အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းကောင်း တစ်ပုဒ်ကတော့ ပညာရေးဝန်ကြီးဌာနဟာ အခြေခံ ပညာအထက်တန်း ကျောင်းပေါင်း ၃,ဝ၀ဝ နီးပါးကို စာကြည့်တိုက် ထူထောင်ပေးမှာဖြစ်ပြီး ရွေးချယ်ထားတဲ့ အထက်တန်းကျောင်း ၃၀ဝ ကိုတော့ e- Library လို့ခေါ်တဲ့ ဒီဂျစ်တယ် စာကြည့်တိုက်တွေ ထူထောင်ပေးတော့မယ် ဆိုတဲ့ သတင်းပါပဲ။ စာကြည့်တိုက် ထူထောင်ပေးရာမှာ ပရိဘောဂတွေ၊ သင်ကြားရေးမှာ အသုံးပြုနိုင်မယ့် စာအုပ်စာတမ်းတွေပါ ပါဝင်မယ်လို့ သိရပြီး အသေးစိတ်ကိုတော့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။ စာသင်ကျောင်းတွေအတွက် စာကြည့်တိုက်တွေ ဘယ်လောက် အရေးပါသလဲဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်။
စစ်အစိုးရခေတ်က အမွေဆက်ခံရတဲ့ ပညာရေးစနစ်ဟာ အလွန်ဆိုးရွားနိမ့်ကျလှတဲ့ ပညာရေး စနစ်ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေဟာ ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းပါ ဘာသာရပ်တွေကို တတ်မြောက်ခြင်း မရှိသလို၊ ပညာကို ပြင်ပလောကနဲ့ ချိတ်ဆက်တတ်မြောက်ကြခြင်းလည်း မရှိပါဘူး။ အဓိကပြဿနာက ပညာရေးစနစ် ညံ့ဖျင်းတာဖြစ်ပြီး၊ အဲဒီ ပညာရေးစနစ်က ထွက်လာတဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ရဲ့ အရည်အသွေး နိမ့်ကျတာတွေရယ်ကြောင့် ဖြစ်ပါတယ်။ လက်တွေ့နဲ့ ကင်းကွာတယ်ဆိုရာမှာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒလို သိပ္ပံ ဘာသာရပ်တွေကို လက်တွေ့ကျကျ သင်ကြားပို့ချပေးနိုင်ခြင်း မရှိရုံမက မြန်မာစာ၊ အင်္ဂလိပ်စာ လောက်ကိုတောင် လက်တွေ့ကျကျ သင်မပေးနိုင်တဲ့စနစ် ဖြစ်နေလို့ပါပဲ။ဒါတွေနဲ့ပတ်သက်လို့ လွယ်ကူတဲ့ ဥပမာတွေ ရှိပါတယ်။ ကျောင်းသားတွေ အတန်းငယ်စဉ် သင်ကြားရတဲ့ သင်ခန်းစာ
တွေမှာတောင် ကျွန်တော်၏အမည်သည် မောင်ဘ ဖြစ်ပါသည်။ ကျွန်တော်၏ဖခင်သည် ဦးမြနဲ့ မိခင်သည် ဒေါ်လှဖြစ်ပါသည်လို့ သင်လိုက်ရင် တစ်တန်းလုံးဟာ "ကျွန်တော်၏ အမည်သည် မောင်ဘ ဖြစ်ပါသည်။ ကျွန်တော်၏ ဖခင်သည် ဦးမြနဲ့ မိခင်သည် ဒေါ်လှ" တွေချည်း ဖြစ်သွားလို့ ပါပဲ။ ဆရာမက အသီးငါးမျိုးသင်ရင် သူသင်တဲ့ ငါးမျိုးကသာ အသီးတွေဖြစ်ပြီး အခြား အသီးတွေကတော့ အသီးလည်း မဖြစ်၊ အမှတ်လည်းမရတဲ့သဘောအထိ
ဖြစ်ပျက်နေတာပါ။
