Sunday, October 26, 2014

နိုင်ငံရေးနှင့် ပရစိတ်


နိုင်ငံရေး ဆိုတာက ပရဟိတ အလုပ်ပါပဲ။ အထွေအထူး ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးသမားတွေက ဒီရိုးရှင်းတဲ့ သဘောတရားလေးကိုပဲ လိုက်နာဖို့ နားမလည်နိုင်ကြလို့ ဒါမှမဟုတ် နားလည်လျက်နဲ့ လိုက်နာကျင့်ကြံဖို့ ပျက်ကွက်ကြလို့ တိုင်းပြည်တွေ ပျက်ရတယ်။ သက်ဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်းတွေ ထိခိုက်နစ်နာရတယ် မဟုတ်လား။ လူထုတွေရော နိုင်ငံတွေပါ ဂုဏ်သိက္ခာ ညှိုးနွမ်းကြရတယ် မဟုတ်လား။ ပရဟိတ အလုပ်ဖြစ်တဲ့ နိုင်ငံရေးကို အတ္တအကျိုးစီးပွားအတွက် လုပ်ကြကိုင်ကြတဲ့အခါ နိုင်ငံတွေ နိုင်ငံသားတွေ ဒုက္ခပင်လယ် ဝေကြရတယ်။ အာဏာရှင် ဝါဒတွေဟာ အတ္တဗဟိုပြု နိုင်ငံရေးပါ။ ဘယ်အာဏာရှင် ဝါဒကမှ လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပြုပါဘူး။ အာဏာရှင်တွေဟာ အာဏာရပြီးနောက် တစ်စတစ်စ အာဏာကို ပိုမိုယစ်မူးလာကြတယ်။ တစ်စတစ်စ ကိုယ်ကျိုးစီးပွားကို အငမ်းမရ ရှာဖွေလာကြတယ်။ အာဏာရှင်တွေရဲ့ နိုင်ငံရေးဟာလည်း နိုင်ငံရေးပါပဲ။ အာဏာရှင်တွေ ဆိုတာကလည်း ကိုယ့်အတ္တကို ဗဟိုပြုလုပ်ကိုင်ကြတဲ့ နိုင်ငံရေးသမားတွေပဲ။ အာဏာဟာ ပျက်စီးစေတယ်။

အကြွင်းမဲ့အာဏာက အကြွင်းမဲ့ ပျက်စီးစေတယ်လို့တောင် ဆိုကြတယ် မဟုတ်လား။ ဒါကြောင့်ပဲ ဒီမိုကရေစီဟာ လူ့ဘောင်အဖွဲ့အစည်းတွေ အတွက် အသင့်တော်ဆုံးလို့ ပြောကြတာပါ။ ဒီမိုကရေစီဆိုတာ အကောင်းဆုံး နိုင်ငံရေးစနစ် မဟုတ်ပေမယ့် မတော်မတရား လုပ်ချင်ကြသူ အာဏာရတွေကို လူထုက ဖယ်ရှားခွင့် ရှိတယ်။ တရားသဖြင့် လုပ်ကိုင်ကြမယ်လို့ မျှော်လင့်ရသူ ပရစိတ်ရှိတယ်လို့ ယူဆရသူတွေနဲ့ အစားထိုးခွင့်ရတဲ့ စနစ်ဖြစ်တယ်။ အာဏာရှင်စနစ်လောက် မဆိုးပေမယ့် ဒီမိုကရေစီ ဆိုတာလည်း ခြောက်ပြစ်ကင်း နိုင်ငံရေးစနစ် မဟုတ်ပါဘူး။ ဒါ ဘာကြောင့်လဲဆိုတော့ လူရဲ့ မူလဘူတ သဘာဝကိုက ခြောက်ပြစ်မကင်းနိုင်လို့ပါပဲ။ လူဆိုတာ ဖောက်ပြန်တတ်တာကြောင့် ကောင်းမွန်တဲ့စနစ်တွေနဲ့ သူတို့ကို ထိန်းကျောင်းဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုပေမယ့်လည်း အတ္တဗဟိုပြု စဉ်းစားတွေးခေါ်တဲ့ နိုင်ငံရေးသမားတွေ များနေရင် တိုင်းပြည်ပျက်နိုင်သလို ဒီမိုကရေစီလည်း ယိုင်လဲနိုင်ပါတယ်။

