Friday, October 31, 2014

ထိပ်သီးဆွေးနွေးပွဲမှာ တိကျရေရာသောရလဒ် ထွက်ပေါ်လာခြင်းမရှိ၊ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ကိစ္စကို ဆုပ်ကိုင်ထားဆဲဟုပြော


လက်ရှိအစိုးရသက်တမ်းအတွင်း ပထမဆုံးအကြိမ်ပြုလုပ်သော နိုင်ငံရေးအင်အားစု ငါးစုမှ ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတအိမ်တော်တွင် အောက်တိုဘာ ၃၁ ရက်က ကျင်းပစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

တစ်ဦးလျှင် ဆယ် မိနစ်သာ ဆွေးနွေးခွင့်ရသည့် နိုင်ငံရေးအင်အားစု ငါးဖွဲ့မှ ခေါင်းဆောင် ၁၄ ဦးတွေ့ဆုံပွဲသည် တိကျရေရာသော ရလဒ်မထွက်ပေါ်ခဲ့ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံရေးကိစ္စကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားကြောင်းတွေ့ဆုံပွဲ အပြီးတွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။‘‘အောင်မြင်တယ်ဆိုတာကတော့ ဘယ်လို သတ်မှတ်သလဲတော့မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက်ဒီလိုမျိုးတွေလုပ်မယ်လို့ ပြောတာတော့ရှိပါတယ်။ အခါအားလျော်စွာဆိုတော့ နည်းနည်းစဉ်းစားရခက်တာပေါ့။ လေးပွင့်ဆိုင်ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘာမှ ကိုယ့်ပါတီစွဲနဲ့လည်း မဟုတ်ဘူး။ ၀ါဒစွဲကြောင့်မို့လည်းမဟုတ်ဘူး။ လက်တွေ့ကျကျလိုအပ်တယ်လို့ ထင်လို့ပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံရေးအင်အားစု ငါးစုဟု သတ်မှတ်သော အစိုးရ၊ ဥပဒေပြု ရေး၊ တပ်မတော်နှင့် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌတို့အပါအ၀င် ခေါင်း ဆောင် ၁၄ ဦးသည် အောက်တို ဘာ ၃၁ ရက် နံနက် ၉နာရီခွဲမှ ၁၁ နာရီ ၄၅ မိနစ်အထိ သမ္မတအိမ် တော်ငုရွှေဝါခန်းမတွင် တွေ့ဆုံကြသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေနှင့် အညီလွှတ်တော်တွင်း မှာပဲ ဆောင်ရွက်ရန် အားလုံးက သဘောတူခဲ့ကြောင်း ၀န်ကြီး ဦးရဲထွဋ်ကတွေ့ဆုံပွဲအပြီး ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအဖွင့်မိန့် ခွန်းတွင် နိုင်ငံတော် သမ္မတက အမျိုးသားနိုင်ငံရေး အင်အားစု များအားလုံးပူးပေါင်းဆောင်ရွက် ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရန်၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် တိုက်တွန်းခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကပြောသည်။ သမ္မတက ဆွေးနွေးပွဲတွင် အဓိက အချက်သုံးချက်ကို ဆွေးနွေးခဲ့ပြီး ပထမအချက်မှာ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ

ဆက်လက်ရှင်သန်ဖြစ်ထွန်း ခိုင်မာစေရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ခိုင်မာအောင် ပြုလုပ်သွားရန်နှင့် တတိယအချက်မှာ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်တို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းပြီး ထိပ်တိုက်တွေ့ဆုံမှု များကို ရှောင်ရှားရန်၊ ဥပဒေများ ပြုသောအခါတွင်လည်း မဲဆန္ဒ အများစုနှင့် အနိုင်ယူခြင်းအစား လူနည်းစု၏ ဆန္ဒများကိုလည်း ဥပဒေနှင့် ညီညွတ်ပါက အလေး ထားဂရုပြုပြီးမှ တူညီသော ဆန္ဒ ကို ရယူပြီး ဆောင်ရွက်ရန် ပြော ဆိုခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်။ တွေ့ဆုံပွဲနှင့် ပတ်သက်၍ ‘‘အခြေအနေ ကောင်းတယ်လို့ ပြောရမှာပေါ့’’ဟု ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ကိုယ်စား တက် ရောက်လာသူ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

ယခုကဲ့သို့တွေ့ဆုံဆွေးနွေး ပွဲများအခါအားလျော်စွာ ပြုလုပ်ရန်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘သိပ်တော့လည်း အံ့အား သင့်စရာတော့ ဘာမှမပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေး နွေးပွဲတွင် တပ်မတော်ခေါင်း ဆောင်နှစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြု သည်။ ဦးခွန်ထွန်းဦးကမူ ဆွေးနွေး ပွဲနှင့်မတူဘဲ တွေ့ဆုံထမင်းစား ပွဲနှင့်သာတူကြောင်း ပြောသည်။

‘‘ဒီလိုတွေ့ဆုံမှုတွေလုပ်ဖို့ ကျွန်တော်တို့က အစကတည်းက မျှော်လင့်ထားတာပါ။ ခေါင်းဆောင်တွေ တွေ့ကြတယ်ဆိုတာ နိုင်ငံ့ကောင်းကျိုး အတွက်ပဲဖြစ်မယ်။ သူတို့ ခဏတစ်ဖြုတ် တွေ့တာပဲဖြစ်ဖြစ်လေ။ အဲဒီလို တွေ့ဖြစ်တာကိုက အပြုသဘောဆောင်နေပြီ။ ဒီတွေ့ဆုံမှုကတော့တစ် ခါတည်းအဖြေထွက်ချင်မှထွက်မယ်။ ဒါပေမဲ့ နောက်ထပ်တွေ့ရဦးမယ်ဆိုတဲ့အနေအထားဖြစ်သွားနိုင်တယ်။ နောက်တွေ့ဆုံမှုတွေ ခဏခဏ လုပ်လာရင် အချင်းချင်းကြားမှာ သဘောထားလွဲမှုတွေမရှိနိုင်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်လာနိုင်မယ်။ နောက်ဆုံးမှာ ပူး ပေါင်းလုပ်ဆောင်ထားကြမယ်’’ ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်က၎င်း၏ အမြင်ကို ပြောသည်။


7Day Daily

0 comments:

Post a Comment