မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူများကို အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်
လက်ရှိ အစိုးရသစ်လက်ထက်တွင် အရှည်ကြာဆုံး သပိတ်စခန်းဖြစ်သည့် မိကျောင်းကန်သပိတ်စခန်းမှ ပြည်သူများက မိကျောင်းကန်သပိတ်စခန်း ရက်ပေါင်း (၂ဝဝ) ပြည့်သည့် အောက်တိုဘာ ၉ ရက် (ယနေ့) တွင် ပထမဆုံးအကြိမ်အဖြစ် အစာငတ်ခံပြီး ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။“မနက် ၆ နာရီကစပြီး တစ်နေ့ကုန် အစာငတ်ခံဆန္ဒထုတ်ဖော်သွားပါမယ်။ အားလုံးရဲ့ သဘောတူညီချက်နဲ့ လုပ်တာပါ။ မြေပြန်လည်ရရှိရေးနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း ပြန်လည်လွတ်မြောက်ဖို့အတွက် ဖြစ်ပါတယ်။ တစ်မိုးတွင်းလုံး ဖြတ်သန်းလာပြီး ခုနစ်လထဲဝင်လာတော့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးပိုင်းတချို့တော့ လဲသွားမှာစိုးလို့မပါပါဘူး။ နောက်လည်း ဆက်လုပ်ဖို့ရှိပါတယ်”ဟု မိကျောင်းကန်သပိတ်စခန်းမှ ဦးမောင်မောင်က အောက်တိုဘာ ၈ ရက်က ပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် အပိုင်း ၁၊၂၊၃ ပြည်သူများက တတိယအကြိမ်မြောက် သပိတ်စခန်းအဖြစ် မတ် ၂၄ ရက်တွင်စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေးတွင် ဖွင့်လှစ်ခဲ့ကာ မတ် ၃ဝ နှင့် ၃၁ ရက်တွင် နှစ်ရက်ဆက်တိုက် သက်ဆိုင်ရာမှ အင်အားသုံးဖယ်ရှားခဲ့သော်လည်း သပိတ်စခန်းရုပ်သိမ်းခြင်းမရှိဘဲ မြေပြန်လည်ရရှိရန် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့သည်။
သပိတ်စခန်းရက်ပေါင်း ၁၉၉ ရက်တွင် တွေ့မြင်ရသည့် မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
စက်တင်ဘာ ၂ဝ ရက်တွင် ဆန္ဒပြသူအချင်းချင်း သဘောထားတိုက်ဆိုင်မှုမရှိဘဲ ဆန္ဒပြသူ ၁ဝဝ ခန့်မှာ နေအိမ်သို့ပြန်သွားကာ အကြောင်းရင်းမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လွှတ်တော်သို့တင်ပြတိုက်တွန်း ထားခြင်းကို အစိုးရအနေဖြင့် ဖြေရှင်းပေးမှုကို နေအိမ်တွင် စောင့်ကြည့်မည်ဖြစ်သောကြောင့် ဖြစ်သည်။
“ဒီသိမ်းဆည်းခံထားရတဲ့မြေရဖို့ သေမှရမယ်ဆိုရင်လည်း အသေခံပြီး လုပ်သွားပါမယ်။ ပြီးရင် ကျန်ခဲ့တဲ့သူတွေ ရမှာပေါ့လေ”ဟု အသက် (၆ဝ) အရွယ်ရှိ ဦးခင်မောင်မြင့်က ပြောကြားသည်။
လက်ရှိတွင် သက်ဆိုင်ရာမှ သပိတ်စခန်းကို အောက်တိုဘာ ၃ ရက်နောက်ဆုံးထားပြီး ဖယ်ရှားရန် စာပေးပို့ထားသော်လည်းအစိုးရအနေဖြင့် သိမ်းဆည်းခံမြေနှင့် ပတ်သက်ပြီး တိကျသည့်ဖြေရှင်းမှုမပြုလုပ်ပေးမချင်း ဖယ်ရှားပေးမည်မဟုတ်ကြောင်း သပိတ်စခန်းဖွင့်သူများက အောက်တိုဘာ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
“တာဝန်ရှိသူတွေက ဂရုလည်းမစိုက်ဘူး။ ခုနစ်လလည်းပြည့်လို့ ကျန်းမာရေး၊ စားဝတ်နေရေးလည်း ထိခိုက်လာကြပြီ။ ဒီလို အစာငတ်ခံဆန္ဒထုတ်ဖော်ရတာက ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ ပိုပြီးတော့ အလေးထားစေချင်တဲ့သဘောပါ”ဟု မိကျောင်းကန်သပိတ်စခန်းမှ အသက် (၆၇) နှစ်အရွယ်ရှိ ဒေါ်စောသိန်းက ပြောကြားသည်။
Wednesday, October 8, 2014
မိကျောင်းကန် သပိတ်စခန်းဖွင့် ပြည်သူများက သပိတ်စခန်း ရက်ပေါင်း ၂၀၀ ပြည့်နေ့တွင် ပထမဆုံးအကြိမ် အစာငတ်ခံ ဆန္ဒထုတ်ဖော်မည်
Eleven Media Group
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment