Monday, October 6, 2014

ရင်ထဲက ဆရာများနေ့





ဆရာဟူသည် “ဆာယာ” ဟူသော ပါဠိသက်ဝေါဟာရမှလာခြင်းဖြစ်သည်။ ဆာယာသည် အေးရိပ်ဟု အဓိပ္ပာယ်ရသည်။ တပည့်များ နားခိုစေရန် အေးမြသော အရိပ် ကို ပေးစွမ်းနိုင်သောကြောင့် ဆရာဟု ခေါ်သည်။ ဆရာသည် “ဆ” နှင့် “ရာ” ဟူသောစကားလုံးနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ “ဆ” သည် နှိုင်းဆခြင်း၊ ချိန် ဆခြင်းဖြစ်ပြီး “ရာ” မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဆောင်သည်။ ထို့ကြောင့် ဆရာဟူသည်တပည့်တို့အား နှိုင်းဆအကဲဖြတ် ပေးတတ်သူဟု အဓိပ္ပာယ်ရ ကြောင်းရှေးပညာရှင်များက ဆိုကြသည်။ လောကနီတိပျို့တွင် ဆရာတို့၏ အရိပ်သည် အေးချမ်းသာမှုကို ပေးစွမ်းကြောင်း ဖော်ကျူးခဲ့သည်။အလွန်တရာ၊ သစ်ရိပ်မှာလျှင်
ချမ်းသာသည်ထက်၊စုံမက်မြတ်နိုး
ဆွေမျိုးမိဘ၊ အရိပ်ရသော်
အေးမြသည်ပင်၊ထိုထက်လျှင် လည်း
ပဲ့ပြင်ဆရာ၊ အရိပ်မှာကား ချမ်းသာပွားဧက

မြန်မာ့အဘိဓာန်တွင် ပညာ သင်ကြားပို့ချပေးသူ၊ သွန်သင်ဆုံးမ နည်းပြသူ၊ အတတ်ပညာအရပ်ရပ်တွင် ကျွမ်းကျင်သူပုဂ္ဂိုလ်ကို ဆရာဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ဆရာသည် နှိုင်းဆချင့်ချိန်၍ ဆုံးဖြတ်တတ်သော ပညာရှိပင်ဖြစ်သည်ဟုလည်း ဆိုသည်။ မိလိန္ဒပညာကျမ်းတွင် ဆရာ့ဂုဏ်အင်္ဂါ၂၅ ပါး ပြဆိုထားရာတွင် မုတာစရိယ- သင် ဆရာ၊ ဒိဋ္ဌာစရိယ- မြင်ဆရာ၊ သုတ စရိယ- ကြားဆရာဟူ၍ ဆရာ သုံးပါးရှိ ကြောင်း၊ သင်ကြားပြသ ပေးသူသည် အာစရိယဆရာဖြစ်ပြီး ပဲ့ပြင်ဆုံးမပေး သူသည် ဥပဇ္ဈာယ် ဆရာဟု မှတ်ယူရ မည်ဖြစ်ကြောင်း ဖော်ပြပါရှိပေသည်။

မာဃဒေဝလင်္ကာသစ်တွင် မန်လည်ဆရာတော်ဘုရားက ” ရှေးရှုမေတ္တာ၊ ကရု ဏာဖြင့်၊ နာနာကျင် ကျင်၊ အပြစ်မြင် တိုင်းဝမ်းတွင်မလို၊ဟုတ်တိုင်းဆို၍ ကျိုး လိုစိတ်က ဆုံး မတတ်သူ၊ ဆရာဟူလော့” ဟူ၍ ချဉ်းကပ်သင်ယူရမည့် ဆရာစစ်ကို ပြထားခဲ့သည်။ ဆရာ၊ တပည့် ဆက်ဆံရေးအတွက် ဆရာ့ကျင့်ဝတ်ဖြစ်သည့် ” အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” နှင့်အတူ “ညီညာ ထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ် တပည့်ဝတ်၊ မချွတ်ငါးခုသာ” ဟူ၍ တပည့်ဝတ်ငါးပါးတို့ကို သင်္ဂဇာ ဆရာတော်၏ ဆုံးမစာသည် ဆရာတပည့်တိုင်း၏ အသည်းတွင်စွဲ အောင် ကျက်မှတ် ခဲ့ သည် မှာ နှစ်ပရိစ္ဆေဒများစွာကပင် တည်ရှိနေခဲ့သည်။

