Friday, October 24, 2014

မိုင်းယန်းတွင် မိသားစုတွင်း မကျေနပ်၍ ဗုံးခွဲသဖြင့် သုံးဦးသေဆုံး


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အခြေစိုက်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ အောက်တိုဘာလ ၂၃ ရက်နေ့က မိသားစုတွင်း မကျေနပ်မှုကြောင့် ဗုံးဖောက်ခွဲလိုက်၍ လူသုံးဦး ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း ယင်းမြို့ဒေသခံများနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။မိုင်းယန်းမြို့ ကျိုင်းဟင်ရပ်ကွက် ဈေးတန်းရပ်နေ စည်ပင်သာယာရေးဌာန ဝန်ထမ်း ဦးသိန်းဇော် နေအိမ်၌ ဗုံးပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီး သေဆုံးပြီး ဗုံးဖောက်ခွဲသူ အိမ်ရှင်အမျိုးသားနှင့် ဇနီးတို့ ဒဏ်ရာရရှိကြောင်း ယင်းမြို့ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်ကျော်သန်းက အတည်ပြု ပြောကြားသည်။

“အခုဗုံးခွဲတဲ့ စည်ပင်ဝန်ထမ်းက စစ်မှုထမ်းဟောင်း တစ်ယောက်လို့ သိရတယ်။ သူ့အမျိုးသမီးနဲ့ အိမ်ထောင်ရေး ပြဿနာမကျေနပ်လို့ ဗုံးခွဲခဲ့တာလို့ ကနဦးစစ်ချက်အရ သိရတယ်။ သူ့အမျိုးသမီးနဲ့ သူငယ်ချင်းတွေ ထမင်းစားနေချိန်မှာ စားပွဲခုံအောက်တို လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့လို့ အိမ်အလည်လာတဲ့ သူငယ်ချင်း သုံးယောက်က ပွဲချင်းပြီး သေဆုံးပေမယ့် သူ့အမျိုးသမီးနဲ့ သူကတော့ ဒဏ်ရာပဲ ရပါတယ်။ အမျိုးသမီးက ဒဏ်ရာမပြင်းထန်လို့ မိုင်းယန်းဆေးရုံမှာပဲ ကုသနေပြီး သူ့ကိုတော့ ကျိုင်းတုံဆေးရုံမှာ ကုသနေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်၌ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများ ဖြစ်ကြသည့် အသက် ၂၂ နှစ်အရွယ် ဒေါ်ချိုသန္တာလွင်နှင့် အသက် ၃၀ ကျော်အရွယ် ဒေါ်ခင်ငြိမ်းဝင်းတို့အပြင် တာချီလိတ်မြို့နေ အသက် ၃၀ ကျော်အရွယ် ဒေါ်နန်းဟွန်တို့မှာ ပွဲချင်းပြီး သေဆုံးကြောင်း၊ စည်ပင်ဝန်ထမ်းများ ဖြစ်ကြသည့် အသက် ၄၅ နှစ်အရွယ် ဒေါ်နန်းနုတွင် ဗုံးစထိမှန်ဒဏ်ရာနှင့် အသက် ၃၇ နှစ်အရွယ် ဦးသိန်းဇော်တွင် ဘယ်၊ ညာခြေထောက် ကျိုးကြေဒဏ်ရာများ ရရှိကြောင်း ယင်းမြို့ရဲတပ်ဖွဲ့စခန်း၏ ကနဦး မှုခင်းစစ်ဆေးချက်များအရ သိရသည်။

ဗုံးဖောက်ခွဲသူ ဦးသိန်းဇော်ကို (ပ) ၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၀၇ အရ အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း မိုင်းယန်းမြို့ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment