Friday, October 10, 2014

နိုင်ငံလုံးအဆင့် ကျောင်းသားထု အရေးပေါ်အစည်းအဝေး နိုဝင်ဘာတွင် ကျင်းပရန်စီစဉ်


မကြာသေးမီက ပြဋ္ဌာန်းလိုက်သော အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သတ်ပြီး ဆန့်ကျင်ကန့်ကွက်ရန် နိုင်ငံတစ်ဝန်း အခြေခံနှင့် အဆင့်မြင့် ကျာင်းသားသမဂ္ဂများ စုပေါင်း၍ အရေးပေါ်
အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုသီဟဝင်းတင်က ပြောကြားသည်။
အဆိုပါ ကျောင်းသားထု အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများအပြင် ပြင်ပ ကျောင်းသားအဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျောင်းသားထု အစည်းအဝေး ဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးအတွက် ကုန်ကျစရိတ်များကို အလှူငွေ ကောက်ခံသွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
အရေးပေါ် အစည်းအဝေးကို စိတ်ဝင်စားသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတိုင်းကိုလည်း ဖိတ်ခေါ်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
“တခြားနယ်ဘက်က ပညာရေးဥပဒေ (အမျိုးသားပညာရေး ဥပဒေ) နဲ့ ပတ်သက်ပြီးတော့ ဗဟုသုတပွားဖို့ စကားဝိုင်းလေးတွေ လုပ်မယ်။ ပြီးတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး အကျိုးရှိအောင် ဘယ်လိုပေါင်းပြီး ဆန့်ကျင်ကန့်ကွက်ကြမလဲ ဆွေးနွေးကြမယ်” ဟု ကိုသီဟဝင်းတင်က ရှင်းပြသည်။
မြို့နှင့် အလှမ်းဝေးသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားပညာရေး ဥပဒေအကြောင်း သိရှိစေရန် ပညာရေး ဟောပြောပွဲများ ပြုလုပ်ပြီးမှသာ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ယခုကဲ့သို့ ရှင်းပြသည်။
သို့သော် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ကျင်းပမည့်နေ့ကိုမူ အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ဗ.က.သ ကျောင်းသားများက ဆိုသည်။
ယင်းအမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်နှင့် အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ယခုလဆန်းပိုင်းက အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
“အခုချိန် အမျိုးသားပညာရေး ဥပဒေ ဘယ်သူသိလဲ ဆရာ၊ ဆရာမတွေ ဆာဗေးကောက်လို့ ရတယ်။ သိတဲ့သူက တော်တော်ရှားတယ်။ ဆရာ ဆရာမတွေကို နှိပ်ကွပ်နေတယ်ဆိုတာ ပါတဲ့အချက်တွေ မသိကြဘူး” ဟု ဆရာများသမဂ္ဂ အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ဆိုသည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက် ၂၀ ကျော်နှင့် ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
The Voice Weekly

0 comments:

Post a Comment