Friday, October 31, 2014

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရန် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် သဘောတူ


ဓာတ်ပုံ - သမ္မတရုံး

နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သော နိုင်ငံရေးခေါင်းဆောင်များဆွေးနွေးပွဲတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရန် နိုင်ငံရေးပြဿနာအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်၍ နည်းလမ်းကောင်းများရှာဖွေနိုင်ရန် ဆက်လက်တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆွေးနွေးပွဲအပြီး လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ သို့သော် ဆွေးနွေးပွဲမှကြေညာချက် ထုတ်ပြန်ခြင်းမရှိပေ။

ဆွေးနွေးပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ဆောင်ရန် စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ဦးရဲထွဋ်က ပြောသည်။

‘‘အခြေအနေကောင်းတယ်လို့ပြောရမှာပေါ့။ ၂၀၁၅ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်မယ်လို့မျှော်လင့်တယ်။ အားလုံးလည်း ဒီလိုပဲ ဆန္ဒရှိတယ်။

ဒီလိုတွေ့ဆုံမှုမျိုးတွေဆက်ဖြစ်ဖို့ သမ္မတကကြိုးစားမယ်လို့ ပြောတယ်’’ဟု ဆွေးနွေးပွဲသို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)ကိုယ်စားပြုတက်ရောက်ခဲ့သော ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် သဘောထားမတိုက်ဆိုင်မှုအချို့ရှိသော်လည်း မိမိသည် တပ်မတော်ကိုချစ်ခင်ကြောင်းပြောခဲ့သည်ဟုလည်း ဦးရဲထွဋ်က ပြောသည်။

ဆွေးနွေးပွဲမစမီ သမ္မတက အမျိုးသားနိုင်ငံရေးအင်အားစု များအားလုံးပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရှာဖွေကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သမ္မတက ၂၀၁၄ နှစ်ကုန်ပိုင်း၊ ၂၀၁၅ အစပိုင်းတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူချက် လက်မှတ်ရေးထိုးနိုင်ရန်အရေးကြီးပြီး နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်မှသာ ၂၀၁၆ တွင် တက်လာမည့်အစိုးရကို မည်သူပဲတာဝန်ယူသည်ဖြစ်စေ တိုင်းရင်းသားအဖွဲ့များနှင့် ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။



ဓာတ်ပုံ - သမ္မတရုံး


7Day Daily

0 comments:

Post a Comment