Friday, October 24, 2014

Love & Letter (Halo Fashion Magazine - October)


(၁)

သို့

မမ ရယ် ကူညီပေးပါအုံး ညီမ မှာ က ခုလေ အပူတွေများတယ် သူက ညီမ ထက် 5နှစ်လောက်ကြီးတယ် သူက ဆရာဝန်ပါ ပြီးတော့ ညီမ နဲ့သူနဲ့ က အွန်လိုင်းကနေ တွေ့တာ သူနဲ့တွေ့ရင်တော့ စိတ်ချမ်းသာတယ် သူ ညီမတို့ဆီကို တာဝန်ကျလို့ရောက်လာတယ်လေ သူညီမ ကိုဖွင့်ပြောတော့ ညီမ လက်ခံပြီးသွားပြီ ဒါပေမဲ့ သူငယ်ချင်းတွေကတော့
နင်သူ့ကိုယုံလို့မဖြစ်ဘူးတဲ့ အဲဒါညီမ ဘယ်လို လုပ်ရမလဲ မမရယ် ညီမ ကို အကြံလေးပေးပါအုံးနော် ဘယ်လိုလုပ်ရမှန်းမသိဘူး ဆက်တွဲသင့်မတွဲသင့်လေ။

ဖြေ

ညီမငယ်ရေ...

သိပ်ပြီးပူပန်သောကရောက်ပြီး အများပြောစကားတခွန်းနဲ့ လက်ထဲမှာရောက်ပြီးသားအချစ်တခုကို ချက်ခြင်းလွှင့်မပစ် စေချင်ဘူးကွယ်.. အမဖြစ်စေချင်တာကတော့ ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံရဘူးဆိုတဲ့စကားပုံလည်းရှိတယ် မဟုတ်လား... ဘယ်သူ့ကိုမှမယုံစေချင်ဘူးကွယ်.. အမပြောတဲ့ ဘယ်သူ့ကိုမှ ဆိုတဲ့အထဲမှာ ဘေးပတ်ဝန်းကျင်ပါသလို ညီမခုလက်ခံ ထားတဲ့ချစ်သူလည်းပါနေတယ်နော်... သူ့မှာမိန်းမတယောက်အားကိုးရလောက်တဲ့ ပညာအရည်အချင်းရှိပေမဲ့

ကိုယ်ကျင့်တရားကိုတော့ ကြည့်တာနဲ့ မမြင်နိုင်ဘူးမဟုတ်လား... အွန်လိုင်းအချစ်ဖြစ်လို့ အထင်သေးတာမဟုတ်ပါဘူး... ဖြစ်တတ်တဲ့သဘောတရားတွေမို့ အဓိကကတော့ ညီမစောင့်ကြည့်အကဲခတ်သင့်ပါတယ်... လူတယောက်ရဲ့

စိတ်ဓါတ်ကို မိန်းကလေး ပရိယာယ်နဲ့ ကိုယ်ဖက်ကစောင့်စည်းအပ်တဲ့ သိက္ခာတွေထိန်းရင်း စောင့်ကြည့်ရမှာပါပဲ... သူ့လုပ်ရက်နဲ့ အပြုအမူကသာ ရှေ့ဆက်တိုးသင့်မတိုးသင့် ဆုံးဖြတ်ဖို့အကောင်းဆုံး သဲလွန်စတွေပါပဲ ညီမရေ...

မမရေကြည်သူ

(၂)

ကျွန်တော် သူ့ကို သိပ်ချစ်ပါတယ် သိပ်ချစ်လွန်းလို့လည်း အလိုလိုက်ခဲ့ပါတယ်။ ကျွန်တော်သိပ်ချစ်သလောက် သူက ကျွန်တော်ကို သိပ်မချစ်သလိုပဲဗျာ။ ကျွန်တော်တို့ နှစ်ယောက်က အပြင်မှာ တွေ့ဖို့က မလွယ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့က စာပဲ ရှိပါတယ်လေ။ စာပြန်ရေးပါလို့ပြောလည်း စာပြန်မရေးတဲ့အခါတွေလည်း ရှိပါတယ် အပြင်သွားတဲ့အခါမှာလည်း ကြိုပြောပါလို့ သူ့ကိုပြောပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကို မပြောဘဲ သူအပြင်တွေ သွားတဲ့အခါမှာဆိုရင် သူ့ကိုမတွေ့ရရင် မနေတတ်ဘူးလေ။ကျွန်တော်လေ သူ့ကို သိပ်ချစ်တာပဲ......သူနဲ့မဝေးပါရစေနဲ့နော်။