ဆရာတို့၏ အနစ်နာခံမှု၊ အရေးပါသော အခန်းကဏ္ဍကို ဂုဏ်ယူလို၊ အလေးထားကြလိုသည်ကြောင့် ဆရာများကို ဥယျာဉ်မှူး၊ ပန်းပုဆရာ၊ အိုးဖုတ်သ မား၊ ကျောက်သွေး သူ၊ ခြေနင်းတုံးစသည်ဖြင့် ရှေးအခါကစပြီး ယနေ့ ခေတ်တိုင်အောင် တင်စားခဲ့ကြသည်။ တင်စားဆိုနေကြဆဲ ဖြစ်သည်။ မြန်မာတို့က ဤသို့နှစ်ပေါင်းများစွာကပင် ဆရာ့ဂုဏ်၊ဆရာ့ကျေးဇူးအထူး အလေးထားခဲ့ကြသည်။

ဆရာတို့ကဏ္ဍ အဓိကကျ အရေးပါလှပုံကို ကမ္ဘာတစ်လွှားကလည်း သတိပြု အသိအမှတ်ပြုလာကြသည်။ အေးချမ်းသာယာသည့် ကမ္ဘာ့ရွာကြီးတည် ဆောက်ရေးတွင် ပညာအလင်းတံခါးဖွင့်ပေးကြသည့် ဆရာများအဓိကကျမှုကို သတိပြုအသိအမှတ်ပြုလာကြသည်။ ကုလသမဂ္ဂအဖွဲ့ခွဲဖြစ်သော ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (UNESCO)၊ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO)၊ ကုလသမဂ္ဂကလေး များရန်ပုံငွေ (UNICEF) တို့သည် ၂ဝဝ၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teacher’s Day) အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ လူ့ဘောင်အဖွဲ့အစည်းတွင် ဆရာတို့၏ အခန်း ကဏ္ဍသည် အဓိကကျ အရေးပါလှသည်ကို မီးမောင်းထိုးဂုဏ် ပြုလိုက်ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးအသီးအဖွဲ့အစည်းအသီးသီးက ဆရာများနေ့ကို ကျင်းပ ရန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရှေးပဝေသဏီကပင် ဆရာများ၏ ဂုဏ်ကျေးဇူးကို သိတတ်ခဲ့ကြသော မြန်မာများသည် နှစ်စဉ်လိုပင် ကျောင်းအလိုက်အာစရိယပူဇော်ပွဲဖြင့် ဆရာများ ပူဇော်ပွဲကျင်း ပ ဂုဏ်ပြုကြသည့် အလျောက် ကမ္ဘာ့ဆရာများနေ့တွင်လည်း ဝမ်းမြောက် စွာပင် နိုင်ငံအသီးသီးတို့ထက် နိမ့်ကျမှု မရှိသောကမ္ဘာ့ဆရာများနေ့ကိုပါဝင် ဆင် နွှဲကျင်းပကြ သည်။ဟောပြောပွဲများ၊ တေး သရုပ်ဖော်ပြပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ခြိမ့်ခြိမ့်သဲ ကျင်းပ ကြသည်။ ရေဒီယို ဇာတ်လမ်း၊ ရုပ်မြင်သံ ကြားဇာတ်လမ်း များဖြင့် ဆရာတို့အခန်း ကဏ္ဍ တန်ဖိုးကြီးမားပုံ၊ဆရာ့ဂုဏ်ကျေး ဇူးကြီးမားပုံ၊ဆရာကောင်း၊ ဆရာမြတ်တို့ ၏ အနှစ်သာရကို ဖော်ထုတ်ဂုဏ်ပြုအလေး ဂရုပြုကြ သည်။ အနန္တော၊အနန္တငါးပါးဂိုဏ်းဝင် ဆရာ တို့၏ ကျေးဇူးအား တစ်နှစ်လျှင် တစ်ရက် သာမဟုတ်၊ နေ့စဉ်နှင့်အမျှ အောက်မေ့ နေကြမည့် မြန်မာလူ မျိုးများအဖို့ ဆရာ များနေ့ကို ရင်ထဲက နေ့စဉ်ကျင်းပနေကြမည်ဖြစ်ပေသည်။

မြတ်မင်းလှိုင်

Popular Myanmar

0 comments:

Post a Comment