစွာ ထုပ်ထုပ်ပိုက်ပိုက်လုပ်၏။ ဘာသာသာသနာအတွက် လူအများအတွက် စွန့်လွှတ် လှူဒါန်းရန်မူ တွန့်ဆုတ်တတ်ကြပါသည်။ သူ၏ရင်ထဲ၌ရှိသော လောဘနှင့်မစ္ဆရိယ တို့က အမြဲတမ်း ကန့်ကွက်နေသောကြောင့် ''ဒါနမှု''မပြုဖြစ်။

အချို့သူတွေကမူ သူတို့၏လက်တွေကို အမြဲဆုပ်မထားကြပါ။ အခါ အားလျော်စွာ ဖြန့်ထုတ်သည်။ သူတစ်ပါးထံမှ ရယူဖို့ သိမ်းပိုက်ဖို့ချည်း အားမထုတ်၊ စွန့်လွှတ်ဖို့ ပေးကမ်းဖို့အတွက်လည်း အားထုတ်သည်။ သည်လိုလူတွေက မိုး ကောင်းကင်နှင့် ပမာတူသည်။

မိုးကောင်းကင်တို့မည်သည် မြစ်ချောင်း ပင်လယ် သမုဒ္ဒရာတို့မှစုပ်ယူထားသော ရေခိုးရေငွေ့များကို မိုရေစက်များအဖြစ် ကမ္ဘာမြေ အပြင်သို့ သွန်ချရွာသွန်းသည်။ သည်မိုးရေစက်များကြောင့် လူတို့စိုက်ပျိုးရာသီးနှံ ပင်များနှင့် သစ်ပင်ပန်းပင်များ ဖွံ့ဖြိုးကြီးထွားသည်။ တောတောင်ရေမြေ လူနေ ဒေသများ စိမ်းလန်းစိုပြည်သည်။ မိမိတို့ တရားသဖြင့်ရှာဖွေရရှိထားသော ငွေ ကြေးဥစ္စာများကို မိမိတစ်ဦးတည်းအတွက်သာ သုံးစွဲမှုမပြုမူလျက် ဘာသာသာ သနာအတွက် နွမ်းပါးချို့ငဲ့သူများအတွက် ပြန်လည်ပေးကမ်းစွန့်လွှတ်သူများသည် သူတို့ရင်ထဲရှိ လောဘမစ္ဆရိယမည်သော သံသရာအောက်ဆွဲအားများကို ဒါနမှုဖြင့် တွန်းလှန်တိုက်ခိုက်နေသူများဖြစ်ပါသည်။ စွန့်လွှတ်လှူဒါန်းပေးကမ်းခြင်းဟူသော ဒါနလက်နက်ဖြင့် လောဘနှင့်မစ္ဆရိယတို့ကို ပါးလျားအောင် လှီးဖြတ်သုတ်သင် နေသူများလည်း ဖြစ်ပါ၏။

ဤလောက၌ 'အယူ' နှင့် 'အပေး'ဟူ၍ရှိရာ အယူချည်းသာဖြစ်၍ အပေး မရှိသော သူ၏ဘဝသည် မမွန်မြတ်လေပါ။ တန်ဖိုးလည်းမရှိလေပါ။ အဘယ်ကြောင့် ဆိုသော် သူ၏ အားထုတ်ကြိုးပမ်းမှုသည် အတ္တဟိတတွင်သာ လမ်းဆုံးနေသော ကြောင့် ဖြစ်ပါ၏။ အတ္တဥခွံကျဉ်းကျဉ်းလေးတွင်သာ ကျင်လည်နေသော သူ၏ ဘဝသည်လည်း ကျဉ်းမြောင်းသည်နှင့်အမျှ ဂုဏ်ရောင်မပြောင်ရွှန်းပါ။ လူရိုသေ ရှင်လေးစားသော ဘဝမျိုးလည်း မဟုတ်လေပါ။

လောက၏ ဧည့်သည်အဖြစ်နေစဉ်အခိုက် ရရှိထားသောဘဝကို အဓိပ္ပာယ် ရှိသောဘဝ၊ တန်ဖိုးမြင့်မားသောဘဝ၊ ဂုဏ်သိက္ခာရှိသောဘဝဖြစ်လိုသော် အယူ ချည်းသာရှိသော ''အတ္တဥခွံ''ကျဉ်းကျဉ်းကလေးထဲက ဖောက်ထွက်ရပေလိမ့်မည်။ စင်စစ် လောဘအရှိန်ဖြင့် အယူချည်းသာရှိနေပြီး စွန့်လွှတ်ပေးကမ်းမှုမပြုဘဲ စုဆောင်းရရှိထားသော ငွေကြေးဥစ္စာတို့ကို တိမ်းပါးကွယ်လွန်သောအခါ အားလုံး ကို ထားချန်ရစ်ခဲ့၊ စွန့်လွှတ်ခဲ့ရပေသည်။ တစ်ပြားတစ်ကျပ်မျှပင် တမလွန်သို့ယူ ဆောင်သွား၍ မရပါပေ။ ကွယ်လွန်သောအခါ ထားချန်ရစ်ခဲ့ရမည့် ငွေကြေးဥစ္စာ တို့ကို မကွယ်လွန်မီ ''ဒါန''ပြုခြင်းအားဖြင့် တမလွန်သို့တိုင် လိုက်ပါအကျိုးပေးမည် ''ကိုယ်ပိုင်ဥစ္စာ''အဖြစ် ပြောင်းလဲသင့်ပါသည်။