ကျွန်တော်ဘယ်လို လုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး အကြံပေးပါနော်။ မမရေကြည်သူရဲ့ ဘ၀မှာ ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေ.............................။

ဖြေ

မောင်ငယ်လေးရေ...

အလုပ်တွေကြောင့် စာပြန်နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးပါနော်... သိပ်ချစ်တဲ့ချစ်သူတွေမှာ ယောက်ျားလေးများ ဘက်က အဖြစ်များတဲ့မေးခွန်းပါပဲ.. ချစ်လွန်းလို့ အလိုလိုက်တယ်ဆိုတာ ဖြစ်သင့်ပါတယ်.. ဒါပေမဲ့ နည်းမှန်လမ်းမှန် နဲ့တော့ ဖြစ်စေချင်တယ်... သူ့ကိုတကယ်ချစ်ရင် သူ့ကောင်းကျိုးအတွက်သာရည်ရွယ်ခြင်းအားဖြင့် အလိုလိုက်မှုကို ပေးစေချင်ပါတယ်.. နောက်တချက်က ကိုယ်ကအရမ်းချစ်ခင်ရတဲ့သူဖြစ်တဲ့အတွက် သူ့အပေါ်ငါသာဆိုရင်ဆိုတဲ့အတွေးမျိုးနဲ့ တိုင်းတာတတ် ပါတယ်.. ဒါပေမဲ့ တကယ့်လက်တွေ့ဘ၀မှာ ကိုယ်မမြင်ရတဲ့ အခက်အခဲတွေလည်း သူ့ဖက်မှာရှိနေတတ်ပါတယ်... အဲ့ဒီအတွက် စာနာနားလည်ပေး စေချင်ပါတယ်...သံသယမျက်လုံးနဲ့မကြည့်မိပါစေနဲ့... စည်းကမ်းသိပ်မကျပ်မိပါ စေနဲ့...

ဆက်သွယ်မှုမပြတ်စေဖို့တော့လိုတယ်မောင်လေးရေ... စာဆိုတာထက် ဖုန်းနဲ့ဖြစ်ဖြစ် လိုင်းပေါ်မှာဖြစ်ဖြစ် အဆက်အသွယ် မပြတ်အောင် လုပ်ပေးစေချင်တယ်.. သူ့ကိုတကယ်ချစ်ရင် ရှေ့ရေးအတွက် ကြိုတင်တွေးပြီး သူနဲ့လက်တွဲဖို့

ကြိုးစားရင်း ကိုယ့်ရဲ့ ဆန္ဒကို သူသိအောင် ပြောပြပေးစေလိုပါတယ်... ကိုယ့်ကိုယ်ဘ၀တသက်တာရည်ရွယ်ပြီး ရှေ့ရေးအတွက် မှတ်တိုင်တခုရောက်အောင် ကြိုးစားနေတဲ့ချစ်သူတယောက်ကို ဘယ်မိန်းကလေးကမှ သစ္စာမဖောက် ပါဘူးကွယ်..

ကြိုစားကြည့်ပါနော်..

မမရေကြည်သူ

(၃)

မမရေကြည်သူရေ ..................

ညီမလေးမှာ အရမ်း ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ ချစ်သူထက်လည်းပိုပါတယ် မမရယ်။ ဒါပေမယ့် အခု သူ့မိဘတွေက

သူ့ကို တစ်ခြားကောင်မလေးတစ်ယောက်နဲ့ နေရာချချင်ကြတယ်။ သူကတော့ ရအောင်ငြင်းမယ်လို့ပြောပေမယ့် အရမ်းကို မိဘစကားနားထောင်တဲ့ သားလိမ္မာတစ်ယောက်ဆိုတော့ ညီမအရမ်းစိုးရိမ်နေတယ်။ ညီမဘာဆက်လုပ်ရမလဲ ။

ဖြေ

ညီမငယ်လေးရေ..

ဘယ်လောက်ပဲမိဘစကားနားထောင်တဲ့သူဖြစ်ပါစေ ကိုယ့်ကိုတောင်ချစ်လာခဲ့ပြီးပြီပဲ... တဖက်က မိဘ တဖက်ကချစ်သူ ဗျာများရမဲ့အနေအထားဖြစ်ပေသည့် သူကိုယ်တိုင်မိဘကိုပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ဟိုမိန်းကလေးနဲ့မဖြစ်နိုင်ကြောင်း ၀န်ခံဖွင့်ဟသင့်ပါတယ်... အကောင်းဆုံးနည်းလမ်းကတော့ ညီမချစ်သူကိုအေးအေးဆေးဆေးနားဝင်အောင်

မိဘတွေကိုအသိပေးဖို့ နားချပါ.. ကိုယ့်ဖက်ကလည်း ကောင်လေးရဲ့မိဘတွေအကြိုက်နေနိုင်သူတယောက်ဖြစ်အောင် ပြုမူနေထိုင် ပြောဆိုဖို့ ပြင်ဆင်သင့်ပါတယ်။ မိမိငယ်ကတည်းက အကျင့်ဆိုးတွေရှိခဲ့ရင် အကောင်းဆုံးပြုပြင်ပြောင်းလဲပါ... ဒါဆို နှစ်ဦးနှစ်ဖက် အဆင်ပြေကံကောင်းတဲ့ အချစ်ခရီးတခုဖြစ်လာမှာအသေအချာပါပဲကွယ်.. ကြိုးစားကြည့်ပါနော်...


(၄)

ကျွန်တော့နာမည်ကျော်ဇင်လတ်ပါ ကျွန်တော်လွန်ခဲ့တဲ့ ၃ လလောက်ကချစ်သူတစ်ယောက်ရခဲ့ပါတယ်။ ကျွန်တော်အဲ့ဒီအချိန်တုန်းက ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ ပို့ဆောင်ရေးတာဝန်ခံအနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာသူနဲ့စတွေ့ခဲ့တာ။ ကျွန်တော်သူ့ကို အရမ်းချစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လိုချင်တဲ့ချစ်သူတစ်

ယောက်ပုံစံမျိုးသူနေပေးခဲ့လို့ပါ။ ဒါနဲ့ကျွန်တော်သူနဲ့ ချစ်ခဲ့ပြီးမကြာခင်မှာပဲ အလုပ်ကထွက်ခဲ့တယ်လေ။ ပြီးတော့ရန်ကုန်မြို့ထဲမှာရရာအလုပ်နဲ့ နေနေခဲ့တာ။ ကျွန်တော်အလုပ် ပြောင်းပြီး မကြာခင် ၊ မှတ်မှတ်ရရ သူနဲ့ကြိုက်ပြီး ရက်ပေါင်း ၄၀ အကြာမှာ သူကကျွန်တော်နေတဲ့နေရာနဲ့မဝေးတဲ့နေရာမှာ နေပြီးသင်တန်းတက်မယ်တဲ့။ ကျွန်တော်ပျော်လိုက်တာဗျာ။ မတွေ့ရတဲ့အချိန်တွေမှာ ဖုန်းနဲ့ပဲဆက်သွယ်နေရတာဆိုတော့ ပြောမပြတတ်အောင်ကိုပျော်တာပါ။ ဒါပေမယ့် ကျွန်တော့အပျော်တွေကြာရှည်မခံပါဘူး။ သူရန်ကုန်ကိုရောက်လာတဲ့နေ့ကစပြီး

ကျွန်တော့အပေါ်ဆက်ဆံပုံတွေပြောင်းကုန်တယ်လေ။ ကျွန်တော်အရမ်းခံစားရတယ်ဗျာ။ ကျွန်တော်မေးပါတယ် ညီမ ကိုကြီးကိုမချစ်တော့ဘူးလားဆိုတော့ မသိဘူးတဲ့။ ဒါနဲ့ နောက်ဆုံးမေးပါများလာတော့မှ သူ့အိမ်က ဗိုလ်တစ်ယောက်နဲ့ သဘောတူနေလို့တဲ့။ အဲ့ဒီဗိုလ်ကလဲ မကြာမကြာသူ့ဆီကိုလာတယ်တဲ့။ ကျွန်တော်မရှင်းတာက သူက အဲ့ဒီတစ်ယောက်ကိုရော ဘယ်လိုသဘောထားလဲမေးတော့ သူမချစ်ဘူးတဲ့လေ ကျွန်တော်ဘယ်လိုနားလည်ရမလဲ။ကျွန်တော့ကိုရောဆိုတော့ မသိဘူးပဲဖြေနေတယ်။ ကျွန်တော်ကတော့ သူ့ကိုဘယ်လိုမှမေ့လို့မရဘူးဗျာ။ ကျွန်တော်သူ့ကြောင့်အထိုင်ကျ

နေတဲ့အလုပ်ကနေထွက်ခဲ့တယ်။ ကျွန်တော့မိဘတွေကိုတောင်ပြောပြတိုင်ပင်တဲ့အထိ ချစ်ခဲ့တာပါ။ ကျွန်တော့အမေနဲ့တောင် ပေးတွေ့ခဲ့ပါသေးတယ်။ ဒါပေမယ့်ကျွန်တော်မျှော်လင့်တာတွေ ပျက်ကုန်တယ်ဗျာ။ ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ဖြစ်နေမိတယ်။ သူ့သူငယ်ချင်းတွေကိုမေးတော့လဲ သူလည်းဘာကိုရွေးရမှန်းမသိသေးဘူးဖြစ်နေတယ်တဲ့။ ကျွန်တော်ဖြေသာအောင်ပြောနေတဲ့ စကားလို့ပဲကျွန်တော်ထင်နေတယ်။ ပြတ်ပြတ်သားသားအဖြေကိုပေးပါဆိုတော့ နေ့ရွှေ့ညရွှေ့နဲ့ အချိန်ဆွဲနေတယ်။ ကျွန်တော်ကတော့သူ့ကိုအဆုံးရှုံးမခံနိုင်ဘူး။ အရမ်းလည်းချစ်နေတုန်းပဲ။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။ ကူပြီးစဉ်းစားပေးပါဦးဗျာ။ ကျေးဇူးတင်ပါတယ်။

ဖြေ

မောင်ငယ်လေးရေ...

သူ့ဖက်က ဘာကိုရွေးရမှန်းမသိ ဖြစ်နေပုံရပါတယ်.. တွေဝေနေတဲ့သဘောလို့အမတော့ထင်မိတယ်.. အိမ်ကဘယ်လောက် သဘောတူကြည်ဖြူပါတယ်ဆိုအုံးတော့၊ အိမ်ကိုအ၀င်အထွက်ရှိတယ်ထားအုံးတော့ ကိုယ်မချစ်တဲ့သူတယောက်အတွက်

အတိအလင်းငြင်းချက်ထုတ်စရာကလွဲပြီး တခြားအကြောင်းအချက်ဘာမှမရှိပါဘူး... လူချင်းမတွေ့ခင်က ချစ်ပြီး ထဲထဲဝင်ဝင်ပြောဆိုလို့ရတဲ့အနေအထားရောက်မှ မသိဘူးဆိုတော့ သိပ်တော့ ပုံစံမကျပေဘူး... ရှင်းရှင်းပြောရရင်

မင်းနဲ့ဘ၀တသက်တာရည်ရွယ်ဖို့ သူတွန့်ဆုတ်သွားတာများလား... သူ့ဘ၀ရှေ့ရေးအတွက်ခေါင်းစားနေရပြီထင်ပါရဲ့... သူဖက်ကခုထိအီလည်လည်ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ခံစားချက်ကို အားလုံးသူသိအောင် ပြောပြပြီးစောင့်နေစေချင်တယ်..

ဥပမာ- အမြဲတံခါးဖွင့်ထားပြီး သူ့ဆုံးဖြတ်ချက် တိတိကျကျချနိုင်တဲ့အချိန်ပြန်လာဖို့ပေါ့... သူ့ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ပဲ ရှေ့ဆက်ကျတာ ကောင်းပါတယ်...အဆင်ပြေချောမွေ့သော ခရီးလမ်းတခုဖြစ်ပါစေနော်...

မမရေကြည်သူ

(၅)

ကျွန်တော် မိန်ကလေး တစ်ယောက်ကို ချစ်မိပါတယ် ခင်ဗျာ ဒါပေမဲ့ သူက ကျွန်တော်ထက် အသက်ကြီးပါတယ် ကျွန်တော် ရဲ့အချစ်ကို„သူ„နဲ့ဆုံတိုင်းဖွင့်ဟမယ်လိုစဉ်စားပေမဲ့ „သူ„စိတ်ဆိုးမှာကိုကြောက်ပြီးမပြောဖြစ်တော့ဘူး။ ကျွန်တော်ဘာလုပ်ရမလည်း ကျေးဇူးပြု၍အကြံဥာဏ်လေးပေးပါ ခင်ဗျာ

ဖြေ

မောင်ငယ်လေးရေ...

အချစ်မှာ အသက်ကြီးတာငယ်တာ မဆိုင်ပါဘူး.. ကိုယ့်ခံယူချက်ပဲဆိုင်ပါတယ်... သူကအသက်ကြီးလို့ လူတွေအားလုံးရဲ့ ပြစ်တင်ရှုံ့ချခြင်းကို ခံရစေအုံးတော့ အချစ်က ဖြောင့်ဖြပေးသွားပါလိမ့်မယ်... တကယ်ချစ်ရင် အသက်အရွယ်တွေက ဘေးရောက်သွားတတ်ကြတာချည်းပါပဲ ... လူအများရဲ့ အပြောအဆိုခံရမှုကို မောင်ငယ်ပူပန်ခဲ့တယ်ဆိုရင်တော့

နှစ်ဦးသဘောတူချစ်နေကြဖို့ပဲအရေးကြီးတာပါ.. လူတွေဆိုတာ ပြောနိုင်လည်း ၇ရက်ပေါ့.. ဒါမှမဟုတ်ဘူးဆိုရင်လည်း ဘာအကြောင်းကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုတာ သိပါရစေ... သူ့ကိုဖွင့်ပြောဖို့အဆင်မပြေတာလားနော်...

ဒီအချက်ကလည်း ခက်ခဲတဲ့နည်းလမ်းတော့မဟုတ်ပြန်ပါဘူးကွယ်...ကိုယ့်ခံစားချက်ကိုမြင်သာအောင် ဖွင့်ပြနိုင်တဲ့သူအတွက်

ကောင်းမွန်မှန်ကန်သော အဖြေတခုပြန်လည်ရရှိလာမှာပါနော်...ကြိုးစားကြည့်ပါကွယ်...လူမှန်ရင် တနေ့မဟုတ်တနေ့ အချစ်နဲ့ တဲ့တဲ့တိုးရမှာပါပဲ.. ဒီအတွက် ကြောက်စိတ်၊ရှက်စိတ်၊ ကိုယ်ထင်ရာ တွေးတောပြီး အချိန်ကုန်၊ လူပန်းသလို ကိုယ့်ကိုယ်ကို

ညှင်းဆဲရာကျရုံမက မတော်ဟိုမှာ သက်ဆိုင်သူရှိသွားခဲ့ရင် ပြောပြီးမှလက်မခံတာထက်၊ မပြောပဲကျန်ရစ်ခဲ့တာက ပိုခံရမခက်ပေဘူးလား... ဘာဖြစ်ဖြစ်တုန်းဆိုတိုက်၊ ကျားဆိုကိုက်လိုက်ပေါ့ကွယ်.. မပြီးဆုံးနိုင်တော့တဲ့

အိမ်မက်ရှည်ကြီးကိုမက်နေတာထက် တိကျပြတ်သားတဲ့အဖြေတခုကို လက်ခံလိုက်တာက ကိုယ့်ကိုယ်ကိုယုံကြည်မှု ရစေတာပေါ့... ယောက်ျားလေးပဲ သတ္တိရှိမှပေါ့... အရာရာအဆင်ပြေပါစေကွယ်။

မရေကြည်သူ

0 comments:

Post a Comment