Saturday, October 4, 2014

နိုင်ငံရေးပါတီများအတွက် ခေါင်းဆောင်မှု အခန်းကဏ္ဍ-(ပိုက်တင်)

David Campbell ဆိုတဲ့ ပညာရှင်တစ်ယောက်က ပြောဖူးပါတယ်။ “Often the only different between chaos and a smoothly functioning operation is leadership” လို့ David Campbell ဆိုတဲ့ ပုဂ္ဂိုလ်က ပြောခဲ့ဖူးပါတယ်။ ဖရိုဖရဲ ကစဥ့်ကလျား ဖြစ်မှုနဲ့ ချောချောမွေ့မွေ့ အကောင်အထည် ပေါ်နေတဲ့ လုပ်ငန်းဆောင်တာတွေရဲ့ကြားက တစ်ခုတည်းသော ခြားနားခြင်းက ခေါင်းဆောင်မှု ဖြစ်တယ်လို့ ဆိုလိုပါတယ်။Huntington ရဲ့ နိုင်ငံရေးပါတီများ Institutionalization ဖြစ်နိုင်ဖို့ အရေးပါတဲ့ အချက်တွေထဲမှာလည်း ခေါင်းဆောင်မှု အခန်းကဏ္ဍကို ထိပ်ဆုံးကနေ ဖော်ပြထားပါတယ်။ ခေါင်းဆောင်များကို မျိုးဆက်အလိုက် စဉ်ဆက်မပြတ် အစားထိုးနိုင်ခြင်း မရှိရင် ပါတီများဟာ ဘယ်လိုမှ Institutionalize မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ခေါင်းဆောင်မှုဟာ ပါတီများရဲ့ အသက်သွေးကြော ဖြစ်သလို တိုင်းပြည်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အဲဒီပါတီများရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍက အသက်တမျှ အရေးပါပါတယ်။ ခေါင်းဆောင်မှုစွမ်းရည် မြင့်မားတဲ့ ပါတီများကသာ တိုးတက်ဖွံ့ဖြိုးမှုကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် NLD က ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် ထောက်ခံမယ်ဆိုတဲ့ သတင်းက မှန်တာ မမှန်တာထက် ဒီကိစ္စဟာ ခေါင်းဆောင်မှု ပြဿနာ ဖြစ်ပါတယ်။ ဒေါ်စုကို ဆက်ခံမယ့် NLD ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို အာရုံပိုစိုက်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်ပြီဆိုတာ မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။

NLD ပါတီရဲ့ ကောင်းကျိုးဆိုးကျိုးဟာ လူထုရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်း ကျွန်တော့်အနေနဲ့ မကြာခဏ ရေးသားခဲ့ဖူးပါတယ်။ အကြောင်းကတော့ လူထုက NLD အပေါ် များစွာ မှီခိုအားထားသလို များစွာလည်း မျှော်လင့်ထားတာကြောင့် ဖြစ်ပါတယ်။

ဒီမိုကရေစီ လိုလားသူတိုင်းကလည်း NLD ကို အောင်မြင်တဲ့ နိုင်ငံရေးပါတီအဖြစ် မြင်တွေ့လိုကြတာပါပဲ။ တော်လှန်ရေးကာလ တစ်လျှောက်လည်း ရှေ့တန်းက ပါဝင်ခဲ့သလို ဗိုလ်ချုပ်ရဲ့သမီး ဦးဆောင်တဲ့ ပါတီမို့ အားလုံးကလည်း သံယောဇဉ် ရှိကြပါတယ်။ ပါတီကို ကောင်းစေလိုတဲ့ ဆန္ဒနဲ့ ဝေဖန်ထောက်ပြကြပေမယ့် သိပ်များများစားစား လက်ခံစဉ်းစားတာ မရှိလှဘဲ ဝေဖန်ထောက်ပြသူတွေ အများစုဟာ ပါတီကို တိုက်ခိုက်သူများအဖြစ် ရှုမြင်ခံရပြီး အမုန်းခံကြရတာ များပါတယ်။ ဒါပေမဲ့ ပါတီကောင်းကျိုးက နိုင်ငံရဲ့ အနာဂတ်နဲ့ တိုက်ရိုက်ဆက်စပ် နေလေတော့ လိုအပ်တဲ့အခါ ပြောဆို ဝေဖန်နေကြရဆဲ ဖြစ်ပါတယ်။

လောလောဆယ် ဦးရွှေမန်း သမ္မတလောင်းဖြစ်ဖို့ ထောက်ခံမယ်ဆိုတဲ့ သတင်းကို NLD အနေနဲ့ ပေါ့ပေါ့ဆဆ သဘောထားဖို့ မသင့်ပါဘူး။ သတင်းဌာကို ကန့်ကွက်စာပို့ရုံနဲ့ လုံလောက်မယ် မထင်ပါဘူး။ လူထုကို ဒီထက်ပိုပြီး ထိထိရောက်ရောက် ရှင်းရှင်းလင်းလင်း တင်ပြဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် Impact က တော်တော်များမယ်လို့ ယူဆပါတယ်။ လူထုထောက်ခံမှု တော်တော်များများ ကျဆင်းနိုင်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ တစ်နှစ်ကျော်ကျော်လောက်ပဲ လိုတော့တဲ့ ခုလိုအချိန်မှာ NLD ရဲ့ သမ္မတလောင်းအဖြစ် စဉ်းစားထားတဲ့ ပုဂ္ဂိုလ်ကို အနည်းဆုံး ဒေါ်စုနဲ့ အတူတူ တွေ့ရမြင်ရတာမျိုး ရှိအောင်၊ အဲဒီသမ္မတလောင်း အပေါ် လူထုက စိတ်ဝင်စားလာအောင်၊ လေးစား ယုံကြည်လာအောင် ဆောင်ရွက်ဖို့ လိုအပ်တဲ့အချိန်ကို ရောက်နေပါပြီ။

လူထုကို စဉ်းစားချိန်မပေးဘဲ ရွေးကောက်ပွဲကာလ ရောက်မှ မဲထည့်ဖို့ ဆော်သြမယ်ဆိုရင် သိပ်မဆီလျော် လှတာကြောင့် အခုကတည်းက လူထု သိသင့်တာ သိရအောင် လူထုကို အသိပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

ဒီလိုမဟုတ်ရင်တော့ ၁။ NLD ပါတီတွင်း နက်ရှိုင်းတဲ့ သဘောထား ကွဲလွဲမှုများကို ဦးတည်နိုင်ပါတယ်။ အာဏာရ ပါတီကြီးရဲ့ ခေါင်းဆောင် တစ်ယောက်လည်းဖြစ် ဦးရွှေမန်းကိုယ်တိုင်က လူထုကျေနပ်အောင် လူထုလက်ခံအောင် ကြိုးစားနေဆဲ ဖြစ်တာနဲ့အညီ လူထုသဘောထားကလည်း ပုဂ္ဂိုလ်ရေးအရ လူကြိုက်များမှု မရှိသေးပါဘူး။

ဒီတော့ အခုဖြစ်ပေါ်နေတဲ့ သတင်းမှန်တာ မမှန်တာထက် သို့လော သို့လော စိတ်တွေက လူထုကြားမှာ တစ်နေ့တခြား တိုးပွားလာနေခြင်းက ပါတီဝင်များအပေါ် ရိုက်ခတ်မှာ သေချာပေါက် ဖြစ်ပြီး ဒီလိုဖြစ်ရင် ပါတီအတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းတဲ့ အခြေအနေ မဖြစ်နိုင်ပါဘူး။

NLD အနေနဲ့ မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်ဖို့ အချိန်ကောင်းကောင်း ရှိနေပါသေးတယ်။ ဒေါ်စုက ဦးစီးဦးဆောင် ပြုနေတုန်းမှာ လူငယ်လူလတ် ပါတီဝင်များထဲက စွမ်းရည်ရှိသူများ ပညာရေးအခြေခံ ရှိသူများကို နိုင်ငံတကာ တက္ကသိုလ်များဆီ အဆင့်မြင့်ပညာများ ဆည်းပူးဖို့ ပညာသင်စေလွှတ်ရင် နောင်ငါးနှစ်၊ ဆယ်နှစ်မှာ သေချာပေါက် အဆင်သင့် ဖြစ်နိုင်ပါတယ်။ သာမန်သင်တန်းလောက် ဒီပလိုမာလောက်နဲ့ မလုံလောက်ပါဘူး။ ဒေါ်စုရဲ့ ဂုဏ်နဲ့ နိုင်ငံတကာ ကျောင်းကြီးတွေကလည်း စကော်လာတွေပေးဖို့ အဆင်သင့် ရှိနေတာပါ။ ခေါင်းဆောင်မျိုးဆက်များ မထားရှိနိုင်ခဲ့ရင်တော့ NLD ဟာ ဒေါ်စု ခေတ်လွန်တာနဲ့ ပြိုလဲသွားနိုင်တယ်ဆိုတာ သတိပေးပါရစေ။

၂။ ပြည်ခိုင်ဖြိုးပါတီတွင်း ပြဿနာလည်း ပေါ်ပေါက်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးဟာ လက်ရှိသမ္မတရဲ့ လူကြိုက်များမှု၊ နိုင်ငံတကာ ထောက်ခံမှုကို လုံးဝ မျက်ကွယ်ပြုလို့ မရပါဘူး။ သမ္မတလောင်း ရွေးချယ်တင်မြှောက်တဲ့ အချိန်မှာ လက်ရှိသမ္မတကို သေချာပေါက်ပြန်ပြီး ရွေးချယ်တင်မြှောက် ရပါလိမ့်မယ်။ အဲသလို မဟုတ်ရင် လက်ရှိသမ္မတဟာ တပ်မတော်ရဲ့ သမ္မတလောင်း အဖြစ် ပေါ်ထွက်လာဖို့ပဲ ရှိပါတယ်။