နည်းနည်းလေး အတန်းရလာတော့ စာစီစာကုံး သင်တော့လည်း ထို့နည်းလည်းကောင်းပါပဲ။ အသင့်ရေးပြီး ထုတ်ဝေထားတဲ့ စာစီစာကုံးစာအုပ်ထဲက စာတွေကျက်ပြီး ရေးကြတာပါ။ ဆရာ ဆရာမတွေကလည်း ကိုယ့်စိတ်ကူးနဲ့ ကိုယ် ရေးတတ်လာအောင် သင်ပေးလေ့မရှိသလို ကျောင်းသားတွေက တတ်သလောက် ရေးလာတာကိုလည်း အမှတ်ပေးလေ့ မရှိကြပါဘူး။ ဒီလိုနည်းနဲ့ ကျောင်းသူကျောင်းသားတွေ သင်ကြားရတဲ့ သင်ခန်းစာတွေဟာ လက်
တွေ့နဲ့ ကင်းကွာသထက် ကင်းကွာလာပြီး ဘာပညာမှ မတတ်မြောက်တဲ့အနေအထား ရောက်လာတာပါ။
ဒီလိုအခြေအနေအောက်မှာ ပညာရေးဝန်ကြီးဌာနက စာကြည့်တိုက်တွေ ထူထောင်ပေးမယ်၊ e- Library တွေ ထူထောင်ပေးမယ်ဆိုတာ သတင်းကောင်းပါ။ စာကြည့်တိုက် တွေဆိုတာဟာ ဓာတ်ခွဲခန်းတွေ၊ လက်တွေ့စမ်းသပ်မှုတွေလုပ်ဖို့ ပစ္စည်းကိရိယာ တန်ဆာပလာတွေလို ကုန်ကျစရိတ် မကြီးမြင့်တဲ့အပြင် အသုံးပြုနိုင်ရင် အသုံးပြုနိုင်သလောက် ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ကြားရေးကို အထောက်အကူ ဖြစ်စေနိုင်ပြီး ဗဟုသုတနဲ့ ပြည့်စုံ၊ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း ပြည့်ဝစေနိုင်ပါတယ်။ e- Library တွေ လုပ်ပေးမယ် ဆိုတော့လည်း ဒီနေ့ ခေတ်ကာလဟာ အရင်ခေတ်ကလို သိပ်မခက်ခဲနိုင်တော့ပါဘူး။ အကြောင်းကတော့ ကွန်ပျူတာ၊ ပရိုဂျက်တာ၊ ပရင်တာ စတဲ့ အသုံးအဆောင် ပစ္စည်းတွေဟာ အရင်ဘယ်ခေတ်ကနဲ့မှ မတူ ဈေးပေါလာလို့ပဲ ဖြစ်ပါတယ်။ ပညာရေး ဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာလည်း သူတို့စုဆောင်းထားတဲ့ ဒီဂျစ်တယ် ဖိုင်တွေကို အခမဲ့ ဖြန့်ဖြူးပေးနိုင်လို့လည်း ဖြစ်ပါတယ်။
စာအုပ်စာတမ်းတွေဆိုရင်လည်း အဲလိုပါပဲ။ အခု တစ်နှစ် နှစ်နှစ်အတွင်းမှာ စာပေလွတ်လပ်ခွင့်ရလာတာနဲ့အမျှ အဖိုးတန်တဲ့ စာအုပ်ကောင်းတွေ အများကြီး ထုတ်ဝေလာကြပါတယ်။ ထုတ်ဝေနေဆဲ ဖြစ်ပါတယ်။ သတင်းစာ၊ ဂျာနယ် ထုတ်ဝေ လာမှုတွေကလည်း အားရစရာ ကောင်းလာပါတယ်။ ဒီစာအုပ်စာတမ်းတွေကို ကျောင်းသူ ကျောင်းသားတွေတင်မက ဆရာဆရာမတွေပါ ဖတ်မှတ်ကြဖို့ လိုနေပါတယ်။ ဒီအတွက် အရေးကြီးဆုံးပြဿနာက ဒီ
စာကြည့်တိုက်လိုအပ်ချက် ပြဿနာကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လေးနက်ဖို့နဲ့ သက်ဆိုင်ရာ စာသင်ကျောင်း အသီးသီးက ကျောင်းကို တာဝန်ယူတဲ့ ကျောင်းအုပ်ကြီးတွေ အထူးလေးနက်ဖို့ ဖြစ်ပါတယ်။ အထက်က တာဝန်ပေးစေခိုင်းလို့ လုပ်ရကိုင်ရတယ် ဆိုတာမျိုးထက် ကလေးတွေ ပညာရေးတင်မက ဆရာ ဆရာမတွေရဲ့ တိုးတက်ရေးအတွက်ပါ ဒီစာကြည့်တိုက်တွေ လိုအပ်တယ် ဆိုတာကို သိမြင်ခံယူဖို့ လိုပါတယ်။
အဲလို ခံယူချက်ရှိပြီဆိုရင် ကျန်တဲ့ ငွေရေးကြေးရေးအခက်အခဲနဲ့ တခြားအခက်အခဲတွေ အားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြဿနာတစ်ခုက လက်ရှိတည်ထောင်မယ့် စာကြည့်တိုက်တွေ၊ e- Library တွေဟာ အရင် စစ်အစိုးရ အဆက်ဆက်က ရှိခဲ့တဲ့ ကွန်ပျူတာခန်းတွေလို၊ Multi-Media အခန်းတွေလို အမြဲတမ်း တံခါးပိတ်မထားစေဖို့ ဖြစ်ပါတယ်။ လက်တွေ့ နေ့စဉ်အသုံးပြုနေတဲ့ လည်ပတ်နေတဲ့ စာကြည့်တိုက်တွေ၊ e- Library တွေဖြစ်နေဖို့ လိုပါတယ်။ ကျောင်းသူကျောင်းသားတွေအသုံး ပြုချငလ်ာအောင၊် အသုံး ပြုတတ်လာအောင်၊ အသုံးပြုသူများလာအောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီအခါ စက်ပစ္စည်းတွေ ချို့ယွင်းတတ်တာ၊ စာအုပ်စာတမ်းတွေ စုတ်ပြဲတာ၊ ပျောက်ဆုံးတာ စတာမျိုးတွေ လည်းကြုံရမှာ ဓမ္မတာပါပဲ။ ဒါတွေကိုစိုးရိမ်လို့ စာကြည့်တိုက်တံခါးတွေ၊ စာအုပ်ဘီရိုတွေကို အသေပိတ်ထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။
အခုဆိုရင် အင်္ဂလိပ်ဘာသာနဲ့ သင်တဲ့ ပြည်တွင်းက ပုဂ္ဂလိက စာသင်ကျောင်းတွေဆိုရင် စာကြည့်တိုက် ကောင်းကောင်းထားတာ တွေ့နိုင်ပါတယ်။ ကွန်ပျူတာနဲ့ မီနီ e- Library လေးတွေ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေ ပုံမှန်အသုံးပြုတတ်အောင် လေ့ကျင့်ပေးပါတယ်။ ကျောင်းသင်ခန်းစာတွေကို ပြင်ပစာအုပ် အကိုးအကားနဲ့ ရေးသားတင်ြပတတ်အောင် သင်ပေးပါတယ်။ အစိုးရ စာသင်ကျောင်းတွေဟာလည်း ကျောင်းသူ ကျောင်း သားတွေကို အဲဒီကျောင်းတွေနည်းတူ လုပ်ကိုင် ဆောင်ရွက်တတ်အောင် သင်ပေးဖို့ လိုပါတယ်။ ကျောင်းအုပ်ြကီး တွေအနေနဲ့ အစိုးရ ပညာရေးဝန်ကြီးဌာနက စပြီး တည်ထောင်ပေးမယ့် e- Library နဲ့ စာကြည့်တိုက်တွေ ကိုယ့်ကျောင်းမှာ ပိုပြီး ကြီးထွားလာအောင်၊ ပိုပြီး ပြည့်စုံလာအောင် ကြိုးစားဖို့ လိုပါတယ်။ ဒါမှသာ ကျောင်းသား ကျောင်းသူတွေဟာ ကြက်တူရွေးလို သင်ပေးသမျှ ပြန်ရွတ်တဲ့ အဆင့်အတန်းကနေ၊ ပြင်ပ လောကကြီးနဲ့ ဆက်စပ်တတ်တဲ့၊ စဉ်းစားဝေဖန် ပိုင်းခြား သုံးသပ်တတ်တဲ့ ပညာရေးမျိုးကို ရလာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Wednesday, October 8, 2014
ကျောင်းစာကြည့်တိုက် ရှိရမယ်-စည်သူအောင်မြင့်
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment