Thursday, October 2, 2014

သမ္မတ ခြိမ်းခြောက်တာလား-Written by စည်သူအောင်မြင့်

ထုံးစံအတိုင်း သမ္မတကြီးရဲ့ မိန့်ခွန်းကို အခြေတည်ပြီး မီဒီယာတွေက ပြောကြဆိုကြပြန်ပါပြီ။ ဧရာဝတီ သတင်းဌာနက “ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး” လို့ ခေါင်းစဉ် တပ်ပါတယ်။ သည်ဗွိုက်စ် သတင်းစာက “နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မှသာ နိုင်ငံရေးအသွင်ကူးပြောင်း မှု ညင်သာမည်ဟု သမ္မတပြောကြား” လို့ ခေါင်းစဉ်တပ်ပါတယ်။ မဇ္ဈိမ သတင်းစာကတော့ “အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတသတိပေး” ဆိုပြီး ခေါင်းစဉ်တပ်ပါတယ် ။ ဆဲဗင်းဒေးသတင်းစာက “အပစ်ရပ်လက်မှတ် မထိုးနိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲကို ထိခိုက်နိုင်ဟု သမ္မတပြော” လို့ ခေါင်းစဉ်တပ်ပါတယ်။ မီဒီယာတွေ အဲလို ဝေဖန် ပြောဆိုရလောက်အောင် လစဉ်ရေ ဒီယို မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန် ဘာတွေပြောခဲ့သလဲ၊ ဘယ်လိုအဓိပ္ပာယ် ကောက်ယူရမလဲ၊ သမ္မတအနေနဲ့ ဘာတွေဆက်လုပ် သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။




သမ္မတရဲ့ စက်တင်ဘာလအတွက်ပြောတဲ့ မိန့်ခွန်းမှာ လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေမှု အခြေအနေတွေနဲ့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုဆိုင်ရာ ပြဿနာ အကြောင်းအရာတွေ ပါဝင်ပါတယ်။ စောစောက တင်ပြ ခဲ့တဲ့ မီဒီယာတွေရဲ့ မျက်နှာဖုံးတင် ဝေဖန်မှုစာသားကတော့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲက စာသားပါ။ ရေဒီယို မိန့်ခွန်းထဲက စာပိုဒ်တစ်ပိုဒ်မှာ ခုလို ဖော်ပြထားပါတယ်။“အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင် စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ရေရာသေချာ စေမှာဖြစ်တဲ့ အကြောင်း ကိုလည်း သတိပြု မိစေလိုပါတယ်။ အထက်မှာ ကျွန်တော် ပြောကြားခဲ့တဲ့ အချက်များကို ပုဂ်္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဒီစကားရပ်လိုရင်းကို ရှင်းရရင် လက်ရှိ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေတယ်။ ဒါအောင်မြင်နိုင်မှ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ စနိုင်မယ်။ အဲလို စနိုင်မှ “ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံ ရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တယ်” လို့ ဆိုလိုပါတယ်။ တကယ်လို့သာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီးသာ မချုပ်ဆိုနိုင်ရင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု မရနိုင် ဘူး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပရေး မသေချာဘူး၊ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု မရေရာနိုင်ဘူး ဆိုပြီးလည်း အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။ သတင်းမီဒီယာတွေ ရေးသား ဖော်ပြနေကြတာ မှန်ပါတယ်။

သမ္မတဆီက ဒီစကား ဘယ်လိုထွက်လာတယ်၊ ဘာကြောင့် ထွက်လာသလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါ တယ်။ လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ NCCT အဖွဲ့တို့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေကြပါတယ်။

ဒီလက်မှတ်ရေးထိုးနိုင်ရေးနဲ့ ပတ်သက်ပြီး နှစ်ဖက် သံသယတွေရှိနေတာ တွေ့ရပါတယ်။ ကေအိုင်အို ခေါင်းဆောင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က အစိုးရဟာ အပစ်ရပ်ဖို့ချည်းပဲ လောပြီးလုပ်နေတယ်။ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးပွဲကို နိုင်ငံသိ၊ ကမ္ဘာသိ ပုဂ်္ဂိုလ်တွေကို အသိ သက်သေတွေ အဖြစ်ထားပြီး သူတို့ရှေ့မှာ ခမ်းခမ်းနားနား လက်မှတ်ထိုးမယ်။

အဲလို လက်မှတ်ရေးထိုးနိုင်ရင် သမ္မတ ဦးသိန်းစိန်အစိုးရ ဂုဏ်သတင်း တက်သွားမယ်။ နောက်ပိုင်း ငါတို့ လိုလားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လျစ်လျူရှုသွားနိုင်တယ်ဆိုပြီး အမြင်မကြည်လင်ကြပါဘူး။

အလားတူ အစိုးရဘက်မှာလည်း ထွက်ပေါ်လာတဲ့ အတည်မပြုနိုင်တဲ့သတင်း တွေအပေါ် အခြေခံပြီး ကေအိုင်အိုနဲ့ မြို့ပေါ် နိုင်ငံရေး ပါတီတချို့အပေါ် သံသယတွေ ရှိနေပါတယ်။ အဲဒါကတော့ ကေအိုင်အို၊ လက်နက်ကိုင်အဖွဲ့ တချို့နဲ့ မြို့ပေါ် နိုင်ငံရေးပါတီတချို့ဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို မြန်မြန်ဆန်ဆန် လက်မှတ်မထိုးစေချင်ဘူး၊ အစိုးရနဲ့စစ်တပ်ကို နိုင်ငံရေးအရ အရှုံးပေါ်စေချင်တယ်။ ဒါကြောင့် ဒီအပစ်ရပ် လက်မှတ်ရေးထိုးတာကို နောင် ၂၀၁၅ ရွေးကောက်ပွဲပြီးသည် အထိရွေ့သွား အောင်၊ ရောက်သွားအောင် အချိန်ဆွဲသွားချင်တယ်။ ငြိမ်းချမ်းရေးကို နိုင်ငံရေး အမြတ်ထုတ်ချင်တယ်ဆိုတဲ့ သံသယမျိုးဖြစ်ပါတယ်။ ဒီသံသယ ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို၊ လက်နက် ကိုင်အဖွဲ့ တချို့နဲ့ မြို့ပေါ် နိုင်ငံရေးပါတီတချို့က မမှန်ပါဘူး ဆိုပြီး ရှင်းတာလင်းတာ၊ သက်သေပြတာ မတွေ့ရပါဘူး။

ပြောရရင် နှစ်ဖက်သံသယတွေ ရှိနေရင် သံသယတွေ ရှင်းသွားအောင်၊ ယုံကြည်မှု ရလာအောင် လုပ်ဖို့လို ပါတယ်။ ဒီလို ဒီလို သတင်းတွေ ထွက်နေတယ်၊ စိုးရိမ်နေ တယ်ဆိုရင် အဲဒီစိုးရိမ်မှုတွေ မမှန်ကြောင်း ရှင်းပြကြရမှာပဲ ဖြစ်ပါတယ်။ ဒါထက် အရေးကြီးတာက သမ္မတရဲ့ လုပ်ငန်းဆောင်တာပါ။ သမ္မတ ဦးသိန်းစိန်ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးရအောင်ကြိုးစားဖို့ လိုပါတယ်။

မရသေးခင်စပ်ကြား လက်ရှိအနေအထား ပျက်ယွင်းမသွားအောင် ထိန်းသိမ်းဖို့၊ တစ်နေ့ထက် တစ်နေ့ပိုပြီး ငြိမ်းချမ်းအောင်လုပ်ဖို့ လိုပါတယ်။

အပစ်အခတ်ရပ်စဲနိုင်သည် ဖြစ်စေ၊ မရပ်စဲနိုင်သည်ဖြစ်စေ၊ နိုင်ငံရေး ဆွေးနွေး ပွဲတွေ စနိုင်သည်ဖြစ်စေ၊ မစနိုင်သည်ဖြစ်စေ၊ ၂၀၁၅ မှာ ပေးထားတဲ့ ကတိက၀တ်အတိုင်း ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ကျင်းပပေးရမယ့် တာဝန်ရှိပါတယ်။ ဒီနေရာမှာ ၂၀၁၀ တုန်းက အခြေအနေဟာ အခု လောက်မကောင်းဘူး၊ အခုလောက် တည်ငြိမ်မှု မရှိဘူးဆိုတာ ပြန်ပြောင်း သတိရသင့်ပါတယ်။

ရွေးကောက်ပွဲကနေ တစ်ဆင့် ပေါ်ပေါက်လာမယ့်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးခြင်းဆိုတဲ့ ငြင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးကိုလည်း လုပ်ကိုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါကို ပြည်သူတွေ ရော၊ ကမ္ဘာကပါ စောင့်ကြည့်နေပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုခုကို နိုင်ငံရေး ရည်မှန်းချက်အတွက် ပြန်ပေးဆွဲသလို သဘောထားမျိုး တိုင်းရင်းသားလက်နက် ကိုင်တွေ၊ မြို့ပေါ်ပါတီတချို့အနေနဲ့ မထားသင့်သလို၊ သမ္မတဘက်ကလည်း အဲလိုအလားတူ သဘောထားမျိုးထားဖို့ မသင့်လျော်ပါကြောင်း သုံးသပ်တင် ပြလိုက်ရပါတယ်။


Mizzima

0 comments:

Post a Comment