မသေချာ၊ မရေရာမှုများ
၂၀၁၅ မတိုင်မီ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ခြင်း မရှိခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတည်ငြိမ်မှု၊ လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် မသေချာမရေရာမှုများ ကြုံတွေ့လာနိုင်သည်ကို သတိပြုကြရန် လိုအပ်ပုံကို နိုင်ငံ တော်သမ္မတကြီး၏ အောက်တိုဘာလ ၁ ရက်နေ့ လစဉ်ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်လည်း မကြာသေးခင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများနှင့် တွေ့ဆုံစဉ် UNFC ၏ မူဝါဒများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဆောင် ရွက်ချက်များကို ထိခိုက်စေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဤတွင် ၂၀၁၅ ရွေးကောက်ပွဲများကိုပဲ ရွှေ့ဆိုင်းတော့မယောင်ယောင်၊ စစ်ဘက်အုပ်ချုပ်မှုကိုပဲ ပြန်ပြီး သွားတော့မယောင်ယောင် ငါ့စကားနွားရ ပြောကြသည်များလည်း ထွက်ပေါ်လာခဲ့သည်။ အလား တူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နောက်ပြန်ဆုတ်သွားမည့်အလားအလာများကို စိုးရိမ်ပူပန်စွာ ထုတ်ဖော် ပြောကြားခဲ့သည်များလည်း ထွက်ပေါ်လာခဲ့သည်။
နိုင်ငံတော်သမ္မတကြီး၏ ဆိုလိုရင်းမှာ သေချာရေရာမှုများ ကင်းဝေးနေသော ဧကန်မဲ့မှု Uncertainity နှင့် Uncertain Future ကို ဆိုလိုခြင်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားရန်အတွက် အဘက်ဘက်မှချိန်ဆ ငဲ့ကွက်ရသော စကားများ ရှိနိုင်သော်လည်း သက်ဆိုင်ရာကာယကံရှင်များ အပ်ကျမတ်ကျ နားလည်နိုင်ကြပါလိမ့်မည်။ မည်သည့်အတွက်ကြောင့် ဤစကားပြောရသည်ကိုလည်း ယင်းတို့ကိုယ်တိုင် နက်နက်နဲနဲ သိရှိသဘောပေါက်ကြပါလိမ့်မည်။
ရိုးသားမှု အဓိက
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးကို ဖော်ဆောင်ကြရာ၌ ပထမဦးဆုံး အရေးကြီးသော အချက်မှာ ရိုးသားမှု ဖြစ်ပြီး ဒုတိယ အရေးကြီးသော အချက်မှာ နားလည်မှု ဖြစ်ကာ တတိယမြောက် အရေးကြီသောအချက်မှာ ယုံကြည်မှု ပင် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ ရှေးမဆွကပင် ရှင်းလင်းပြတ်သားသော သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်သည်။ ငြိမ်းချမ်းရေး အမှန်တစ်ကယ် ရယူလိုသော စိတ်ရင်းစေတနာ ရှိရန် အရေးကြီး သည်။ အမှန်တစ်ကယ်ငြိမ်းချမ်းလိုသော စိတ်ဆန္ဒ ရှိလျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် များစွာ အငြင်းပွားနေစရာ မလိုပါ။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ဦးစွာပထမ ရပ်စဲရန် လိုအပ်သည်။ တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံရေးကိစ္စရပ်များကို ကောင်း စွာ ဆွေးနွေးညှိနှိုင်းနိုင်မည် မဟုတ်ပါ။ ယခုညှိနှိုင်းဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ဆွေးနွေးနေကြခြင်း ဖြစ်သည်ကို သတိချပ်စေလိုသည်။ နိုင်ငံရေး ကိစ္စရပ်များ၊ နိုင်ငံရေးပြဿနာများကို နောက်တစ်ဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက် ဆွေးနွေးနှိုင်းကြရဦးမည် ဖြစ်သည်။ နိုင်ငံရေးကိစ္စရပ်များကို ၂၀၁၅ မတိုင်မီ အကြေအလည် ပြီးပြတ်စေ ရန် ဆွေးနွေးနိုင်ဦးမည် မဟုတ်ပါ။ ၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်လျှင်ပင် အတော် ပင် အောင်မြင်သည် ဟု ဆိုနိုင်မည် ဖြစ်သည်။