လူဆိုတာ ပင်ကိုယ် သဘာဝအရကိုက အတ္တရှိပါတယ်။ အတ္တကို လုံးဝပယ်ဖျက်နိုင်ရင် အကောင်းဆုံးလို့ ပြောနေကြပေမယ့် ဒါဟာ လက်တွေ့လူ့ဘောင်လောကမှာ လုံးဝဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သာမန်အားဖြင့် အတ္တနဲ့ ပရမျှမျှတတ စဉ်းစားတတ်ရင်ကိုပဲ လူဟာ တော်တော်ကြီး အဆင့်အတန်း မြင့်ပြီလို့ ဆိုနိုင်ပါတယ်။ အတ္တနဲ့ပရ မျှတတဲ့ အမြင်ရှိသူတွေ နိုင်ငံရေးလုပ်ကြရင် လူ့အဖွဲ့အစည်းဟာ အတိုင်းအတာတစ်ခု အထိတော့ အာမခံချက် ရှိသွားပြီလို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ နိုင်ငံရေးကို တကယ်လုပ်ဖို့ ဆုံးဖြတ်တယ် ဆိုရင်တော့ ဘယ်သူမဆို ပရစိတ်ကို ရှေ့တန်းတင်ရပါလိမ့်မယ်။

ချမ်းသာချင်ရင် စီးပွားရေးလုပ်ရုံပါပဲ။ နိုင်ငံရေးလုပ်ပြီး ချမ်းသာဖို့ ကြိုးစားရင် ဒါဟာ ဂုဏ်သိက္ခာ အကင်းမဲ့ဆုံး လုပ်ရပ်သာ ဖြစ်ပါတယ်။ နေရာအတွက်၊ ထင်ပေါ်ကျော်ကြားမှုအတွက်၊ စည်းစိမ်ဥစ္စာအတွက်၊ အာဏာပါဝါအတွက် နိုင်ငံရေးလုပ်ရင် ရူးနှမ်းခြင်းတစ်မျိုးသာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေးလုပ်ရင်းနဲ့ မိမိလိုချင်တဲ့ အတ္တကို တည်ဆောက် ရရှိနိုင်ခဲ့ရင်တောင်မှ ဂုဏ်သိက္ခာ ကင်းမဲ့ခြင်းနဲ့သာ အဆုံးသတ်ရတာပါပဲ။ အတ္တအတွက် လူ့ဘောင်အဖွဲ့အစည်းကို အသုံးချပြီး ချမ်းသာကြွယ်ဝခဲ့ရင်လည်း ဂုဏ်သိက္ခာကင်းမဲ့တဲ့ ချမ်းသာကြွယ်ဝမှုသာ ဖြစ်ပါလိမ့်မယ်။ ဘဝရဲ့ အနှစ်သာရကို ဘယ်သောအခါမှ အပြည့်အဝ ရရှိနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ပူပင်သောကတွေ၊ နောင်တတွေ၊ ဗျာပါဒတွေနဲ့သာ ဘဝဟာ နိဂုံးချုပ်ရတာပါပဲ။

ဒါပေမဲ့ အတ္တသတ္တဝါ ဖြစ်တာနဲ့အညီ လူတွေဟာ တခြားသူတွေအပေါ် အမြတ်ထုတ်ချင်ကြပါတယ်။ ခေါင်းပုံဖြတ်ချင်ကြပါတယ်။ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေကို လက်ဝါးကြီး အုပ်ထားချင်၊ ဓားပြတိုက်ယူချင်ကြပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ ဒီလိုလူတွေ များနေသမျှ ကာလပတ်လုံး၊ နောင်တစ်ချိန် အာဏာရလာတဲ့အခါ အတ္တနိုင်ငံရေးကိုလုပ်ဖို့ စိုင်းပြင်းနေသူတွေ များနေသမျှ ကာလပတ်လုံး ဒီမိုကရေစီဖြစ်စေ၊ တခြားဘယ်နိုင်ငံရေး စနစ်မျိုးပဲဖြစ်စေ နိုင်ငံတွေ တိုးတက်ဖို့၊ တည်ငြိမ်ဖို့၊ နိုင်ငံသားတွေ စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိကြဖို့၊ စည်းလုံးချစ်ခင်ကြဖို့၊ ငြိမ်းချမ်းသာယာဝပြောဖို့ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်ပါဘူး။