ဆရာတော် ဦးဇောတိက က-

''အဖိုးတန်ပစ္စည်းတွေဝယ်ထားရုံနဲ့ အဖိုးတန်ပစ္စည်းတွေသုံးနေရုံနဲ့ လူ့ အဖိုးတန်မဖြစ်ဘူး။ လူ့အဖိုးတန်ဖြစ်ချင်ရင် လူတွေကို ကောင်းကျိုးပြုတဲ့အလုပ်ကို လုပ်မှပဲရတယ်''ဟု ဆုံးမတော်မူခဲ့ပါသည်။ လောကီစည်းစိမ်အမျိုးမျိုး ခံစားနေ နိုင်ရုံမျှဖြင့် လူ့အဖိုးတန် မဖြစ်နိုင်ပါ။ အမျိုး ဘာသာ သာသနာအပေါ် ချစ်မြတ် နိုးစိတ်ဖြင့် အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်စေရန်ရည်ရွယ်ပြီး လှူဒါန်း မှသာ လူ့အဖိုးတန်ဖြစ်နိုင်ပါသည်။ လူအများ၏ ပညာရေး ကျန်းမာရေးတွေအတွက် စွမ်းနိုင်သမျှ ကူညီထောက်ပံ့မှသာ လူ့အဖိုးတန်ဖြစ်နိုင်ပါသည်။ မိမိပတ်ဝန်းကျင်မှ လူအများ နှလုံးစိတ်ဝမ်းချမ်းမြေ့စေမည့် စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု စွန့်လွှတ်ပေးကမ်းမှုများကိုပြုနိုင်မှသာ ''အတ္တဥခွံ''ကျဉ်းကျဉ်းကလေးထဲမှ ရုန်းထွက် နိုင်သော လူ့အဖိုးတန် ပရဟိတသမား ဖြစ်နိုင်ပေမည်။

လူအတော်များများက ''ကြွယ်ဝချမ်းသာမှသာ လှူနိုင်မည်''ဟု ယူဆ တတ်ကြပါသည်။ ယေဘုယျအားဖြင့်မူ ထိုစကားသည် မှန်ပါ၏။ သို့တစေ 'ဒါန' တွင် 'ဝတ္ထုဒါန'နှင့် 'စေတနာဒါန'ဟူ၍ နှစ်မျိုးရှိရာ နှစ်မျိုးစလုံးပြည့်စုံမှသာလျှင် ဒါနတစ်ခုဖြစ်မြောက်ပါသည်။ ဤဒါနနှစ်မျိုးတွင် 'စေတနာဒါန'က လိုရင်းဖြစ်ပါ၏။ မြတ်စွာဘုရားက (တိကအင်္ဂုတ္တိုရ်၊ ဒုပဏ္ဏာသက၊ ဗြဟ္မဏဝဂ်၊ ဝစ္ဆဂေါတ္တသုတ်)၌ 'စေတနာဒါန'နှင့်စပ်လျဉ်း၍ ဤသို့ ဟောကြားတော်မူခဲ့ပါသည်။

''ဝစ္ဆ၊ ငါဘုရားသည် စင်စစ်အားဖြင့် ဤသို့ဟော၏။

အိုးခွက်ဆေး သောရေများကို ရေအိုင်ရေမြောင်းထဲတွင် သွန်ပစ်ရာ၌ပင် 'ရေအိုင်ထဲ မှာရှိသောပိုးမွှားတွေ စားကြပါစေ'ဟူသော စိတ်စေတနာဖြင့် သွန်ပစ် လျှင် ယင်းသို့ အိုးခွက်ဆေးသောရေကို စေတနာဖြင့် သွန်ပစ်ခြင်းဟူ သောအကြောင်းကြောင့် ကုသိုလ်ကောင်းမှုဖြစ်သည်ဟု ငါဘုရားဟော တော်မူ၏။''

အထက်ပါ ဘုရားရှင်၏ ဟောကြားတော်မူချက် အရ ငွေကြေးမချမ်းသာ သောကြောင့် မလှူဒါန်းနိုင်ဟု အားငယ်စရာမလိုပါ။ နှလုံးသားထဲ၌ စေတနာ ကောင်းသော သန့်သန့်စင်စင်တည်ကိန်းပါလျှင် ငွေကြေးမချမ်းသာစေကာမူ၊ တစ်နိုင်တစ်ပိုင်ပြုနိုင်သော ဒါနကောင်းမှုများရှိနေသည်သာဖြစ်ပါ၏။

