Tuesday, October 28, 2014

တပ်မတော်၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် ပတ်သက်၍ 7 Day Daily သတင်းစာနှင့် မဇ္ဈိမသတင်းစာတို့ မှားယွင်းဖော်ပြ

McKinsey & Company က ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ အရှေ့တောင်အာရှနိုင်ငံများ၏ စစ်အသုံးစရိတ်ကို နှိုင်းယှဉ်ဖော်ပြထားစဉ်

၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တပ်မတော်ကအသုံးပြုသော ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၈ ရက်ထုတ် 7 Day Daily သတင်းစာနှင့် မဇ္ဈိမသတင်းစာတို့တွင် မှားယွင်းဖော်ပြခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်ထုတ် 7 Day Daily သတင်းစာမျက်နှာဖုံးတွင် ဖော်ပြခဲ့သော ‘စစ်ဆင်ရေးအသုံးစရိတ် ယခုနှစ်အတွင်း ကန်ဒေါ်လာ ရှစ်ဘီလီယံခန့်ရှိ’ ဟူ၍လည်းကောင်း၊ မဇ္ဈိမသတင်းစာ မျက်နှာဖုံးတွင် ‘စစ်ဆင်ရေးအတွက် ကန်ဒေါ်လာ ရှစ်ဘီလီယံသုံး’ ဟူ၍လည်းကောင်း သတင်းများဖော်ပြခဲ့ပြီး အဆိုပါသတင်းများ၌ မှားယွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်းစာနှစ်စောင်က ဖော်ပြခဲ့သော သတင်းများတွင် ယခုဘဏ္ဍာရေးနှစ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံခန့်ဟု ဖော်ပြခဲ့သည့်အပြင် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် တပ်မတော်က တောင်းခံထားသည့် အသုံးစရိတ် ဘတ်ဂျက်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၃ ဘီလျံဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၈ ရက်မှာပင် ထွက်ရှိသော The Voice Daily သတင်းစာတွင်လည်း တပ်မတော်၏ ဘတ်ဂျက်သုံးစွဲမှုကို ဖော်ပြခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းခံငွေမှာ ကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်းရှိသည်ဟု သတင်း၌ ထည့်သွင်းဖော်ပြခဲ့သည်။

ထိုသတင်းများမှာ အောက်တိုဘာ ၂၈ ရက်ကပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၏ ရှင်းလင်းချက်အပေါ် အခြေပြုရေးသားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် တပ်မတော်ကတောင်းခံခဲ့သည့် ဘတ်ဂျက်ငွေပမာဏမှာ ကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း (အမေရိကန် တစ်ဒေါ်လာကို ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ) ဖြစ်ပြီး ထပ်မံတောင်းခံခဲ့သည့် ငွေပမာဏမှာ ကျပ် ၂၄၈ဝ၃၄ ဒသမ ၇၂၃ သန်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် တပ်မတော်၏ အသုံးစရိတ်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂၃ ဘီလျံကျော်ဆိုသည့် ပမာဏမှာ အမှန်တကယ်ရှိသော ပမာဏ ၁ဝ ဆ ကွာဟပြီး မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ်က အသုံးစရိတ်ဘတ်ဂျက် ငွေကျပ် ၂၂၄၄၈၃၄ ဒသမ ၄ဝ၂ သန်း တောင်းခံခဲ့ပြီး (ထိုပမာဏကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၁ဝဝဝ နှုန်းဖြင့် တွက်ချက်ပါက) အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံနီးပါးသာ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် အနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွက် တောင်းခံခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံတို့သည် အိမ်နီးချင်းနိုင်ငံများ၏ စစ်အသုံးစရိတ်များဖြင့် နှိုင်းယှဉ်ပါက များပြားခြင်းမရှိကြောင်း တွေ့ရှိရသည်။

အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော McKinsey & Company က ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ၂ဝ၁၂ ခုနှစ်အတွင်း စစ်အသုံးစရိတ်အများဆုံး အရှေ့တောင်အာရှနိုင်ငံများ စာရင်း၌ စင်ကာပူနိုင်ငံက ထိပ်ဆုံးမှဦးဆောင်ခဲ့ပြီး တစ်နှစ်အတွင်း စစ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ ဘီလျံရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၇ ဘီလျံရှိပြီး ထိုင်းနိုင်ငံက ၅ ဒသမ ၃၉ ဘီလျံ ရှိခဲ့သည်။ မြန်မာနိုင်ငံမှာ ၂ ဒသမ ၂ ဘီလျံသာရှိခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအနက် စစ်ရေးအသုံးစရိတ် အများဆုံး အဆင့် ၇ နေရာတွင်သာ ရှိနေခဲ့သည်။

ကမ္ဘာပေါ်တွင် စစ်အသုံးစရိတ် အများဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလျံ ၆ဝဝ သုံးစွဲလျက်ရှိသည်။ ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈၈ ဘီလျံကျော်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ တစ်နှစ်တာအတွက် စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄ ဘီလျံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်မှာလည်း ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ရှိလာခဲ့သည်။

အဆိုပါနိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား စစ်သည်အင်အားကို နှိုင်းယှဉ်ပါက မြန်မာနိုင်ငံမှ စစ်အသုံးစရိတ်အားလုံး၏ သုံးပုံနှစ်ပုံကို လစာနှင့်စရိတ်၊ အုပ်ချုပ်မှုနှင့် အဆောက်အအုံကိစ္စ အပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုနေရသည်ဆိုခြင်းမှာ လက်ခံနိုင်ဖွယ်ရာရှိသော အချက်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် တောင်းခံခဲ့သော အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ၏ သုံးပုံတစ်ပုံကို စစ်ဆင်ရေးအတွက် အသုံးပြုထားပြီး ကျန်ငွေများကို လစာ၊ စရိတ်၊ အဆောက်အအုံနှင့် အခြားကိစ္စရပ်များတွင် အသုံးပြုထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က အောက်တိုဘာ ၂၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

Eleven Media Group

0 comments:

Post a Comment