မြန်မာနိုင်ငံလို နှစ်ပေါင်းများစွာ စိတ်ဓာတ်ရေးရာတွေ ဖျက်ဆီးခြင်း ခံထားရတဲ့ တိုင်းပြည်တစ်ခုမှာ စနစ်ကောင်းတစ်ခု ပြောင်းလိုက်တာနဲ့ နိုင်ငံရေးသမားတွေအားလုံး ချက်ချင်း နိုင်ငံရေးကို ပရစိတ်နဲ့ လုပ်ကြမယ်လို့ မျှော်လင့်ပြန်ရင်လည်း လက်တွေ့မကျပါဘူး။ လူတွေကို စည်းကမ်းစနစ်တွေ ကောင်းကောင်းချမှတ်ပြီး ထိန်းကွပ်ထားဖို့ လိုတာ အမှန်ပါ။ ကိုယ်ကျင့်သိက္ခာ၊ စာနာခြင်း၊ ပရဟိတ၊ နိုင်ငံချစ်စိတ် စတာတွေ တန်ဖိုးထားရင်း ဆင်းရဲနေခြင်းကသာလျှင် မတရားရှာဖွေ ရရှိထားတဲ့ ဂုဏ်ဒြပ်စည်းစိမ်၊ လူ့အဖွဲ့အစည်းအပေါ် နိုင်ထက်စီးနင်းပြုနိုင်တဲ့ အာဏာ စတာတွေ ပိုင်ဆိုင်ရင်း ချမ်းသာကြွယ်ဝခြင်းထက် အဆများစွာ အဖိုးထိုက်တန်တယ် ဆိုတာကို သွေးထဲသားထဲကနေ လက်ခံယုံကြည်လာကြတဲ့အထိ လေ့ကျင့်ကြဖို့ အချိန်ကာလတစ်ခု လိုအပ်တယ် ဆိုတာလည်း မငြင်းနိုင်တာအမှန်ပါ။

ချမ်းသာကြွယ်ဝတဲ့ တိုးတက်ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေဟာ ပိုက်ဆံချမ်းသာအောင် ကြိုးစားလုပ်ကိုင်ပြီးမှ နိုင်ငံရေး နယ်ပယ်ထဲကို ဝင်ကြပါတယ်။ လူ့ဘောင်အဖွဲ့အစည်း ကောင်းကျိုးကို အတ္တအတွက် လုံးဝမစဉ်းစားဘဲ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိခြင်းအတွက် ဂုဏ်ယူဝင့်ကြွားကြလေ့ ရှိပါတယ်။ အတ္တအတွက် နိုင်ငံရေးနဲ့ လုံးဝ မသက်ဆိုင်တဲ့နည်းနဲ့ ရှာဖွေတည်ဆောက်ပြီး နိုင်ငံရေးလုပ်ချင်လို့ လုပ်တဲ့အခါမှာတော့ လိပ်ပြာအသန့်ဆုံး လုပ်ချင်ကြတဲ့သူတွေ များပါတယ်။ ဒါတောင်မှ အဲသလို နိုင်ငံတွေမှာ အတ္တကို ရှေ့တန်းတင်တဲ့ နိုင်ငံရေးသမား တချို့တလေက ရှိနေသေးလို့ သူတို့နိုင်ငံတွေရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ထိပါးတာတွေ ရှိပါတယ်။

အိုဘားမား သမ္မတဖြစ်သွားတော့ သူအမတ်လုပ်ခဲ့တဲ့ ပြည်နယ်မှာ သူ့ရဲ့အမတ်နေရာက လူစားထိုးဖို့ ဖြစ်လာပါတယ်။ အမေရိကန် ဥပဒေအရ အဲသလို အစားထိုးရင် ရွေးကောက်ပွဲ မလုပ်တော့ဘဲ ပြည်နယ်အုပ်ချုပ်ရေးမှူးက သူ့သဘောနဲ့ ခန့်အပ်ခွင့် ရှိပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး အဲဒီပြည်နယ်အုပ်ချုပ်ရေးမှူးက အမတ်နေရာအတွက် လာဘ်ငွေယူပြီး ခန့်လိုက်လို့ နောက်ပိုင်း တရားစွဲခံရပြီး အဲဒီပြည်နယ်အုပ်ချုပ်ရေးမှူး ထောင်ကျတယ်လို့ ဆိုပါတယ်။ အမေရိကန်လို ဒီမိုကရေစီ ရင့်ကျက်ပြီးသား ကမ္ဘာ့ဦးဆောင် နိုင်ငံကြီးမှာတောင်မှ အတ္တပြဿနာက ရှိနေသေးလေတော့ ဒီမိုကရေစီ ထူထောင်ခါစ နိုင်ငံငယ်လေးတွေမှာ နိုင်ငံရေးသမားတွေ ပရစိတ်ရှိကြဖို့ ထိန်းကျောင်း တည့်မတ်ပေးနိုင်ရေးဟာ မျက်ကွယ်ပြုထားလို့ လုံးဝမရတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ အတ္တနဲ့ပရ မျှခြေရှိလာအောင်ပဲ မျှော်လင့်လို့ ရနိုင်ပါလိမ့်မယ်။

သေချာတာကတော့ အတ္တအကျိုးအတွက် နိုင်ငံရေးကို စီးပွားရေးလို သဘောထားပြီး လုပ်နေတဲ့သူတွေ၊ လုပ်မယ့်သူတွေကို အရင်ဆုံး ဖယ်ရှားကြဖို့ လိုအပ်ပါလိမ့်မယ်။ ကာယကံရှင် နိုင်ငံရေးသမားတွေ အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်ကြရပါလိမ့်မယ်။ လူ့ဘောင်အဖွဲ့အစည်း အကျိုးစီးပွားကို ဦးစားမပေးနိုင်ရင် နိုင်ငံရေးနယ်ထဲက ထွက်တာ ကောင်းပါလိမ့်မယ်။ နိုင်ငံရေးလုပ်ဖို့ ရည်မှန်းချက်များ ရှိခဲ့ရင်လည်း စွန့်လွှတ်လိုက်ကြတာ ကောင်းပါလိမ့်မယ်။ တင်းတိမ်ရောင့်ရဲတဲ့ စိတ်အခံရှိမှသာ အတ္တကို လျှော့ချနိုင်ပါလိမ့်မယ်။

ပရစိတ်ကို မြှင့်တင်နိုင်ပါလိမ့်မယ်။ အခုလောလောဆယ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲက လိုတာထက်ပိုပြီး နှေးကွေးနေရခြင်းကလည်း အတ္တပရ မမျှတတဲ့ ပြဿနာ ဖြစ်ပါတယ်။ အကျိုးစီးပွား ပဋိပက္ခ (Conflict of Interests) လို့ ခေါ်ပါတယ်။ မိမိကိုယ်ကျိုးစီးပွားနဲ့ လူ့ဘောင်အဖွဲ့အစည်း အကျိုးစီးပွား ယှဉ်လာတဲ့အခါမှာ မိမိအကျိုးစီးပွားကို ဖက်တွယ်ထားလိုကြတဲ့ ပြဿနာ ဖြစ်ပါတယ်။ လူ့ဘောင်အဖွဲ့အစည်း အကျိုးစီးပွားကို မိမိအတ္တ အကျိုးစီးပွားအတွက် နင်းချေပစ်နေကြတဲ့ ပြဿနာပါပဲ။

အလွန်ရှက်စရာ ကောင်းသလို တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ဂုဏ်ကိုလည်း ထိခိုက်စေတ ပြဿနာ ဖြစ်ပါတယ်။ မိမိအတွက် ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးကို ရယူပြီး တစ်နည်းအားဖြင့် မိမိအတ္တအတွက် တရားသဖြင့် တည်ဆောက်ပြီး လူ့အဖွဲ့အစည်းအကျိုး တစ်နည်းအားဖြင့် ပရဟိတနိုင်ငံရေးကို ထက်ထက်သန်သန်နဲ့ လုပ်လိုကိုင်လိုတဲ့သူတွေ များလာမှသာ နိုင်ငံတည်ဆောက်ရေးဟာ အောင်မြင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို တွေ့ဆုံမှာကြားသွားတဲ့ စကားတွေထဲမှာ လူငယ်တွေ အတ္တနဲ့ ပရကို မျှမျှတတ စဉ်းစားပြီး နိုင်ငံရေးကို လုပ်ကိုင်ဆောင်ရွက်ကြဖို့ မှာကြားခြင်းဟာ မျက်မှောက်ကာလ နိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံး ဖြစ်ပါတယ်။

