Thursday, October 30, 2014

စည်ပင်သာယာဆိုင်ခန်းများအား RCSS/SSA ဆက်ကြေးကောက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဆိုင်ခန်းများအား အောက်တိုဘာ ၂၈ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA)အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံထား ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။အဆိုပါဈေးအတွင်းရှိ ဆိုင်ခန်းများအနက် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်နှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား အဓိက ထားကောက်ခံခြင်းဖြစ်ကြောင်း ဈေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

``ဆက်ကြေးအတောင်းခံရတဲ့ ဆိုင်ရှင်တွေကတော့ ဘယ်ပြောရဲပါ့မလဲ၊ ရဲတိုင်ဟိုတိုင်လုပ်ရင် အသက်ကို အာမ မခံဘူး ဆိုပြီး ခြိမ်းခြောက်ထားတာ၊ နီးရာဓား ကြောက်နေရတာပေါ့´´ဟုမြို့ခံတစ်ဦးကပြောသည်။

RCSS/SSA အဖွဲ့မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်လျှင်ငွေကျပ် (၅)သိန်း၊ အိမ်ဆောက်ပစ္စည်းဆိုင် တစ်ဆိုင်လျှင် (၃) သိန်း အဖြစ်သတ်မှတ်ကောက်ခံထားကြောင်းသိရသည်။

``ဆိုင်ပိုင်ရှင်တွေကို ဟိုလွိုင်အုပ်စု၊ ၀မ်ကျောင်းကျေးရွာဘုန်းကြီးကျောင်းမှာ လာပေးဖို့ ပြောထားတယ်လို့ ကြားတယ်၊ ဆိုင်ရှင်တွေလည်း ပေးရင်အစိုးရဌာနဆိုင်ရာတွေသိမှာ စိုးရိမ်ရ၊ မပေးပြန်ရင်လည်း RCSS/SSA ရန်ကြောက်ရနဲ့ ဘာလုပ် ကြမယ်မသိဘူး´´ စည်ပင်သာယာဈေးသန့်ရှင်းရေးလုပ်သားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှ ဆက်ကြေးကောက်ခံထားသော ဆိုင်ခန်းများမှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၂ ဆိုင်နှင့် အိမ်ဆောက် ပစ္စည်းဆိုင် ၃ ဆိုင်၊ စုစုပေါင်း(၅)ဆိုင်ဖြစ်ကြောင်းသိရှိရပါသည်။


ဇော်မြင့်ထူး(မောက်မယ်)
Shan News

0 comments:

Post a Comment