ဦးရွှေမန်းကလည်း သမ္မတ ရည်မှန်းချက်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး NLD ကသာ ဦးရွှေမန်းကို အမှန်တကယ် ထောက်ခံလိုက်ရင် ပြည်ခိုင်ဖြိုး ပါတီမှာလည်း ပါတီတွင်း သဘောထားကွဲမှု သေချာပေါက် ဖြစ်ပေါ်နိုင်ပါတယ်။ ပါတီကြီးနှစ်ခုမှာ နက်ရှိုင်းတဲ့ ပြဿနာတွေ ပေါ်ပေါက်ရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေ သေချာပေါက် ဖြစ်လာမှာမို့ ဘယ်သူကမှ ဒီအခြေအနေကို မလိုလားပါဘူး။

၃။ တပ်မတော်အပေါ်လည်း ရိုက်ခတ်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော် အကျိုးစီးပွား မတူကြောင်း ကျွန်တော် ရေးသားခဲ့စဉ်က ကောင်းကောင်းကြီး ကျိန်ဆဲခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာ အမှန်တရားပါ။ ရေရှည်မှာမှ ထင်သာမြင်သာ ရှိမယ့်ကိစ္စမို့ လက်မခံနိုင်ကြတာသာ ဖြစ်ပါတယ်။ ဦးရွှေမန်းကိုသာ NLD က ထောက်ခံလိုက်ရင် တပ်မတော်ရဲ့ ထောက်ခံမှုကို လွှတ်တော်ထဲမှာ ဆုံးရှုံးမှာဖြစ်ပြီး တကယ်လို့ လွှတ်တော်တွင်းမှာ အနိုင်ရပြီး ဦးရွှေမန်း သမ္မတ ဖြစ်လာရင်လည်း တပ်မတော်ရဲ့ ထောက်ခံမှုကို မရရှိနိုင်တဲ့အတွက် ၂၀၁၅ အစိုးရနဲ့ တပ်မတော်ကြား ပြဿနာများ ပေါ်ပေါက်နိုင်တာကြောင့် ဒီလိုဖြစ်ရင်လည်း နိုင်ငံတော်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။

အခုထွက်ပေါ်လာတဲ့ သတင်းအတိုင်း အမှန်ဖြစ်ခဲ့ရင်လည်း လက်ရှိသမ္မတက အများကြီး အခြေအနေ ကောင်းသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တပ်မတော်၊ ပြည်ခိုင်ဖြိုး မဲအများစုနဲ့ အခြားပါတီများက မဲတွေ တော်တော်များများနဲ့ ၂၀၁၅ မှာ အေးအေးဆေးဆေး အနိုင်ရသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ NLD ကသာ ဦးရွှေမန်းကို ထောက်ခံခဲ့ရင် တိုင်းရင်းသားပါတီတွေ တော်တော်များများကလည်း ဦးသိန်းစိန်ကိုပဲ မဲပေးကြဖို့ ရှိပါတယ်။

NLD က အနိုင်ရပြီး လက်ရှိသမ္မတကိုများ သမ္မတလောင်း အဖြစ် ထောက်ခံခဲ့ရင်ရော ဆိုတဲ့ Concept ကိုလည်း ကျွန်တော် တစ်ခါရေးခဲ့ဖူးပါတယ်။ အဲသလိုပြောရင် လူရယ်စရာ ဖြစ်မယ်လို့လည်း ပြောခဲ့ပေမယ့် အခုအခါ အဲဒီထက် ထူးဆန်းတာတွေတောင် ဖြစ်လာနေတယ်လို့ ခံစားရပါတယ်။ တကယ်တော့ ၂၀၁၅ မှာ NLD ကသာ လက်ရှိသမ္မတကို ထောက်ခံပေးရင် အမျိုးသားရင်ကြားစေ့ရေး ကိစ္စလည်း တော်တော်ခရီးရောက်မှာ ဖြစ်သလို ၂၀၂၀ မှာ ဒေါ်စုသမ္မတ ဖြစ်နိုင်ရေးကိုလည်း အကြီးအကျယ် ပံ့ပိုးပေးမယ့် အနေအထား ပေါ်လာမယ်ဆိုတာ သေချာပေါက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလည်း ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ပါဘူး။ သေချာတာကတော့ NLD ရဲ့ လက်ရှိပြဿနာဟာ ခေါင်းဆောင်မှု ပြဿနာပါ။ ခေါင်းဆောင်မှု ပြဿနာကို ကျကျနန မဖြေရှင်းရင် မကြာခင်မှာဘဲ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ ပြဿနာတွေက မျှော်မှန်းတာထက်၊ တွေးထင်ယူဆထားတာထက် အများကြီး ပိုပြီးနက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာနိုင်တာမို့ NLD အနေနဲ့ နည်းလမ်းများ ရှာဖွေသင့်ကြောင်း၊ အခုထက် အများကြီး ပွင့်လင်းမြင်သာဖို့ လိုအပ်ကြောင်းနဲ့ လူထုသိအောင် ၂၀၁၅ သမ္မတလောင်းကို မိတ်ဆက်သင့်ပြီ ဖြစ်ကြောင်း တင်ပြပါတယ်။

The Voice Weekly

0 comments:

Post a Comment