ကိုယ်ကျိုးစွန့်ပြီး နိုင်ငံ့အကျိုး လုပ်နိုင်ကိုင်နိုင်ဖို့ဆိုတဲ့ အဆင့်ဟာ သိပ်ကို ကြီးကျယ်ခမ်းနားလွန်းပါတယ်။ နှစ်ငါးဆယ် အမှောင်ခေတ်ကို ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့၊ ယဉ်ကျေးမှုတွေ ယိုယွင်းခဲ့ရတဲ့ လူ့ဘောင်အဖွဲ့အစည်း တစ်ခုမှာ ကိုယ်ကျိုးစွန့်တဲ့အထိ လုပ်နိုင်တဲ့ နိုင်ငံရေးသမားတွေ များများစားစား ပေါ်လာဖို့ဆိုတာ ချက်ချင်းလက်ငင်း ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ အတ္တပရ မျှအောင် စဉ်းစားတဲ့ အဆင့်ကနေပဲ စတင်ရပါလိမ့်မယ်။ နိုင်ငံရေးနယ်ပယ်ထဲမှာ အတ္တအတွက် သက်သက် နိုင်ငံရေးလုပ်နေကြတဲ့ လူ့အန္ဓတွေ ကင်းစင်ဖို့နဲ့ နောက်ထပ်လည်း ရောက်မလာဖို့ကို အားလုံးက သတိကြီးကြီးနဲ့ ဆောင်ရွက်ကြရပါလိမ့်မယ်။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံရေးသမားတွေကို လူကောင်းသူကောင်းတွေ ဖြစ်လာအောင် ထိန်းကျောင်းပေးဖို့ နိုင်ငံသားတွေက ကြိုးစားလုပ်ကိုင်ကြရမယ့် အချိန်ပါ။ မဆိုင်သလို နေလို့မရပါဘူး။ နိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးကို ပရစိတ်လေးနဲ့ လုပ်ကြကိုင်ကြဖို့ ကြိုးစားရမယ့်အချိန် ရောက်နေပါပြီ။ မကောင်းမှန်း သိသိကြီးနဲ့ မကောင်းမှုကို ကျူးလွန်ရမယ့် အချိန် မဟုတ်တော့ပါဘူး။

Martin Luther King Jr. က “Nothing in the world is more dangerous than sincere ignorance and conscientious stupiditiy” လို့ ပြောဖူးပါတယ်။ မကောင်းမှုတွေကို ငါတို့နဲ့ မဆိုင်ပါဘူးရယ်လို့ ရိုးရိုးသားသား စိတ်နဲ့ပဲဖြစ်ဖြစ် မသိကျိုးကျွံ ပြုနေတာနဲ့ သိသိကြီးနဲ့ ရူးသွပ်မိုက်မဲတာ ဒါမှမဟုတ် မကောင်းမှုကို မြိန်ရည်လျက်ရည် ကျူးလွန်တာလောက် အန္တရာယ်များတာ လောကမှာ မရှိပါဘူးတဲ့။ အတ္တဗဟိုပြု စဉ်းစားပုံတွေ လွှမ်းမိုးနေသေးတဲ့ လူ့ဘောင်အဖွဲ့အစည်း တစ်ခုကို တိုးတက်ကောင်းမွန်အောင် ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုရင် ပထမဆုံး အတ္တပရ မျှမျှတတ စဉ်းစားတွေးခေါ်တတ်အောင် ပြန်လေ့ကျင့်ရပါလိမ့်မယ်။

တဖြည်းဖြည်းနဲ့ အစစအရာရာ တိုးတက်မှုတွေ ရှိလာတာနဲ့အမျှ အတ္တစိတ်ကို လျှော့နိုင်သမျှလျှော့၊ ပရစိတ်ကို မြှင့်နိုင်သမျှ မြှင့်တင်ပြီး လူ့ဘောင်အဖွဲ့အစည်း ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ပေးရခြင်းအတွက် ဂုဏ်ယူဝင့်ကြွားတတ်တဲ့ နိုင်ငံရေးသမားတွေ များသည်ထက် များလာဖို့ မျှော်လင့်နိုင်မယ် ဖြစ်ပါကြောင်း။

ပိုက်တင် 
ွှThe Voice

0 comments:

Post a Comment