လုံးသား၌ သဒ္ဓါတရားတည်ကိန်းသူအဖို့ လှူစရာတွေရှိနေကြောင်း ကို ရဟန္တာဟုအကျော်အစောရှိတော်မူခဲ့သော ဘုန်းတော်ကြီးဦးသီလက ရွှေကျင် မြို့ သိမ်သမုတ်ပွဲကြွရောက်ခဲ့စဉ်က ဤသို့ မိန့်တော်မူခဲ့ပါ၏။

ဘုန်းတော်ကြီး ။ ။ မင်းတို့တောင်ပေါ်မှာ ချမ်းသာတဲ့လူပေါကြရဲ့လား။
ဒကာများ ။ ။ မပေါပါဘုရား။ ဆင်းရဲတဲ့လူတွေပဲ များပါတယ်။
ဘုန်းတော်ကြီး ။ ။ ရေမိုးရော ပြည့်စုံကြရဲ့လားကွယ်။
ဒကာများ ။ ။ ပြည့်စုံပါတယ်ဘုရား။ ရေလဲ အင်မတန်ကောင်းပါတယ်။
ဘုန်းတော်ကြီး ။ ။ အိမ်း- ဒါဖြင့် နေရာကျသားပဲ။ မင်းတို့ ဆင်းရဲတဲ့ ကရင် ဒကာတွေ ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်ရအောင် ဘုရားကို နေ့တိုင်း ရေတစ်ခွက်နှစ်ခွက် လှူကြ။ ကြားလား။

ဒကာများ ။ ။ မှန်ပါ့ဘုရား။

ဘုန်းတော်ကြီး ။ ။ ဒါန ဘာခက်သလဲကွဲ့။ ပန်းမပွင့်တဲ့အခါမျိုး သစ်ခက် သစ်ညွန့်ကလေးတွေချိုးပြီး လှူ။ ဖယောင်းတိုင်မဝယ်နိုင် တဲ့အခါ ကောက်ရိုးတွေစည်းပြီး ဘုရားကို မီးပူဇော်ကြ။ ကဲ-ကဲ ငါးပါးသီလယူပြီး ပြန်ကြ။

စေတနာကောင်းအရင်းခံဖြင့်ပြုအပ်သော ဒါနကောင်းမှုမှန်သမျှ ကောင်း ကျိုးပေးမည်သာဖြစ်ပါ၏။ ဆရာကြီး ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူး စာအုပ်ကြီး၌ ယဉ်ကျေးမှုအရာရှိဦးကျော်ဝင်းက ငှက်ကလေးတွေကို ဆန်လက် တစ်ဆုပ်လှူသောကြောင့် ရသောဒါနအကျိုးကို ဤသို့ ရေးသားခဲ့ပါသည်။

''ကျွန်တော်ကတော့ ဝတ်တစ်ခုလုပ်ထားတယ်။ မနက် အိပ်ရာကထ တာနဲ့ ဆန်အိုးထဲက ဆန်လက်တစ်ဆုပ်ယူပြီး အစာရှာထွက်လာစ ကျီးတွေငှက်တွေ ကိုကျွေးတာ အနှစ်နှစ်ဆယ်ရှိပြီ။ မျက်နှာသစ်ယင်း အရပ်ဆယ်မျက်နှာ မေတ္တာပို့ ရင်းနဲ့ သူတို့လေးတွေ ဝမ်းသာအားရ စားနေကြတာကြည့်ပြီး ဖြစ်ရတဲ့ ပီတိဟာ အလွန်မြိန်တာကလား။ သစ္စာဆိုလို့ရအောင် နေ့စဉ်ဝတ်ထားပြီးလုပ်တာပဲ။

သိသာထင်ရှားလာတာကတော့ ဒီတစ်သက်မှာ ဘယ်နည်းနဲ့မှ ကျွန်တော့် အတွက် ငတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒုဗ္ဘိကန္တရကပ်မဆိုက်ရောက်နိုင်ဘူးဆိုတဲ့ သာဓကကို အကြိမ်ကြိမ် ကိုယ်တိုင်တွေ့ကြုံရတဲ့အပြင် စီးပွားရေးမှာလဲ အဆင်မပြေ တာရယ်လို့ မရှိခဲ့ဖူးဘူး။ တစ်နည်းနည်းနဲ့ လွယ်ကူပြေလည်သွားတာချည်းပဲ။ အဲ သီလသမာဓိရှိတဲ့သူတော်ကောင်းတွေကို ကျွေးမွေးလှူဒါန်းရလျှင် ဘယ်လောက် အကျိုးကြီးတယ်ဆိုတာ ကျီးတွေငှက်တွေက ဟောတာနဲ့ ကျွန်တော်အများကြီး သဘောပေါက်သွားပြီ။''

နေ့စဉ်နှင့်အမျှ တစ်နိုင်ဒါနကောင်းမှုများကိုပြုသော် မြတ်စွာဘုရား အာမခံတော်မူသောအလှူဒါနအကျိုးငါးမျိုးကို ရရှိခံစားနိုင်ပါလိမ့်မည်။

TheFlowerNews

0 comments:

Post a Comment