Monday, February 2, 2015

တလွဲယုံကြည် ''ရ'' သည့်အဖြေ


မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ် နာစေခြင်း မရှိပါ။
ကိုယ်တိုင် လုပ်ကိုင် တွေ့မြင်ခံစားမိတာကို ပြောမှာ။

ကျွန်မက ဗုဒ္ဓဘာသာ ကို ယုံကြည်ကိုးကွယ်သူ တစ်ယောက်ပါ။ ငယ်စဉ်ဘဝ ဒွိဟသံသယတွေနဲ့ ဆုံးဖြတ်ချက်မပိုင် ဟိုယိုင်ဒီယိုင်ဖြစ် ခဲ့တာ အမှန်ပါ။ ဟုတ်နိုးနိုး၊ ဖြစ်နိုးနိုးတွေကို မျှော်လင့် ချက်ကြီးမားစွာနဲ့ စောင့်ကြည့်ရင်း မောခဲ့ရတယ်။ အဲဒီ မောနေတဲ့ရင်က မျှော်လင့်စောင့်စားတာ ဖြစ်မလာပြန် တော့ သေချင်လောက်အောင် ထပ်မောရတယ်။ဆယ်တန်းကျောင်းသူဘဝ အစမကောင်း တော့ အနှောင်းမသေချာ ဝေဝေဝါးဝါး။ ဖတ်မှတ်ထား တဲ့စာတွေ ရသလိုလို၊ မေ့သလိုလို မဖြေနိုင်မှာ သေချာ သလောက်ဖြစ်နေပြီ။

ဒီတော့... သူလိုကိုယ်လို အဖော်ကောင်း နဲ့ စာအုပ်လေးတွေ၊ ဘောပင်လေးတွေ ယူပြီး မှန်လည်း မှန်၊ ယတြာလည်း စွမ်းတယ်ဆိုတဲ့ ဆရာမကြီးဆီရောက် ခဲ့တယ်။

ရှေ့မှာ ခပ်ကုပ်ကုပ်လေးတွေထိုင်ရင်း ဆရာမ ကြီးပြောသမျှ ရေးခြစ်မှတ်သားပြီး အိမ်ရောက်တာနဲ့ စာကျက်ရင် ''ရ'' မယ့်အချိန်တွေကိုဖဲ့...ယတြာလုပ် ရမယ့်ပစ္စည်းတွေ လိုက်ရှာရတော့တယ်။

ဥုံဖွလုပ်လာ တဲ့ဘောပင်တွေ၊ စာအုပ်တွေကို ရေမွှေးဖျန်းပြီး ဘုရား စင်ပေါ် တင်ထားလိုက်တယ်။

အိမ်မှာလာနေတဲ့ တစ်ဝမ်းကွဲညီမကလည်း ဆယ်တန်းဖြေမယ်။ နှစ်စကတည်းက စာတွေမှန်မှန် ကျက်၊ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်လာသူ။ စာရေးသူ တို့ကို စိတ်မဝင်စား၊ ချိုသည်၊ ခါးသည်လည်း မပြော။ စာ ထက် ဗေဒင်ယတြာ အားသန်နေတဲ့ စာရေးသူတို့ကို အဘွားနဲ့အဒေါ်က ''ဝိုင်း'' ထားပေးတာမို့ အထာကျ နေတယ်။

အိမ်ကို ဆရာတစ်ယောက် ရောက်လာတယ်။ သေချာတဲ့ မေးခွန်းတွေရမယ်။ ဘယ်လောက်ပေါ့။ အောင် စေချင်တဲ့အမေက ဘယ်လောက်နဲ့ပဲ ဝယ်လိုက်တယ်။

တစ်ဝမ်းကွဲညီမကို ယူဦးမလားမေးတော့ ခေါင်းခါတယ်။

''ဒီမေးခွန်း ပါမယ်ဖတ်၊ ဒါမပါဘူး မဖတ် နဲ့''ပြောလည်း သူနားမဝင်။ ''နေပေါ့...''

စာရေးသူ မဲ့ရွဲ့ပြီး မျက်စောင်းထိုးပစ်လိုက် တယ်။ ကိုယ်ကတော့ အပိုင်ပဲ။ ရထားတဲ့မေးခွန်းနဲ့ ပတ်သက်မယ့် အဖြေကိုလဲ ကျက်တယ်။ တခြား အပင် ပန်းခံပြီး ရှာမကျက်တော့ဘူး။ ဟိုနတ်ကတော်က သိပ် မှန်တာ။ ဘယ်ဆရာက ဘယ်လို၊ ဘိုးတော်တစ်ယောက် ကအပိုင်ပဲ။ ဒါဆို ရောက်အောင်သွားတယ်။ ကိုးရ၊ ပေး ရ၊ ပိုက်ဆံတွေ မုန့်ဖိုးနဲ့မကာမိဘူး။ စာမေးပွဲကြီးအောင် ဖို့အရေး သည်လောက်တော့ ရှိမှာပေါ့။ မနှမြောပါဘူး။ မန်းမှုတ်ပေးလိုက်တဲ့ စာအုပ်တွေ၊ ဘောပင်တွေ အောက် မချနဲ့၊ အောက်မကျစေနဲ့တဲ့။ ဂရုစိုက်လိုက်ရတာ...။

ပိုးပေါက်မပါတဲ့ သပြေရွက်အလယ်မှာ စာ လိမ်တွေ ရေးပေးလိုက်တယ်။ အဲဒီသပြေရွက်ကို လိပ် ပြီး အပ်ချည်လေးနဲ့ ချည်ထားတယ်။ တစ်နေ့ကို သုံးလိပ်။ တစ်ဘာသာဖြေပြီးတိုင်း ယတြာပေးတဲ့ ဆရာဆီ သွား ယူရတယ်။

သပြေလိပ်သုံးလိပ်ကို ဖန်ခွက်ထဲ ထောင် ထည့်ပြီး ဘုရားစင်ပေါ် တင်ထားရတယ်။ စာမေးပွဲဖြေ ဖို့သွားရင် ခေါင်းမှာ ထိုးစိုက်သွားရမယ်။ ဖြေဖို့ခက်နေ ရင် သပြေတစ်လိပ်ကို ဆွဲနုတ်ပြီး တောင်ဘက်ကိုပစ် လိုက်၊ မဖြေနိုင်သေးဘူးဆိုရင် နောက်တစ်လိပ်ကိုဆွဲ နုတ် မြောက်ဘက်ကို ပစ်လိုက်။

ကျန်တစ်လိပ်ကိုဖြေ ပြီး အခန်းအပြင်ထွက်ခါနီးမှာ ကိုယ့်အရှေ့ကို ပစ်လိုက် ပါတဲ့။ မခက်ပါဘူး၊ လွယ်ပါတယ်။ ကျစ်ကျစ်လျစ်လျစ် လိပ်ထားတဲ့ သွားထိုးတံသာသာ သပြေလိပ်လေး သုံး လိပ်ကိုကြည့်ပြီး အဖြေ မသိတဲ့ကြည်နူးမှုမျိုး ရနေတယ်။

''ငါ့မြေး စာမေးပွဲကြီးအောင်မှာ သေချာတယ် ဟေ့''ဟု အဘွားက ကျိန်းသေတွက်ထားပြီ။

''ဖြေတောင် မဖြေရသေးဘူး...။ အမေ့ ကို ဘယ်သူပြောတုန်း''

''နတ်ကတော်မယ်လှ ပြောတာအေ့... အောင်ကို အောင်ရမယ်တဲ့''

''ဟိုဆရာဆီကလဲ... စာမေးပွဲမှာပါမယ့် မေးခွန်းတွေရပြီးသားဆိုတော့ အောင်မှာပါ''

အဘွားနဲ့ အမေပြောစကား အပိုင်ပဲ...။စာမေးပွဲကြီး ပြီးသွားပြီ။ တစ်ဝမ်းကွဲညီမ နယ်ပြန်သွားပြီ။

''ဒီကလေးမကြည့်ရတာ အေးတိအေးစက် နဲ့ အောင်မှအောင်ပါ့မလား။ ငါတော့မထင်ပေါင်''

အောင်စာရင်းတွေ ထွက်လာပြီ။

တစ်ဝမ်း ကွဲညီမက သုံးဘာသာဂုဏ်ထူးတဲ့။

စာရေးသူနဲ့ သူလို ကိုယ်လို အဖော်ကောင်းတို့ စာအုပ်တွေ၊ ဘောပင်တွေ အောက်မကျအောင် ပေးတဲ့ယတြာတွေ...အသေအ ချာဖြစ်အောင် ဂရုစိုက် လုပ်ခဲ့ပါလျက်နဲ့...။ ။


‪TheFlowerNews‬

0 comments:

Post a Comment