Monday, October 27, 2014

မြန်မာယူ-၁၉တိုက်စစ်မှူး အောင်သူနှင့်တွေ့ဆုံခြင်း- ဝဏ္ဏကိုမေးမြန်းသည်


မြန်မာ ယူ-၁၉ တိုက်စစ်မှူးအောင်သူဟာ မန္တလေးဘောလုံးအကယ် ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ မြန်မာအသင်းအတွက်ဂိုးတွေ ပုံမှန်သွင်းယူခဲ့တဲ့တိုက်စစ် မှူးတစ်ဦးပါ။

လက်ရွေးစင် ယူ-၁၆ ကစားသမားအဖြစ်၂ဝ၁၁မှာ စတင်ရွေး ချယ်ခံခဲ့ရပြီးမြန်မာယူ-၁၉၊ ယူ-၂၂အသင်းတွေနဲ့အတူ နိုင်ငံတကာပြိုင် ပွဲ ၂၆ပွဲခန့်ကစားခဲ့ပြီး ၁၂ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူဟာကမ္ဘာ့ဖလားဝင်ခွင့်ရရှိစေခဲ့တဲ့အာရှယူ-၁၉ပြိုင်ပွဲမှာလည်းထိုင်း နဲ့ပွဲစဉ်မှာ တစ်ဂိုး၊ ကာတာနဲ့ပွဲစဉ်မှာတစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ဒါကြောင့် အောင်သူရဲ့ဘောလုံးသမားအစက နေယူ-၂ဝ ကမ္ဘာ့ဖလားအထိ သူ့ရဲ့အမြင်၊ မျှော်လင့်ချက်တွေကိုမေးမြန်းထားပါတယ်။

- ဘယ်အချိန်က ဘောလုံးကို စကစားခဲ့တာလဲ။

ကစားတာကတော့ ငယ်ငယ်ကတည်းကပါ။ တကယ်ကစားဖြစ် တာကတော့ ၂ဝဝ၉ခုနှစ် ကျွန်တော့်အသက် ၁၄နှစ်မှာ ဘောလုံးအဖွဲ့ချုပ် ကရွေးတဲ့လူရွေးပွဲကနေအရွေးခံရပြီး မန္တလေးဘောလုံးအကယ်ဒမီမှာ တက်ရောက်သင်ကြားခွင့်ရတယ်။ နှစ်နှစ်လောက်အကြာ ၂ဝ၁၁မှာ ၁၆ နှစ်လက်ရွေးစင်အသင်းမှာ အရွေးခံရတယ်။ လာအိုမှာကျင်းပတဲ့ ယူ-၁၆ ပြိုင်ပွဲကိုပထမဆုံးသွားပြိုင်တယ်။ အဲဒီကနေစပြီးယူ-၁၉အသင်းမှာစပါ တယ်။

- ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့နေရာမှာ ဘယ်အချက်တွေက အဓိကကျလဲ။

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက မြန်မာ့သမိုင်းမှာ ဝင်ပြိုင်ခွင့်မရခဲ့ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကဝင်ပြိုင်ခွင့်ရတယ်ဆိုတော့ အများ ကြီးဂုဏ်ယူမိပါတယ်။ အဲဒီအတွက်လည်းရလဒ်ကောင်းတစ်ခုရအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်းတစ်ခုတည်းနဲ့တော့ မဟုတ်ဘူး။ ပရိသတ်အား၊ စည်းကမ်းစိတ်ဓာတ်၊ စည်းလုံးမှုအားလုံးကောင်း လို့ဒီလိုအောင်မြင်မှုမျိုးရတာပါ။

- ဆီမီးဖိုင်နယ်ပွဲစဉ်တုန်းက ချေပဂိုးသွင်းတဲ့ပုံစံက ဘရူနိုင်းဘုရင့်ဖလား ဖိုင်နယ်မှာ ဗီယက်နမ်ဘက်ကိုလည်းသွင်းခဲ့တယ်ဆိုတော့ သေချာလေ့ ကျင့်ထားတာလား။

ဒီကစ်ချက်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော့်ရဲ့အကျင့်ပေါ့။ အကျင့်ဆိုတာက ထရိန်နင်ကွင်းမှာဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှအား ထည့်ပြီးသိပ်မကန်ဘူး။ အဝေးတိုင်ကိုလှမ်းပွတ်တာ။ နည်းပြတွေကလည်း ဒါကိုသိတယ်။ ဘောလုံးကိုတစ်ချက်ထုတ်ပြီး အဝေးတိုင်ကိုပဲကန်ခိုင်းတာ။ အဲဒီပွဲမတိုင်ခင်ကလည်းအဲဒီလိုဘောလုံးကိုတစ်ချက်ထုတ်ကန်ဖို့ နည်းပြကြီး ကမှာခဲ့တယ်။

- ဒီလိုကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအခက်အခဲမျိုး တွေကြုံရလဲ။

အခက်အခဲတွေကတော့အများကြီးပေါ့။ ၂ဝ၁၁ ယူ-၁၉စဖွဲ့ စည်းတဲ့ အချိန်မှာခက်ခဲမှုတွေအများကြီးရှိခဲ့တယ်။ အဲဒီတုန်းကတော့ ဘော လုံးကို ဝါသနာပါတာတစ်ခုတည်းနဲ့ပဲကြိတ်မှိတ်ပြီးနေခဲ့တယ်။ ပံ့ပိုးမှုတွေ ဘာတွေကိုတော့ သိပ်စိတ်ဝင်စားမနေတော့ဘူး။ ဘောလုံးကန်နေရရင်ပြီး ရောဆိုပြီးတော့ပဲနေခဲ့တယ်။ အိမ်ကလာခေါ်ရင်လည်း ဒီအတိုင်းပဲပေကပ် နေခဲ့တယ်။ အဓိကကတော့ ဘောလုံးကိုဝါသနာပါတာကြောင့်ပဲဒီလိုဖြစ် လာတာပါ။

လက်ရှိအသင်းမှာ ဘယ်လိုအားနည်းချက်အားသာချက်တွေရှိလဲ။

လက်ရှိအသင်းမှာ အားနည်းချက်ကတော့ ခွန်အားနဲ့ပတ်သက် ပြီး နိုင်ငံတကာနဲ့ ယှဉ်ရင်ဘယ်လိုမှမရဘူး။ တွန်းတွန်းတိုက်တိုက်ကစား နိုင်ဖို့လိုပါတယ်။ ဒီပြိုင်ပွဲမှာတောင် ကျွန်တော်တို့က ပရိသတ်အားနဲ့အတင်း လိုက်ကစားခဲ့လို့သာ အောင်မြင်မှုတွေရခဲ့တာ။ အားပိုင်းဆိုင်ရာမှာနည်း နည်းလိုသေးတယ်။ ကြံ့ခိုင်မှုအပါအဝင်အရပ်အမောင်းမှာလည်း ကွာခြား တယ်။

ဒီအားပိုင်းဆိုင်ရာကိုပဲကျွန်တော်တို့ သေသေချာချာလုပ်ရမယ်။

စိတ်ဓာတ်ပိုင်းကတော့ ကျွန်တော်တို့အသင်းကတစ်သင်းလုံးနီးပါးကောင်း တယ်။ ဘယ်ပွဲမဆို'ချ'မယ်ဆိုပြီးအတူတူစည်းစည်းလုံးလုံးနဲ့ကစားကြတယ်။ ကျွန်တော်ပြောခဲ့တဲ့ အားပိုင်းဆိုင်ရာကိုသာ ကောင်းကောင်းလုပ်နိုင်ရင် ရလဒ်တော့ဆိုးမှာမဟုတ်ဘူး။

- နည်းပြကြီးက ကစားသမားသစ်တွေထပ်စည်းမယ်လို့ ပြောတဲ့အပေါ်မှာ ရောဘယ်လိုမြင်လဲ။ ကစားသမားသစ်ထပ်ခေါ်သင့်မသင့်ပေါ့။

ဒါကတော့ နည်းပြကြီးရဲ့အတွေးပေါ့။ သူကဒီအသင်းကိုတာဝန် ယူထားတာဆိုတော့ သူမကြိုက်ဘူး၊ အသင်းလူစာရင်းကအားနည်းတယ် ဆိုရင်တော့ထပ်ဖြည့်ပေါ့။ ကျွန်တော်တို့ဘက်ကဝေဖန်လို့တော့ မရဘူး ပေါ့။ ဘယ်ကစားသမားကိုထပ်ဖြည့်ပါလို့လည်း ကျွန်တော်တို့ကသွားပြော လို့မရဘူးလေ။ သူတာဝန်ယူထားဆိုတော့ သူကြိုက်တဲ့သူထပ်ခေါ်ပါလိမ့် မယ်။ ကျွန်တော့်အနေနဲ့တော့ဘာမှပြောစရာမရှိပါဘူး။

- ကမ္ဘာ့ဖလားကျရင်ရော ဘယ်အဆင့်ထိရောက်မယ်လို့မျှော်လင့်ထားလဲ။

ကမ္ဘာ့ဖလားမှာရောက်နိုင်တဲ့အဆင့်အထိ ရောက်နိုင်ဖို့ကျွန် တော်တို့ကြိုးစားမယ်။ ဘယ်အဆင့်အထိရောက်ရမယ်လို့တော့တွေးမထားဘူး။ အတတ်နိုင်ဆုံးအမြင့်ဆုံးအထိ ရည်မှန်းပြီးတော့ကစားမှာပါ။

- လက်ရွေးစင်အသင်းကြီးက အောင်သူကိုခေါ်မယ်ဆိုရင်ရော။

ဘယ်အသင်းမှာပဲ ကစားရကစားရ အားလုံးက ကိုယ့်နိုင်ငံအ တွက်ပဲ ကစားရတာဆိုတော့ လက်ရွေးစင်အသင်းကြီးကခေါ်လည်းသွား ကစားရ မှာပေါ့။ ယူ-၁၉နဲ့ပဲတွဲဆိုလည်းတွဲရမှာပေါ့။ ဒါကတော့ နည်းပြ တွေလွှတ်တဲ့အတိုင်းသွားရမှာပါ။

- နည်းပြကြီးဂတ်ဖရိုင်းဒရစ်ကိုရောဘယ်လိုမြင်လဲ။

ဂျာမနီနည်းပြကြီးရဲ့နည်းစနစ်တွေက တကယ်ကောင်းပါတယ်။ သူ့ရဲ့နည်းစနစ်နဲ့လေ့ကျင့်မှုတွေကြောင့်ပဲ ကျွန်တော်တို့အသင်းကကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်လာတာပဲလေ။ အရမ်းကောင်းပါတယ်။

- အာရှပွဲမှာအောင်သူရဲ့ခြေစွမ်းကိုရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိရဲ့လား။

ဒီပြိုင်ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းကို သိပ်အားမရ ဘူး။ ဘရူနိုင်းဖလားကလောက် အားမရဘူး။ ကျွန်တော် လိုနေတာကလည်းခွန်အားပဲ။ ပွဲချိန်ပြည့်မပြေးနိုင်သေး ဘူးလို့ဆိုရမှာပေါ့။

- ကာတာနဲ့ပွဲတုန်းကပြီးခါနီးမှာ အောင်သူ့ကိုလူစားလဲတုန်းကကွင်းထဲက မထွက်ချင်သေးတဲ့ပုံစံက ဘာကြောင့်လဲ။

ကာတာနဲ့ပွဲတုန်းက ကျွန်တော်က ကစားချင်သေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပွဲကပြီးခါနီးနေပြီ။ ပြီးခါနီးအချိန်မှာထုတ်လိုက်တော့ အရှိန်ကကျသွားမယ်။ အချိန်လည်းကုန်သွားမယ်။ အဲဒီမှာ ဘယ်သူ့ကို စိတ်တိုလို့ တိုရမှန်းမသိဖြစ်သွားတယ် (ရယ်လျက်)။ နည်းပြကြီးကတော့ ဘာမှမပြောပါဘူး။ ကောင်းပါတယ်လို့ပဲ ကျွန်တော့်ကိုပြောတယ်။

- အောင်သူ့ကိုအားပေးနေတဲ့ပရိသတ်တွေကိုရော ဘာများပြောချင်လဲ။

သွားပြိုင်ရမယ့် နယူးဇီလန်အထိတော့ ပရိသတ်တွေမလိုက် နိုင်ဘူးပေါ့(ရယ်လျက်)။

ဒီတော့မြန်မာနိုင်ငံကနေပဲ အမြဲတမ်းအားပေး ပါဦးလို့ပြောချင်ပါတယ်။

‪TheFlowerNews‬

0 comments:

Post a Comment