တစ်ဖန် ယခု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်တွင် နိုင်ငံရေးကိစ္စရပ်များကို ကြိုတင်ဆွေးနွေးညှိနှိုင်း၍ အရှင်းအပြတ်ဖြတ်နိုင်ရန် မည်သို့ပင် ကြိုးစားစေကာမူ ၂၀၁၅ နောက်ပိုင်း အမှန်တစ်ကယ် နိုင်ငံရေးကိစ္စများ ဆွေးနွေးကြသောအချိန်တွင် ဤနည်းနှင်နှင် ဆက်လက်တည်ရှိနေဦး မည် ဟု တစ်ထစ်ချ ပြောကြားနိုင်မည် မဟုတ်ပေ။ ယခုလက်ရှိ အဆင့်တွင် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စ မှာ ပစ်ခတ်တိုက်လိုက်မှုများကို (၁) ရပ်မလား၊ (၂) မရပ်ချင်ဘူးလား ဟူ၍သာ ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲလိုသည့် စိတ်ဆန္ဒ (၁) ရှိသလား၊ (၂) မရှိဘူးလား သာ ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ရေးအတွက် အဆိုပါ ရွေးချယ်ခွင့် (၂)ခုကို ရွေးချယ်နိုင်ရန် အဆုံး အဖြတ်ပြုရမည့် အချိန်အခါလည်း ဖြစ်သည်။
တပ်ပေါင်းစုလား
တိုင်ရင်းသားလက်နက်ကိုင်များအနေဖြင့် တပ်ပေါင်းစုဖြင့် စုပေါင်းအရေးဆိုခြင်း Collective Bargain ဗျူဟာကို ကျင့်သုံးနေကြသည့် သတင်းများလည်း ကြားသိနေရသည်။ တပ်ပေါင်းစု၏ အသွင် သဏ္ဍန်ထက် ရည်မှန်းချက်များမှာ တောင်ပိုင်းနှင့် မြောက်ပိုင်း (၂)ပိုင်းခွဲမည့် အခြေအနေများ ဖြစ်နေလေ ရာ စိတ်မကောင်းစရာ၊ ထို့ပြင် စိုးရိမ်စရာလည်း ကောင်းနေကြောင်း တွေ့ရှိရသည်။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးမှာ လက်ရှိ လက်နက်ကိုင်၍ တိုက်ပွဲဝင်နေကြသော စစ်သည်များ ဖြစ်သည် ဟူသော ဆိုရိုး အတိုင်းပင် မျှော်တလင့်လင့် ဖြစ်နေကြသည်။ အားလုံးမျှော်လင့်နေသည့် ငြိမ်းချမ်းရေးရောင်နီ၏ နောက် တွင် အကျိုးစီးပွားများ၊ လောဘများ၊ အတ္တများ လိုက်ပါလာကြသောအခါဝယ် မျှော်လေတိုင်းဝေးရမည့် ငြိမ်းချမ်းရေးကိုသာ မြင်တွေ့ကြရပေမည်။ ငြိမ်းချမ်းရေး ရရှိခြင်း၏နောက်တွင် စွန့်လွှတ်ရမည့် အခွင့် အရေးများ၊ အကျိုးစီးပွားများ ရှိတတ်ပြီး ထိုသို့ အကျိုးစီးပွားနှင့် လောဘစိတ်များကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးတတ်ကြောင်း ပေါလ်ကော်လီယာ၏ ကမ္ဘာတစ်ဝှမ်းလေ့လာချက်များအရ သိရှိရသည်။
တပ်ပေါင်းစု ဖော်မြူလာကို ယခင်က ကျင့်သုံးခဲ့ကြဖူးသော်လည်း မည်သည့်အကြောင်းရင်းများ ကြောင့် ကျရှုံးခဲ့ရသည်ကို လေ့လာကြစေလိုသည်။ မကြာသေးခင်ကပင် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်လျက်ရှိသော အကြမ်းဖက်အဖွဲ့ အစည်းဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုသည် ရိုးသားမှုအတွက် မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့သည် မှာလည်း အမှန်တရားပင် ဖြစ်သည်။ တပ်ပေါင်းစု ဟု ဆိုရာ၌ တည်ဆဲအစိုးရနှင့် လက်ရှိတပ်မတော်ကို ဘုံရန်သူအဖြစ် သတ်မှတ်ကာ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းမည် ဟူ၍ စဉ်းစားဆောင်ရွက်ကြ မည် ဆိုပါက ကြီးစွာသော အမှားဟု ဆိုရပါလိမ့်မည်။ တပ်ပေါင်းစု ဟူသော အလံတော်အောက်ဝယ် မဆင်မခြင် ဒွေးရောယှက်တင် လျှောက်လှမ်းမည်ဆိုပါက စိတ်မကောင်းဖွယ်ရာများသာ ကြုံတွေ့ရပေ လိမ့်မည်။
ဘယ်ဟာကိုပို၊ ဘယ်ဟာကို လျှိုကြမလဲ
တစ်ဖန် ၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေး မရရှိစေလိုသော အင်အားစုများ အမှန်တစ်ကယ် ရှိနေကြ သည်ကိုလည်း တွေ့ရှိရသည်။ နိုင်ငံရေးအင်အားစုတစ်စုက ယခုဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးသည် `လက်နက်ကိုင်ငြိမ်းချမ်းရေးသာဖြစ်၍ အောင်မြင်မည်မဟုတ်´ ဟု ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ချိန် တည်းမှာပင် UNFC ၏ ညီလာခံ၌ စစ်ရေးပို၍ နိုင်ငံရေးလျှိုသော စီမံကိန်းများ ချမှတ်လာခဲ့ကြောင်း တွေ့ရှိရသည်။ နိုင်ငံရေးတွင် တိုက်ဆိုင်သည် ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ပါ။ ဤအမှန်တရားသည် အနာဂတ်၌လည်း ဆက်လက် မှန်ကန်နေဦးမည် ဖြစ်သည်။ ထို့ကြောင့်လည်း ပေါလ်ကော်လီယာက အတ္တနှင့် လောဘတို့ကို ငြိမ်းချမ်းရေး ပျက်စီးစေနိုင်သော အကြောင်းတရားများ ဟု ဖော်ထုတ်သတ်မှတ် ခဲ့ခြင်း ဖြစ်တန်ရာသည်။
တစ်ဖန် နိုင်ငံရေးအစိုးရလက်ထက်တွင်သာ ဆွေးနွေးညှိနှိုင်းကြရန် ဟူသော လျှို့ဝှက် ကတိ က၀တ်နှင့် သဘောတူညီချက်တို့သည် သန်း(၅၀)ကျော်ပြည်သူတို့၏ နောက်ကျောကို ဓါးဖြင့် ထိုးခြင်း သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးကြရာတွင် အရေးကြီးဆုံးသောအချက်မှာ ရိုးသားမှု ဟု ရှေ့တွင် ဆိုခဲ့ရခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် ရိုးသားကြရန် လိုသည်။ နိုင်ငံတည်ဆောက်ရေးတွင် ရိုးသားကြရန်လိုသည်။ သန်း(၅၀)ကျော်အတွက် ရိုးသားကြရန် လိုပါလိမ့် မည်။ ပိုလျှင် သန်း(၅၀)ကျော်အကျိုး၊ လျှိုလျှင် မိမိအဖွဲ့အစည်းအကျိုးနှင့် မိမိအတ္တ၊ လောဘများကို လျှို ကြရမည် ဖြစ်သည်။
မိမိနှင့် မိမိအဖွဲ့အစည်းတို့၏ အတ္တနှင့် လောဘတို့ကြောင့် စစ်မက်ထူပြောသောနိုင်ငံအဖြစ် ဆက် လက်ရပ်တည်နေရမည် ဆိုလျှင် သမိုင်းက ခွင့်လွှတ်မည် မဟုတ်ပေ။ မည်သို့သော လျှို့ဝှက်ချက်များပင် ဖြစ်စေ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဘွားကနဲ ပေါ်လာမည်သာ ဖြစ်သည်။ ပို၍ဆိုးသည်မှာ တပ်ပေါင်းစု လမ်းစဉ်သည် ဤနိုင်ငံ၌ မည်သည့်အခါကမျှ အောင်မြင်ခဲ့ဘူးသော လမ်းစဉ် မဟုတ်သည်ကို သတိချပ် စေလိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးနှင့် စစ်ရေး၊ မြေပေါ်နှင့် မြေအောက် ဂဏန်းလက်မ ညှပ်သည့် မဟာဗျူဟာကြောင့် တိုင်းပြည်ကို စစ်နွံအတွင်း သက်ဆင်းစေခဲ့သည်ကို ပြန်ပြောင်းဆင်ခြင် ကြရန် အရေးကြီးနေပြီ ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရလျှင် (သက်ဆိုင်သူများသို့သာ ရည်ညွှန်းပါသည်)-
● ရိုးသားမှုဖြင့်သာ ငြိမ်းချမ်းစေရာ ရောက်နိုင်သလို ရိုးသားမှုဖြင့် တည်ဆောက်သော ယုံကြည်မှု သာလျှင် အစဉ်အဆက် ခိုင်မြဲနေမည် ဖြစ်ပါကြောင်း၊
● နိုင်ငံတော်သမ္မတကြီး၏ သတိပေးမှုကို သတိပေးမှုဟု မြင်ကြပါစေလိုကြောင်း၊
● နိုင်ငံရေးကစားလွန်းလျှင် တူညီသော အကျိုးသက်ရောက်မှုများ ရရှိစေနိုင်ကြောင်း၊
● သန်း(၅၀)ကျော်သော ပြည်သူများ၏ နောက်ကျောသည် ဓါးဖြင့် ထိုးကောင်းသော အရာမဟုတ် ပါကြောင်း၊
မီးမောင်း ထိုး တင်ပြလိုက်ရပေသည်။
[Source: Democracy Today Newspaper, 9 Oct 2014]
မှူးဇော်
Wednesday, October 8, 2014
သန်း(၅၀)ကျော်၏ နောက်ကျောသို့ ဓါးဖြင့် ထိုးသူများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment