ချောင်းဦးမြို့နယ် ဆူးလေကုန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးသန်းလှိုင်
၂ဝ၁၄ခုနှစ်အတွက် ချီးမြှင့်မည့် လူမှုထူးချွန်ဆရာဆု သုံးဆုထဲမှ ဆုတစ်ခုကို မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်က ပထမဦးဆုံး အနေ ဖြင့် ပါဝင်ရွေးချယ်ပေးရသည့်ဖြစ်ရပ် မြန်မာပြည်တွင် အမှန် တကယ် ဖြစ်ခဲ့ပြီလား။
ပညာရေးကဏ္ဍတွင်း ထူးချွန်ပြောင်မြောက်စွာ ဖြစ်ခဲ့ သောကိစ္စရပ်များအပေါ် အချိန်ယူကာ စိစစ်ဆုံးဖြတ်လေ့ရှိ သည့်သက်တမ်း ၁၄ နှစ်ကြာ ရွေးချယ်ရေးအဖွဲ့၏ စည်း မျဉ်း ထဲသို့ ယင်းလူမှုကွန်ရက်ဖေ့စ်ဘွတ်ပါ ဝင်ရောက်ရွေးချယ်ပေး လိုက်ခြင်းဟုလည်းဆိုနိုင်သည်။
ဖေ့စ်ဘွတ်ကောင်းမှု အကြောင်းပြုပြီး စင်တော် အ ကောက်ခံလိုက်ရသူကတော့ စစ်ကိုင်းတိုင်းဒေသကြီး ချောင်း ဦးမြို့နယ် ဆူးလေကုန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးသန်းလှိုင်ပင်ဖြစ်သည်။
တာဝန်အရ တခြားအရပ်ဒေသသို့ ရွှေ့ပြောင်းရတော့မည် ဆရာဦးသန်းလှိုင်နှင့် တပည့်တပန်းတို့၏ ရသမြောက်သော ခွဲခွာမှုမြင်ကွင်းကို မှတ်တမ်းတင်ကာ ယင်း ဓာတ်ပုံများကို လူမှု ကွန်ရက်တွင် တင်ပေးခဲ့သူက ချောင်းဦးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးစောလှထွန်းပင် ဖြစ်သည်။
ဝေါမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရွှေဘ
လူမှုကွန်ရက်မှ တုံ့ပြန်မှုများကို အလေးထားလေ့ရှိသော အစိုးရအကြီး တန်းအရာရှိကြီးများက ထပ်မံဖော်ပြပေးမှုမှတစ် ဆင့် ပညာရေးဝန်ကြီးဌာနက ယင်းဖြစ်ရပ်ကို သိရှိခဲ့ပြီး ဝေါ မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးရွှေဘ၊ ကချင်ပြည်နယ် မန်စီမြို့နယ်မုံဒိန်ပါ မူလတန်းလွန် ကျောင်းအုပ်ဦးလှလူးတို့နှင့် အတူ ဆရာဦးသန်းလှိုင်ကို လူမှုထူးချွန်ဆရာဆု ချီးမြှင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၉ ရက်နေ့ကမှ လူမှုကွန်ရက်ပေါ် ယင်းဓာတ်ပုံများကို တင်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာန က အောက်တိုဘာလ ၁ ရက်နေ့တွင် ဆုရသူများကို ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ကြောင့် ယင်းဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လာသည့်အချိန်နှင့် ဆုရွေးချယ်ကြောင်း ကြေညာသည့် အချိန် သည် သုံးရက်သာ ကွာခြားသည်ကိုလည်း တွေ့ရ သည်။
ပြီးခဲ့သောနှစ်များက ပညာရေးကဏ္ဍတွင် ထူးခြားစွာ ဆောင်ရွက်ခဲ့သော ဖြစ်စဉ်တို့ကို အဖွဲ့ဖြင့် အချိန်ယူကာစိစစ်ခဲ့ သည့် နည်းလမ်းတို့ကို အသုံးပြုခဲ့သော်လည်း ယခုတစ်ခေါက် တွင်မူ ထိုဆုကို သုံးရက်အတွင်း မြန်မြန်ဆန်ဆန်ရွေးချယ်ပေး ခဲ့သော ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်သည် ယင်းဆု၏ ကြီးမြတ်မှုကို တစ်စုံတစ်ရာ သက်ရောက်မှုရှိလာမည်လားကို ပညာရေးလောကသားတို့က မေးခွန်းထုတ်လာစရာရှိနေသည်။
အဘယ်ကြောင့်ဆိုသော် အခြေခံပညာအဆင့်မှ ကိုယ် ကျိုးစွန့်ဆရာများအတွက် ရည်ရွယ်ကာ ပေးအပ်သည့် ဆုတစ် ခုဖြစ်သည့်အတွက်ကြောင့် ပေါ့ပေါ့တန် တန် ရွေး ချယ်မှု မဖြစ် စေလိုသောကြောင့် ဖြစ်သည်။
ဆုစတင်ချီးမြှင့်ခဲ့သော ၂ဝဝ၂ ခုနှစ်မှစကာ ပြီးခဲ့သောနှစ် (၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်) အထိ ရွေးချယ်ရေးဘုတ်အဖွဲ့သို့ အချက်အလက်တင်ပြပေးခဲ့သော ပညာရေး ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သူ သုတေသီဦးတင်မောင်ဝင်းက”ဆရာနဲ့တပည့် ခွဲခွာရလို့ ငိုတာက မထူးဆန်းပါဘူး။ ဘယ်သူမဆို ကိုယ်ချစ်တဲ့ ဆရာနဲ့ ခွဲရရင် ငိုတာပါပဲ၊၊ ငိုတာနဲ့ပဲ ဆုပေးရင်တော့ မေးခွန်း ထုတ်ရပါလိမ့်မယ်”ဟုဆိုသည်။
ထိုဆု၏ သတ်မှတ်ပုံစံက ပညာရေးကဏ္ဍအတွက်၊ ကျောင်း အတွက်၊ ကျောင်းသားများအတွက် ကိုယ်ကျိုးစွန့် ပေးဆပ်ခဲ့ရ သူများကို အထူးဂုဏ်ပြုခြင်း ဖြစ်သည်ဟု သိရသည်။
ထို့အတွက် ဆုချီးမြှင့်ခဲ့မှု ဆယ်စုနှစ်ကျော်တစ်လျှောက် လုံး ဆုရရှိခဲ့သူများမှာလည်း မိမိအသက်ကိုစွန့်ပြီး ကျောင်း သား၊ ကျောင်းသူများကို ကယ်တင်ခဲ့သူများ၊ တော မီးကြောင့် လောင်ကျွမ်းပြာကျရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည့် စာသင်ကျောင်းကိုစွန့်ခွာမသွားဘဲ ဦးဆောင်မီးငြှိမ်းသတ်ခဲ့ သည့် ကျောင်းဆရာ အစရှိသည့် ကိုယ်ကျိုးစွန့် ပုဂ္ဂိုလ်များသာ ဖြစ်ခဲ့ကြသည်။
ယခုတစ်နှစ်အတွက် ရွေးချယ်ခံ ဆရာသုံးယောက်အနက် နှစ်ယောက်သည် ယခင်နှစ်များက ရွေးချယ်ခဲ့သည့် ပုံစံများ အတိုင်းဖြစ်သော ကချင်ဒေသတိုက်ပွဲအတွင်းမှာပင် စာသင် ကျောင်းကို မစွန့်ခွာဘဲ ကျောင်းသားများကို ရင်အုပ်မကွာစောင့် ရှောက်ခဲ့သူတစ်ဦးနှင့် စာသင်ကျောင်းအချိန်မီ ပြီးစီးရေးအ တွက် သွားရောက်စစ်ဆေးပြီးအပြန် စစ်တောင်းမြစ်အတွင်း လှေမှောက်မှုတွင် ရေမကူးတတ်သူတို့အား ကိုယ်ကျိုးစွန့် အသက်ကယ်ခဲ့သူ ပညာရေးမှူးတစ်ဦးတို့ ပါဝင်လာသည်။
ကချင်ပြည်နယ် မန်စီမြို့နယ် မုံဒိန်ပါ မူလတန်းလွန် ကျောင်းအုပ်ဦးလှလူး
ကချင်ဒေသတိုက်ပွဲများထက် ပိုမိုပေါ်လွင်ခဲ့သော ပုံရိပ် ပိုင်ရှင် ဦးလှလူးသည် မန်စီမြို့နယ် မုံဒိန်ပါ အမကလွန်ကျောင်း အုပ်ဖြစ်သည်။
၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစကာ ဖြစ်ပွားလာသော တိုက်ပွဲများအကြားတွင် မိမိအသက်ကို ပဓာနမထားဘဲ ကျောင်း သားအားလုံးနှင့် ဆရာ၊ ဆရာမများကို ဘေး အန္တ ရာယ် ကင်း အောင် စီမံခန့်ခွဲ၍ ကယ်တင်နိုင်ခဲ့သည်ဟူသော အကြောင်း ပြချက်ဖြင့် ကချင်မှ ဆရာဦးလှလူးမှာ ဆုချီးမြှင့်ခြင်း ခံခဲ့ရ သည်။
ဆရာဦးလှလူးက ”ဆုရဖို့လုပ်ခဲ့တာမဟုတ်ဘူး။ ကလေး တွေ ထိခိုက်မှာစိုးလို့ ကျွန်တော်လုပ်ခဲ့တာ။ ဒါပဲရှိတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကေအိုင်အိုတို့ကြား တိုက်ပွဲ ကြောင့် ကျောင်းဖွင့်ချိန်၊ စာသင်နေချိန်တွင်ဖြစ်ပြီး သေနတ် သံ၊ ဗုံးပေါက်သံများကြား ထိုဆရာ၏ စာသင်ကျောင်း ကလေးက ကြား ညှပ်လို့နေချိန်၌ ကျောင်းရှိ ကလေးငယ်များအသက် အန္တရာယ် မကြုံစေဘဲကယ်ထုတ်သွားနိုင်မှုက သူ့အတွက် မထူးဆန်းတော့ပါဟု ပြောနေသော် လည်းပဲ ဆရာများကြား ထူးဆန်းလို့နေသည်။
ထို့အတူ ကလေးငယ်များအပါအဝင် ရွာသူရွာသားများ အား တိုက်ပွဲများအတွင်းမှ ဘေးလွတ်ရာသို့ ခေါ်ဆောင်နိုင်ခဲ့ သည်။
နောက်ထပ်ဆုရသူ ဝေါမြို့နယ် ဒုတိယမြို့နယ် ပညာရေး မှူး ဦးရွှေဘမှာ ၂ဝ၁၃ ခုနှစ်အတွင်းက ဝေါမြို့နယ် အပိုင်ဆင် ရွာကျေးရွာသို့ အင်ဂျင်နီယာအဖွဲ့၊ ပညာရေး အဖွဲ့တို့နှင့် စာ သင်ကျောင်း အချိန်မီပြီးပြတ်မှုရှိရေး သွားရောက်စစ်ဆေးပြီး စစ်တောင်းမြစ်ကို လှေဖြင့်ဖြတ်၍ပြန်အလာ တိမ်းမှောက်ခဲ့ရာ တွင် မိမိအသက်ကို ပဓာန မထားဘဲ ကျောင်းအုပ်ဆရာနှင့် အင်ဂျင်နီယာတစ်ဦးကို ကယ်တင်ခဲ့သည့်အတွက်ဖြစ်သည်။
”ဒီဆုချီးမြှင့်ခံရဖို့အတွက် ကျွန်တော်ကိုယ်တိုင် လျှောက် လွှာတင်တာမဟုတ်ဘူး။ မျှော်လင့်လည်းမထားဘူး” ဟု ၄င်း က ပြောသည်။
ဒီရေကြောင့် စက်လှေတိမ်းမှောက်ခဲ့မှုတွင် အသက်မသေ ဆုံးခဲ့သည့် ရေမကူးတတ်သော ကျောင်းဆရာက အထက်အ ဆင့်ဆင့်သို့ ၄င်းပင် မသိရဘဲ တင်ပြခဲ့မှုကြောင့် ယခုကဲ့သို့ ဆုရခဲ့ခြင်းပင် ဖြစ်သည်။
”လှေမှောက်တော့ ကျွန်တော်က ကမ်းကိုမသွားဘဲ ရေ လယ်မှာပဲနေပြီး ကယ်ခဲ့ပါတယ်။ ရေကူးတတ်သူတစ်ယောက် အတွက် ဒီလိုမျိုးဆောင်ရွက်နေတာဟာ ကြာ လာရင် သေနိုင်တယ်ဆိုတာ ကျွန် တော့်အတွေးထဲမှာ တစ်ချက်မြင်ခဲ့ပေ မယ့် ဒါကိုကျွန်တော် တွေးမပူတော့ဘူး။ ငါပါရဲ့သားနဲ့ ရေကူးတတ်တဲ့ ငါရှိရဲ့သား နဲ့ ငါ့အဖွဲ့ထဲက လူတစ်ယောက်သေသွား ခဲ့ရင် ငါတစ်သက်လုံး ဘယ်လိုနေထိုင်သွား မလဲဆိုတဲ့အတွေး ဝင်သွားတဲ့အတွက် ကယ်ခဲ့တယ်”ဟု ဆရာဦးရွှေဘက ပြော သည်။
ယင်းဖြစ်ရပ်နှစ်ခုစလုံးမှာ ၂ဝ၁၃ ခုနှစ်အတွင်းက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး အနိမ့်ဆုံးအားဖြင့် ဒေသတွင်းတွင် လူ သိများခဲ့သော ဖြစ်ရပ်များဖြစ်သည်။ ဆု ရွေးချယ်ရေးဘုတ် အဖွဲ့ကလည်း ယတို့ ကို သေချာစိစစ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
သို့ရာတွင် ဆရာဦးသန်းလှိုင်၏ဖြစ် ရပ်ကတော့ ဘုတ်အဖွဲ့၏စိစစ်မှုမှ ကင်း လွတ်ခဲ့သည်ဟု ယူဆရသည်။ အဘယ် ကြောင့်ဆိုသော် စိစစ်ရန် အချိန်သုံးရက် ခန့်သာ ရနိုင်သောကြောင့် ဖြစ်ပါသည်။
အလယ်တန်းပြဆရာ ဦးသန်းလှိုင်အကြောင်း ဓာတ်ပုံ စတင်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ထိုဆရာ၏အကြောင်းကို ”ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေး ရွာ၊ အမှတ် ၅၉၊ အခြေခံပညာ မူလတန်းကျောင်းတွင် ၂ဝဝ၆ မှ ၂ဝ၁၄ခုနှစ် အထိ လက်ထောက်ကျောင်းအုပ်အဖြစ် ရှစ်နှစ် ခန့်အမှုထမ်းခဲ့ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် တပည့်များ ၏ပညာရေးကို အစဉ်တစိုက် စွမ်းအားရှိသမျှ ကြိုးပမ်းဆောင် ရွက်ကာ ကျေးရွာ၏သာရေး၊ နာရေး၊ လူမှုရေး ပရဟိတလုပ်ငန်း များကို တွဲဖက်လုပ်ဆောင်ခဲ့သော ဆရာဦးသန်းလှိုင်(B.A.Geo) သည် မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့မိန့် ကျရောက်လာချိန်တွင် တပည့်များသာမက ကျေးရွာ သူ/ ကျေး ရွာသားများက နှမြောတသ ဝမ်းနည်းပြီး ခွဲခွာရမည့်အချိန်တွင် ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ကြလေသည်” ဟုဖော်ပြထားသည်။
ထို့အပြင် သမ္မတရုံးမှ ဦးဇော်ဌေး က”ဆရာဦးသန်းလှိုင်၏ ဆောင်ရွက်ချက်နှင့် ကြည်နူးဝမ်းနည်းဖွယ် မြင်ကွင်းကို ပြည် ထောင်စုပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အဆင့်ဆင့်တို့က သိရှိသွားခဲ့ပြီး (၁)ဆရာတစ်ဦးက တပည့်များအပေါ်ထားရှိ သောစေတနာ၊တပည့်များက ဆရာအပေါ်ထားရှိသော ကျေး ဇူးတရားနှင့် သံယောဇဉ်တည်း ဟူသော မြန်မာ့လူမှုအဖွဲ့အစည်း ၏ ပြယုဂ်။ (၂) ကျေးရွာလူထု သက်ကြီး၊ သက်ငယ်ပါမကျန် ကျေးရွာဖွံ့ဖြိုးရေးနှင့် ပရဟိတလုပ်ငန်းများကြောင့် ခွဲခွာ ပြောင်းရွှေ့ သွားရ သည့်အချိန်တွင် ဆရာ့အပေါ် နှမြောတသဖြစ် ကြရှာသည့် သံယောဇဉ်ကြိုးမျှင်ပြယုဂ်တို့ကို အသိအမှတ်ပြုခဲ့ ကြသည်” ဟုဖော်ပြထားသည်။
ထို့နောက် အောက်တိုဘာ ၁ ရက်နေ့တွင် ဆရာဦးသန်း လှိုင်ကို လူမှုထူးချွန်ဆရာဆု ချီးမြှင့်မည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ထို့ကြောင့် ပေါ်ပြူလာနယူးစ်က ပညာရေးဝန်ကြီးဌာနထံ မည်သည့်အချက်အလက်များအပေါ် အခြေခံကာ ရွေးချယ်ခဲ့ သနည်းကို ဆက်သွယ်မေးမြန်းရာ ခိုင်လုံပြီး တိကျပြတ်သား သော အဖြေမရခဲ့ပေ။
ဆုရွေးချယ်ရေးဘုတ်အဖွဲ့ဝင်တစ်ဦးကလည်း မူလက ယခု နှစ်အတွက် ထူးချွန်ဆုနှစ်ဆုသာ ရွေးချယ်ထားသည်ဟုဆိုပြီး ယခုထပ်တိုးဆုအတွက်ကိုမူ မှတ်ချက်ပေးစ ရာမရှိဟု ဆိုသည်။
မအူပင်တက္ကသိုလ်မှ လက်ထောက်ကထိက ဒေါက်တာ ကျော်သန်းမိုးက”ကျန်တဲ့အခြေခံဆရာ၊ ဆရာမ ၅ သိန်း ကျော် ရဲ့ ကျေနပ်မှုရှိအောင် မူဆိုတာကို အရင်ကထား ခဲ့ကြမှာပါ။ ဒီလိုပြောတာက ဟိုဆရာကိုမတော်ဘူးဆိုပြီး အပြစ်ပြောတာမဟုတ်ဘူးနော်။တာဝန်ရှိသူတွေက လုပ်ချင်ရာလုပ်တတ်ကြ လို့ပြောတာ။ သုံးရက်တည်းနဲ့ ဆုပေးလိုက်တော့ကွာ ဆိုတာ မျိုး မလုပ်သင့်ဘူးပြောတာ။ဘယ်လောက်လေ့လာပြီးပြီလဲ။ တာဝန်ရှိသူတွေအနေနဲ့ ဒါမေးရတော့မယ်။ ဒီလိုမျိုးဆရာတွေ ကရှိနေကြမှာ ပဲလေ”ဟုမှတ်ချက် ပြုသည်။
ကာယကံရှင် ဆရာဦးသန်းလှိုင်အား ပေါ်ပြူလာနယူးစ် က ယခုဆုရွေး ချယ်ခံရမှုအပေါ် မေးမြန်းရာ ၄င်းအနေဖြင့် ထိုဆုကို လုံးဝမမျှော်မှန်းခဲ့ပါဟု ပြောသည်။
”ကျွန်တော်က ကျွန်တော့်အလုပ်ကိုပဲလုပ်တာပါ” ဟု ပြောသည်။
ထိုသို့ဆိုလျှင် ပညာရေးဝန်ကြီးဌာနတွင်သာ တာဝန်ရှိနေ ပြီဟု ပညာရေးဝန်ကြီးဌာနမှ အလုပ်ဖြုတ်ခံခဲ့ရပြီး တရား လွှတ်တော်ချုပ်ရုံးက မူလရာထူးသို့ ပြန်ခန့်စေခဲ့ရ သူ ဒေါက် တာဒေါ်ကျင်ဌေးက ဆိုသည်။
”ဆရာ၊ ဆရာမတိုင်းက နာသုံးနာနဲ့ပြည့်စုံပြီးသားပါ။ အဲဒီကနေ ထူးလို့၊ ဆန်းသွားလို့၊ ပိုသွားလို့ဆိုရင်တော့ တစ်မျိုး ပါ။ ရင်းနှီးကျွမ်းဝင်မှုရှိတာနဲ့ ခွဲခွာရလို့ ငိုတဲ့ ဓာတ်ပုံကြောင့် သာဆိုရင် ဒါဟာမကောင်းပါဘူး။ ကျွန်မ ဆုရတဲ့ ဆရာအပေါ်ဘာစိတ်မှမရှိပါဘူး”ဟု သူမကပြောသည်။
မင်းသုအောင်၊ စိုင်းလမင်း
Thursday, October 9, 2014
ဖေ့စ်ဘွတ်ကောင်းမှုနှင့် မေးခွန်းထုတ်ခံနေရသည့် လူမှုထူးချွန် ဆရာဆု
Popular Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment